စံပြ
အပိုင်း(၇)
06040537
"မိန်းမ ဆေးသောက်ရမယ်နော်.."
"အင်းပါ..မောင်ရယ်…မောင်ကလည်း ငုဝါ နေမကောင်းဖြစ်တာနဲ့ ဆရာဝန်ထက် ဆိုးတယ်..ဆေးတိုက်လိုက် အစားကျွေးလိုက်နဲ့ မစားချင်ပါဘူးဆို…"
"ဟင်း…မောင် ဘယ်လောက် စိတ်ပူနေလဲ မိန်းမ မသိဘူးလား.."
"ရိုးရိုး ဖျားတာလေးကိုပဲ…ခဏနေမှ ဆေးသောက်မယ်နော်…မောင်…နော်လို့…"
"အိုကေလေ…နေဦး.."
ဇော်မောင် လက်မှာ ၀တ်ထားတဲ့ နာရီကို တစ်ချက် ကြည့်ပြီး ခေါင်းညိတ်လိုက်ကာ
"နောက် ဆယ်ငါးမိနစ်နေရင်သောက်ရမယ်နော်.."
"ဟုတ်."
"ဖုန်းကြည့်မနေနဲ့ဦး.."
"အင်းပါ…"
ဇော်မောင် သတိပေးပြီးနောက် ကော်ဖီပန်းကန်ကို ကိုင်ကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
ဆွေမျိုးမကင်းသည့် ဒေါ်ကြီးတစ်ယောက်က မနက်ပိုင်း အိမ်မှာ လာကူပြီးရင် မေမေတို့ဆီမှာ ပြန်နေသည်။
ဇော်မောင် ကော်ဖီပန်းကန်တွေ ရေဆေးနေချိန် ဖုန်းက မက်ဆေ့ဝင်လာသည်။
လက်သုတ်ပြီး ဖုန်းကိုယူကြည့်လိုက်ချိန် မျက်ခုံးတွန့်သွားသည်။
ဒေါ်ရီဆိုတဲ့ ဖုန်းက စတားလေးခု ပို့ထားတော့ ဘာဖြစ်ပြန်ပြီလဲ တွေးမိသည်။
ဘာမှ မဖြစ်ပဲတော့ ဒီလို မပို့ရဲပါဘူး..။
ဒါပေမဲ့ အခုက သွားလို့ အဆင်မပြေဘူး..။
ငုဝါက နေမကောင်းရင် အလိုလို စိတ်မကောင်းဖြစ်ပြီး ကြောက်နေတက်တာ..။
ဇော်မောင် အပြေးအလွှား စဉ်းစားရင်း ဒီကိစ္စမှာ ပတ်သက်ခဲ့သည့် ခိုင်ဝင်းကိုသာ အားကိုးရတော့မည်။
ခိုင်ဝင်းကို ဖုန်းဆက်လိုက်တော့ တော်တော် နဲ့ မကိုင်..။
ဇော်မောင် တစ်ကြိမ်မျှ မလုပ်ဖူးသည့် ကိစ္စ ကို လုပ်နေရပြီ.။
ငုဝါ အခန်းတံခါးကို ပိတ်ထားပေမဲ့လည်း ၀ရန်တာ အပြင်ထွက်ကာ တံခါးပြန်ပိတ်ပြီး ဖုန်းပြောရသည်။
ခိုင်ဝင်းကို အလွယ်တကူ သဘောပေါက်အောင်သာ ပြောပြလိုက်ပေမဲ့ စိတ်ထဲမှာတော့ ရှုပ်ထွေးနေရသည်။
"မောင်…."
"ဟင်…."
"…………."
"ဒါပဲ..မနက်ဖြန်မှ ငါထပ်ပြောမယ်ကွာ.."
"……….."
"ငုဝါက မောင်သွားပြီ ထင်လို့.."
"မသွားပါဘူး..မိန်းမရယ်….မောင် အလုပ်ကိစ္စ ဖုန်းပြောနေတာ မိန်းမ အိပ်နေတာ နိုးမှာစိုးလို့…"
"မောင်ကလည်း ပိုလိုက်တာ..ဒီလောက် အသံလုံနေတာကိုပဲ…မောင် မရှိဘူးထင်ပြီး လန့်သွားတာပဲ.."
"မောင် က မောင့်မိန်းမနေမကောင်းတာကို အပြင်သွားပါ့မလား…တဖ၀ါးမှ မခွာနိုင်ပါဘူးဗျာ…လာ..လာ…အပြင်လေအေးတယ်…"
ငုဝါ ရဲ့ အနွေးထည်လေးကို ကြယ်သီးတပ်ပေးပြီး ပခုံးကို ဖက်ကာ တွဲခေါ်လာခဲ့လိုက်သည်။
ဆေးသောက်ချိန် နည်းနည်းကွာသွားတော့ အဖျားက ပြန်တက်လာသည်။
အပူရှိန် ရှိနေသည့် ငုဝါနဖူးကို ရေ၀တ် တင်ပေးