စံပြ
အပိုင်း(၁၀)
06050351
"မိန်းမ…ခေါင်းမူးသေးလား.."
အမေ နှစ်ယောက်စလုံး ရှေ့မှာမို့ ဟန်မပျက်သာ ခေါင်းရမ်းဖြေသည်။
ဇော်မောင် ဖြစ်နေတဲ့ လက်ရှိ အခြေအနေကြောင့် စကားပြောဖို့ အခွင့်အရေး ရနေခြင်းဖြစ်သည်။
"မေမေ တို့ ပြန်လေ..မိုးချုပ်တော့မယ်…"
"အမလေး…တို့က ညနေကတည်းက ပြန်မလို့ပဲ…"
"ဟုတ်တယ်…သမီးရဲ့..မာမီတို့က ပြန်မလို့ကို သားက မပြန်ပါနဲ့တဲ့…သုံးလေးရက်လောက်တော့ အိမ်မှာနေပေးပါ သူအလုပ်သွားရတာ စိတ်မချလို့ပါတဲ့လေ..အ၀တ်အစားတွေတောင် သွားသယ်လာခဲ့သေးတယ်.."
ငုဝါ ဆီက မရခဲ့ဖူးသည့် အကြည့်စူးစူး တစ်ချက်ကြောင့် ဇော်မောင် ရင်ထဲ တစ်ချက်နစ်သွားသည်။
ဒီလိုမှ မဟုတ်ရင် ဒီအိမ်ကိုတောင် ၀င်ခွင့်ရမှာ မဟုတ်ဘူးလေ..။
"မိန်းမ က အားနည်းနေတာ…မောင် ကိုယ်တိုင် ကြက်ဥပေါင်းလေး လုပ်ထားတယ်…စားလိုက်ပါလား.."
"မစားဘူး.."
"ဟဲ့..သမီး…အသက်ကလည်း မငယ်တော့ဘူး…ယောက်ျားကို ဂျီကျ စိတ်ကောက်တယ်ဆိုတာ တခြားအချိန်ပဲကောင်းတယ်နော်…ကျန်းမာရေးနဲ့ ဆိုင်နေတာ..ပြဿနာမလုပ်စမ်းနဲ့..စားလိုက်.."
မေမေ က ၀င်ပြောတော့မှ ဇော်မောင့် လက်ထဲက ပန်းကန်ကို လက်လှမ်းယူသည်။
"မိန်းမ ဆေးသွင်းထားတာလေ..မောင့်ခွံ့မယ်…"
"မလိုပါဘူး.."
"စားလိုက်ပါ မိန်းမရယ်…နော်…"
"တစ်ချိန်လုံး မကြီးမငယ်နဲ့ ခွံ့ခိုင်းနေပြီးတော့..တကယ်.."
"……….."
အမေ နှစ်ယောက် စောင့်ကြည့်နေတဲ့ ကျေးဇူးကြောင့်သာ ခုလို မုန့်ခွံ့ကျွေးနိုင်ခြင်ဖြစ်ကြောင်း ဇော်မောင် သိပါသည်။
ကြက်ဥပေါင်း တစ်ဝက်လောက် အရောက်မှာ ငုဝါက အံကြိတ်ပြီး မျက်ရည်များဖြင့် မော့ကြည့်လာသည်။
ဇော်မောင် လက်တန့်သွားကာ ငြိမ်သက်လိုက်ရသည်။
"တော်ပြီ…"
"နည်းနည်းစားပါဦးလား..ဆေးတွေ.."
"၀ပြီ…"
အသံပြတ်ပေမဲ့လည်း မျက်ရည်ကို လက်ဝါးနဲ့ ပွတ်ဆွဲသုတ်လိုက်တာကြောင့် စိတ်မကောင်းဖြစ်ရပါသည်။
မောင့်အပြစ်တွေကို ဘယ်လိုများပြန်ပြင်ရမလဲ မသိတော့ဘူး အချစ်ရယ်..။
မင်း ကျေနပ်တဲ့အထိ မောင် တောင်းပန်နေပါ့မယ်..။
"ကဲ…ကဲ…နေမကောင်း မဖြစ်လိုက်နဲ့ အသည်းက ငယ်ရပြန်ပြီ…တော်တော့ ဇော်မောင်ရေ..မင်းမိန်းမ အကြောင်းလည်းသိသားပဲ..တော်ကြာနေ…အော်ငိုမှ ဒုက္ခ.."
"………"
အငယ်ဆုံး သမီးမို့ နေမကောင်းဖြစ်တာနဲ့ ဂျီကျတက်တာကို မာမီက သိနေပြီး ပြောသည်။
ဇော်မောင် ပန်းကန်ယူ့ပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။
အိမ်ထောင်ရေး ပြဿနာတွေကို မိဘတွေကို တိုင်ပြောတက်တဲ့ အကျင့်မရှိတာ သိပါသည်။
ဒိကိစ္စမှာတော့ မိဘတွေ မပါပဲ ပြန်အဆင်ပြေနိုင်ပါ့မလားတွေးရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"တစ်ယောက်တည်းအိပ်မယ်.."
"ဟင်.."
"နေမကောင်းတာ ကူးမှာ စိုးလို့…"
" ဖျားတာမှ မဟုတ်တာ…မောင်လည်း စိတ်မချဘူး…"
"ငုဝါတော့ အလုပ်ကို ခေါင်းထဲထည့် စိတ်ညစ်စရာ ရှိတော့ ယောက်ျားကို ရစ်..အမလေး..ဇော်မောင်သာ မဟုတ်ရင် သုံးရက်နဲ့ ကွဲမှာ သေချာတယ်.."
အခန်းရှေ့က မာမီ့ စကားကြောင့် ဇော်မောင် မျက်နှာပျက်သွားရသလို ငုဝါကလည်း တစ်ချက်ပြုံး၍ အကြည့်လွဲသွားသည်။
"မိန်းမ…"
"အိပ်မလို့…ရှင်နဲ့တော့ တူတူ မအိပ်နိင်ဘူး.."
"မိန်းမရယ်…မောင်ရှင်းပြတာ နားထောင်ပါဦးလား.."
"ဘာကို နားထောင်ရမှာလဲ…ရှင့်ရဲ့ ဂရုစိုက်မှုတွေနဲ့ ဖြေသိမ့်ပေးမလို့လား…မလိုဘူး…ကျွန်မလိုချင်တာ သစ္စာရှိတဲ့ ယောက်ျားကောင်း တစ်ယောက်ပါ…"
"မောင် အလိမ်ခံရတာပါ သူ့ကိုလည်း မောင်းထုတ်လိုက်ပြီ...ဟင်း..ဒီကိစ္စကိုကွာ…ဒီတိုင်း ငွေပေးပြီး ပျော်ခဲ့တာလို့ တွေးပေးလို့မရဘူးလား.."
"မရဘူး..မနက်ဖြန် ရှေ့နေ နဲ့ တိုင်ပင်ပြီးတစ်ခါတည်း ကွာရှင်းမယ်…"
"ဘာ…ဘယ်လို…"
ဇော်မောင် ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်ပေမဲ့လည်း ငုဝါက တည်ငြိမ်အေးဆေးနေသည်။
"မဖြစ်နိုင်တာကွာ..မောင် မကွာပေးနိုင်ပါဘူး.."
"ကျွန်မကလည်း ရအောင် ကွာမယ်…"
"အဲ့ကိစ္စ နောက်မှ မောင်ရအောင် ရှင်းပြပါ့မယ်..ခု နေမကောင်းတာကို အရင် ဂရုစိုက်ရမယ်…မိန်းမ အားနည်းနေတယ်…"
"ရှင် က သပ်သပ် အချိန်ဖြုန်းနေတာပဲ…"
ဇော်မောင် ဘာမှ မပြောတော့ပဲ သက်ပြင်းတစ်ချက် ချလိုက်ကာ ညဆေး တိုက်ဖို့အတွက် ပြင်ဆင်နေလိုက်သည်။
နှုတ်ခမ်းဝ ကို ဆေးလုံး ထားပေးတော့ လက်နဲ့ဆွဲယူပြီး သူ့ဟာသူ သောက်သည်။
မောင့်မိန်းမက စိတ်မကောက်တက်ဘူး ထင်ခဲ့တာ..။
စိတ်ကောက်တော့လည်း ကြောက်စရာကောင်းသား.။
ဇော်မောင် ကိုယ့်အတွေးဖြင့် ကိုယ် ဖြေသိမ့်ရင်း မသက်သာစွာ ပြုံးမိသည်။
.
"ငုဝါကော မာမီ…အလုပ်သွားပြန်ပြီလား.."
"မသွားပါဘူးဟယ်…ဒါနဲ့…ငါတို့က ဘယ်နှရက်တောင် ထပ်နေရဦးမှာလဲ….နင့်မိန်းမလည်း နေကောင်းနေပါပြီ.."
"မာမီတို့ကလည်း အိမ်မှာလည်း ဒီတိုင်းပဲကို…ဒီမှာနေတော့ ဘာဖြစ်လို့လဲ..""
"ဟဲ့...အိမ်မှာလည်း လုပ်စရာတွေ ရှိတယ်လေ…"
"ဟော..သား ပြန်လာပြီလား..ဘာတွေ ၀ယ်လာတာလဲ…"
"အဟွင်း…ကျွန်တော်တို့ ရဲ့ Ani ရောက်တော့မယ်လေ…အဲဒါ အဲ့နေ့ ပွဲလေးမှာ ၀တ်ဖို့.."
"အမလေး…နှစ်တိုင်း လုပ်နေတာပဲ…လွန်တယ်.."
"လှတယ်မလား…ဒီနှစ်က နီညိုရောင် ရွေးထားတယ်.."
"နီညိုတဲ့ မှောင်တယ်.."
'ဂါဝန်လေးကတော့ ဆန်းပါတယ်…"
"ငုဝါကို သွားပြလိုက်ဦးမယ်…"
"ယူသွားလေ.."
ဇော်မောင် အိတ်ကို ကောက်ယူပြီး အခန်းထဲကို ရောက်လာတော့ ငုဝါက စာအုပ်ဖတ်နေသည်။
"မိန်းမ…မောင် ဘာဝယ်လာလဲသိလား…"
ခုတင်ပေါ်မှာ အိတ်တင်လိုက်ပြီး ဂါဝန်လေးကို ဘူးထဲက အရင်ဆွဲထုတ်လိုက်သည်။
"ဘာအတွက်လဲ.."
"ဟင်…မောင်တို့ Ani ပွဲအတွက်လေ…"
"မလိုတော့ဘူးလေ….မေမေတို့ကို ဒီမှာ ခဏခေါ်ထားရုံနဲ့ ဒီပြဿနာပြီးသွားမှာ မဟုတ်ဘူးနော်…ကျွန်မ နေကောင်းနေပြီ…"
"မိန်းမရယ်…ဒီကိစ္စ မှာ မောင်မှားခဲ့တယ်…မိန်းမ ကျေနပ်တဲ့အထိ မောင်တောင်းပန်ပါမယ်…ကွာရှင်းဖို့တော့ လုံးဝ မဖြစ်နိုင်လို့ပါ မိန်းမရယ်…"
"ဘာလဲ…ရှင် မယား နှစ်ယောက်နဲ့ သာယာချင်တာလား.."
"အဲ့မိန်းမ နဲ့ ဘာမှ မပတ်သက်ဘူး..မောင်…မောင်..ငုဝါ ကို လက်လွှတ်မခံနိုင်ဘူး..မခွဲနိုင်တာ…"
"သွားစမ်းပါ…လူမိသွားပေမဲ့ လူသိမခံချင်သေးတာမလား.."
"မောင့် ပြောသမျှ တွေက အမှန်တွေပါ….မောင် သူ့ကို ပတ်သက်ခဲ့တာလည်း တစ်ခဏအတွက်ပါပဲ….ကိုယ်ဝန်ကို တာဝန်ယူသင့်တယ်ထင်လို့ ပတ်သက်နေပေမဲ့
လုံးဝလည်း ရင်မခုန်ခဲ့ပါဘူး.."
"ယောက်ျား မာယာ ရှင့်ဆီမှာ မရှိဘူးမှတ်နေတာ ဘယ်ဆိုးလို့လဲ ကျားဆိုတဲ့အတိုင်းပဲနော်.."
"ဟင်း…သွေးအေးသွားတဲ့အခါမှ မောင် သေချာထပ်ရှင်းပြပါ့မယ်…"
"ဘာမှ မထူးဘူး..ဆုံးဖြတ်ပြီးသား.."
"မဟုတ်သေးဘူး..ခုချိန် မိန်းမ သွေးအရမ်းပူနေတယ်…အဲလို အချိန်မှာ ဘာဆုံးဖြတ်ချက်မှ ချလို့မဖြစ်ဘူးဆိုတာ မိန်းမ သိတယ်မလား.."
"မတူဘူး..ဒါက လူဗီဇနဲ့ ဆိုင်တာ..ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး.. သိပ်အရသာ တွေ့သွားပြီမလား.."
"ကျစ်…"
"………"
"ကျွန်မ ရှေ့နေက ဒေါ်သီတာပဲ…ရှင့်ဘက်ကလည်း အဆင်သင့်လုပ်ထား.."
"ငုဝါ…မောင် လုံးဝ လက်မခံဘူးနော်…မောင်တို့ Ani ကို အရင်အတိုင်း လုပ်မယ်..နောက်ပြီးရင် ခရီးထွက်မယ်…ဒါပဲ…"
"နင်က အရူးပဲ…ဘာမှ မဖြစ်သလို နေနိုင်တာ တကယ်အံသြတယ်…ငါက နင်လို ဟန်ဆောင်မကောင်းဘူး…ဘာပွဲမှ မလုပ်ဘူး..ဒီလထဲမှာ ကွာရှင်းဖို့ကိစ္စ တစ်ခုပဲ ပွဲရှိလိမ့်မယ်.."
ဇော်မောင် ကိုင်ထားတဲ့ ဂါဝန်ကို ပုတ်ထုတ်ပြီး အခန်းထဲက ထွက်သွားတော့ သက်ပြင်းတစ်ချက် ချမိသည်။
.
"မင်္ဂလာပါ အစ်မ…"
ငုဝါ ရှေ့မှာ နှုတ်ဆက်တဲ့ကောင်မလေးကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
မိန်းမချင်း ရန်ဖြစ်ရလောက်အောင်လည်း မတန်ပါဘူး..။
ကောင်မလေးက ငယ်ငယ်လေးပဲ..။
တန်ဖိုးမကြီးတဲ့ သာမန်အ၀တ်အစား ၀တ်ထားတာတောင် ကိုယ်ခန္ဓာနဲ့ လိုက်ဖက်နေသည်။
"ညီမ နာမည်က ဧကရီပါ.."
ဘယ်လောက်တောင် ထူးဆန်းတဲ့ နာမည်လဲ..။
မောင်က ကိုယ့်ကို အမြဲ ဒီလို သုံးနှုန်းပြီး ချစ်ပြခဲ့သေးသည်။
"အစ်မက အပြင်မှာ ပိုချောတယ်နော်.."
"တို့မှာ အချိန်မရှိဘူး..မင်းတွေ့ချင်တယ်ဆိုလို့ မီတင်ကို အချိန်ရွေ့ထားရတယ်…မင်းကို မင်းလူက ဘာတွေ ပြောခိုင်းလိုက်လို့လဲ.."
"ရှင်….အကို က ဘာမှ မပြောခိုင်းပါဘူး..အစ်မ နဲ့ တွေ့လိုက်ပါ လို့ ပြောလို့ လာတွေ့တာပါ…"
"ဟုတ်တယ်..မင်းနဲ့ တွေ့ပြီး ပြောတာ နားထောင်ပေးပါလို့ တို့ကို အကြိမ်ကြိမ် တောင်းပန်နေလို့ ခုလို လက်ခံတွေ့လိုက်တာ တွေ့စရာ အကြောင်းတော့ မရှိပါဘူး.."
"ဒီကိစ္စ ဖြစ်သမျှ က ညီမပဲ မှားတာပါ…"
"ဒါက တစ်ဖက်လှည့်နဲ့ ဟီးရိုး ၀င်လုပ်တာလား…"
"မဟုတ်ပါဘူး..ညီမ မရှက်တမ်း ပြောပြပါ့မယ်…ညီမ က ဘ၀ အခြေအနေအရ မကောင်းတာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်…ပထမဆုံး ညမှာ အစ်ကိုက ညမ ကို ပိုက်ဆံပေးပြီး ဘာမှ လည်း မလုပ်ပဲ ကူညီခဲ့တယ်..ဒါကြောင့် ဒီဘ၀ဆိုးက လွတ်မြှောက်ခဲ့တယ်…အကို့ကို မြင်မြင်ချင်း ညီမ အရမ်းချစ်မိသွားတယ်…အကို့အကြောင်းတွေ စုံစမ်းခဲ့တယ်…အကိုက အစ်မကို သိပ်ချစ်တဲ့ အကြောင်းတွေလည်း သိပါတယ်…အကိုကို့ ပိုစွဲလမ်းလာတယ်…အကို ချမ်းသာတာကြောင့်လည်း ပါတယ်..နောက်ပြီး ညီမရဲ့ မိဘတွေက ငယ်ငယ်ကတည်းက ကွဲနေတာပါ…အရမ်းချစ်တက်တဲ့ ယောက်ျားမျိုးကိုလိုချင်တယ်…အကို က အရမ်းချစ်တာ သိတော့ ညီမနဲ့သာ ပတ်သက်လာရင် ညီမကိုလည်း အဲလို ချစ်ပေးမယ် ထင်ခဲ့တယ်…အဲဒါကြောင့် ကိုခိုင်ဝင်းဆိုင်မှာပဲ ဧည့်ကြိုဆက်လုပ်နေခဲ့တယ်…အကို ရောက်လာတဲ့ ညတုန်းက ဆေးခပ်လိုက်တာ တွေ့လို့ တမင်လိုက်သွားခဲ့တာပါ..အကို့ကို ပိုင်ဆိုင်ချင်လို့ပါ..နောက်ပြီး အကိုနဲ့ တွေ့ဖို့အကြောင်းတစ်ခု ရှာလိုက်တာပါ…အကိုနဲ့ ညီမ မှားခဲ့ပေမဲ့ အကို က ပိုက်ဆံပေးပြီး ပြန်သွားတယ်..နောက်ပိုင်းလည်း တွေ့လို့မရတော့ဘူး…ညီမ အကို့ကို စွဲလမ်းတယ်..အကို့ကို ချစ်တယ်…အဲဒါကြောင့်ပိုက်ဆံလိုတယ်ပြောပြီး ခဏခဏ ချေးတယ်..အကိုက ပိုက်ဆံပေးပေမဲ့ လာမတွေ့ဘူး…ဘယ်လိုမှ လုပ်မရဘူးဆိုတာ သိလိုက်တော့ ကိုယ်ဝန်ရှိတယ်လို့ ညာပြောဖို့ ဆုံးဖြတ်လိုက်တယ်…အကို က တာဝန်ယူမယ်…ကလေးမွေးပြီး ထားခဲ့ရမယ်ဆိုပြီး အခန်းတစ်ခု ငှားပေးခဲ့တယ်….အခန်းကို လိုအပ်တာတွေ တစ်ပတ်တစ်ခါ လာပို့တယ်..တစ်ခါတည်းပဲ အိမ်ထဲ ၀င်ဖူးတာပါ…နောက်ပြီး ညီမ တောင်းဆိုလွန်းလို့ ထမင်းသုပ်ကျွေးတာ တစ်ခါပဲ စားဖူးတာပါ..ဒါတွေ ဘာလို့ လာရှင်းပြရလဲ ဆိုတော့ အကို…အကိုက ညီမကို လုံးဝမချစ်ဘူးဆိုတာ သိလိုက်လို့ပါ..အကို ချစ်တာ အစ်မပဲ …အချစ်ကို လုယူလို့ကော လုပ်ယူလို့ကော မရနိုင်ဘူးဆိုတာ ညီမ သိလိုက်ရပါပြီ…ညီမ ရဲ့ လုပ်ရပ်တွေ အတွက် ညီမ တောင်းပန်ပါတယ်…အကို့မှာ အပြစ်မရှိပါဘူး..ညီမရဲ့ အမှားအတွက် အမ ကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်…တရားစွဲလည်း ခံပါ့မယ်…"
"တို့ အချိန်တွေ တော်တော် ပေးလိုက်ပြီးပါပြီ…မင်း ပြန်လို့ရပါပြီ.."
"အကို က အစ်မ ကို အရမ်းချစ်တာပါ…အမကို အရမ်းချစ်တဲ့သူကို အမ ကံကောင်းလို့ အနားမှာ ရှိနေခွင့်ရတာပါ…"
"တို့ရဲ့ ကံကောင်းမှုတွေက မင်းနဲ့သူ တွေ့ကတည်းက ပျောက်ဆုံးသွားခဲ့ပါပြီ…မင်းကို တစ်ခုတော့ ချီးကျူးတယ်သိလား…စုံလုံးကန်း အချစ်မျိုးကို သတ္တိရှိရှိ လာပြောရဲတယ်လေ…"
"ညီမတောင်းပန်ပါတယ်…"
"မင်း ငါ့ကို တောင်းပန်စရာမလိုပါဘူး..မင်းကြောင့် ငါ ဘာမှ မနစ်နာသွားပါဘူး..လုယုတ်မာ တစ်ယောက် အနားမှာ မရှိတော့ စိတ်သက်သာသွားတာပေါ့…ကျေးဇူးတောင် တင်ရဦးမယ်.."
"အမ..အကိုက အစ်မကို တကယ်ချစ်တာပါ…အမ အထင်လွဲနေတာပါ…"
"………"
ငုဝါ လက်ထောင်ပြလိုက်ပြီး လက်ညွန်ပြလိုက်တော့ ခုံက ဖြည်းဖြည်းထကာ တံခါးဆီ လျှောက်သွားသည်။
"အမက သိပ်ကံကောင်းတဲ့ မိန်းကလေး တစ်ယောက်ပါ…"
"…………."
ငုဝါ သက်ပြင်းတစ်ချက် ချလိုက်ပြီး စားပွဲပေါ် ခေါင်းမှောက်ထားလိုက်သည်။
.
"မိန်းမ ထမင်းစားကြမယ်လေ.."
"ငါ စားပြီးပြီ.."
ငုဝါ ပြတ်သားစွာ ပြောလိုက်ပြီး စာအုပ်ကိုပဲ ဖတ်နေတော့ အနားမှာ မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး မျက်နှာကို ငေးကြည့်နေသည်။
စိတ်ထဲ အဆင်မပြေပေမဲ့လည်း စာအုပ်ကိုပဲ ကြည့်နေမိသည်။
"မောင် တို့ အတူတူ မစားတာ ကြာပြီ…အရင်တုန်းက မိန်းမ စိတ်ကောက်ရင်တောင် မောင် ခွံ့ပေးရင် စားတယ်လေ…"
"စိတ်ကောက်တာနဲ့ စိတ်ကုန်တာကို နင်မခွဲတက်ဘူးလား.."
"ဟင်း…ဘာပဲဖြစ်ဖြစ်…မောင်တော့ ခွံ့မှာပဲ…ယူခဲ့မယ်.."
ငုဝါ ကို ပြောချင်ရာ ပြောပြီး လုပ်ချင်ရာ လုပ်တော့မဲ့ သူ့ကျောပြင်ကို ငေးကြည့်ရင်း မျက်ရည်စို့လာသည်။
ထင်ထားတဲ့အတိုင်းပင် ထမင်းပန်းကန် ကိုင်ကာ အနားမှာ ထိုင်ပြီး ပါးစပ် အနားကို ဇွန်းလိုက်ကပ်နေတော့ မျက်ထောင့်နဲ့ ကြည့်လိုက်သည်။
မာမီတို့ ရှိတုန်းကတော့ မစားချင်ပဲ မြိုချပေးခဲ့ရသည်။
သူ့ဂရုစိုက်မှုတွေကို ခါးသီးစွာဖြင့် လက်ခံနေခဲ့ရသည်။
ဒီနေ့တော့ မာမီတို့လည်း ပြန်သွားပြီ..။
"မစားဘူးလို့ ပြောနေတယ်…"
"တစ်လုပ်ပဲလေ…မိန်းမ ကြိုက်တဲ့ သံပုရာသီးစိပ်လေး ပါတယ်လေ…မွှေးနေတာပဲ.."
သူ လုပ်နေကျ အပြုအမှု ဆိုပေမဲ့လည်း ငုဝါ စိတ်ထဲမှာ ရွံ့ရှာလာသည်။
ဒီလို မျက်နှာပေး ဒီလို အပြုံးနဲ့ ဟိုကောင်မလေးကိုလည်း ထမင်းခွံ့ပေးခဲ့မှာပါပဲ..။
ဟုတ်တယ်..သူက သိပ်ချစ်ပြတက်တဲ့ ယောက်ကျား..။
အဲလို အပြုအစု အကြင်အနာတွေနဲ့ မိန်းမ ငယ်ငယ်လေးကို အပိုင်သိမ်းလိုက်တာနေမှာပေါ့..။
ကောင်မလေး က အချစ်စိတ်မွန်ပြီး သူခံစားရမှာ စိုးရိမ်နေတာ.။
သူ့အတွက်ဆို မိန်းကလေး သိက္ခာနဲ့ အရှက်တောင် မငှဲ့ပဲ တကူးတကန့် လာရှင်းပြသွားသည်။
ငါချက်တာတွေ မစားနိုင်အောင် သူတို့ ထမင်းလက်ဆုံ စားကြသေးသည်။
မိန်းမ တစ်ယောက်နဲ့ အိပ်ပြီး ပြန်လာတဲ့အခါ ငါ့ကို ရင်ခွင်ထဲ ထည့်သိပ်ခဲ့တာပဲ.။
ရွံစရာကောင်းလိုက်တာ..။
ရှက်စရာ ကောင်းလိုက်တာ..။
မိန်းမရယ်လို့ ပါးစပ်ကမချပဲ ချစ်ပြနေတာ ငါ တစ်ယောက်တည်းမှ မဟုတ်တာပဲ..
ညဘက်မှာ ငါ့ကို ရင်ခွင်ထဲ ထည့်ထားပြီး နေ့ခင်းပိုင်း သာယာ ခဲ့ကြတာတွေ ပြန်တွေးနေတာလည်း ဖြစ်နိုင်တာပဲ..။
ငါကသာ ဘာမှ မသိတာ သူတို့ကတော့ ရယ်မောနေမှာပဲ..။
ငါ့နှုတ်ခမ်း…ငါ့ပါး….ငါ့တစ်ကိုယ်လုံး…အိုး..။
"ခွမ်း.."
ငုဝါ ရှေ့က ထမင်းပန်းကန်ကို ရိုက်ထုတ်လိုက်တော့ ကွဲသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ဟင်း…မိန်းမ ဘယ်လို ခံစားနေရလဲ မောင်နားလည်ပါတယ်…စိတ်ပြေတဲ့အထိလည်း မောင်စောင့်နိုင်တယ်…သည်းခံနိုင်ပါတယ်.."
"မလိုဘူး…ကွာရှင်းဖို့ မြန်မြန် လုပ်ပေးပါ…"
"မောင်လက်မခံဘူးလို့ ပြောပြီးသားလေ…မောင့်သိက္ခာကော ငုဝါ သိက္ခာကော…မိဘတွေသိက္ခာလည်း ရှိသေးတယ်.."
"ဟွန့်…သိက္ခာကို ငှဲ့ပြီး လူယုတ်မာ တစ်ယောက်နဲ့ ပေါင်းနေရအောင် ငါ ငတုံးမဟုတ်ဘူး.."
"သိက္ခာကြောင့်ပဲ မဟုတ်ဘူး..မင်းကို မောင် အရမ်းချစ်လို့..မစွန့်လွှတ်နိုင်လို့ မင်းနဲ့ ဝေးပြီး မနေနိုင်လို့ မောင် တောင်းပန်နေတာပါ…"
"အရူး….အရူးကောင်…ပိုက်ဆံပေးပြီး မိန်းမတွေနဲ့ နေ့တိုင်း နေလည်း ငါ နားလည်ပေးနိုင်တယ်…တစ်အိုးတစ်အိမ် ထူတောင်ပြီး မယားငယ်ထားတာ…စကားတမျိုးကို လျှာနှစ်ခွနဲ့ သုံးပြီး မယားပြိုင်ထားတာ အဲလို ကောင်မျိုးရဲ့ အပြုအစု အကြင်အနာကို ဘ၀င်လေဟပ်နေမိတဲ့ ငါ့ကိုယ်ငါ သိပ်ရွံ့တယ် မုန်းတယ်…..နင်ပါးစပ်က ဘာစကားထွက်လာလာ မယုံနိုင်တော့ဘူး..စကားလုံးတိုင်းက အချိန်တိုင်းမှာ သစ္စာဖောက်ခံနေရတာ …ဒါကို နင်နဲ့ ငါ ဘယ်လို တူတူနေနိုင်မှာလဲ..ဘယ်လို ပတ်သက်နိုင်မှာလဲ…ငါ့နေရာမှာ နင်ဆိုရင်ကော…နင်ဆိုရင်ကော…ဒီတိုင်း..ဒီတိုင်း ဘာမှ မဖြစ်ခဲ့သလို ဆက်နေနိုင်မှာလား…အရူးရဲ့….အီး…"
ငုဝါ ရှေ့မှာ ရပ်နေတဲ့ သူ့ရင်ဘတ်ကို အားဖြင့် ထုရိုက်ရင်း အော်ငိုမိသည်။
လက်မောင်းတွေကို ဖေးကိုင်ထားပေမဲ့ ရုန်းထွက်လိုက်ပြီး နောက်ကို ဆုတ်လိုက်သည်။
"ငါ့ကို ကွာရှင်းပေးပါ…ငါ တောင်းပန်ပါတယ်…ငါ့ …ငါ့နေ့ရက်တိုင်း ပူလောင် ပင်ပန်းနေတာ ငါ မခံစားနိုင်တော့ဘူး…"
"…………."
ငုဝါကို ဘာမှ မပြောတော့ပဲ ပန်းကန် အကွဲတွေကို ငုံ့ကောက်နေတဲ့ သူ့ကျောပြင်ကို ကြည့်ရင်း မျက်ရည်တွေ စီးကျလာသည်။

YOU ARE READING
စံပြ
Short Storyစာမရေးချင်ဘူး စာရေးချင်တယ် တနေ့ကို ခြောက်ခါလောက် ဂေါက်ကြောင်ဖြစ်ပြီး လျှောက်ရေးထားတဲ့စာတွေကို မဖတ်စေချင်ဘူး ဖတ်ပေးတယ် ဆိုတော့လည်း ကျေးဇူးအထူးတင်ရပါတယ်။ ခံစားမှု အာရုံ အပြောင်းအလဲ ဖြစ်တာပေါ့လေ။ အစစ အရာရာ ဂရုစိုက်ကြပါနော်။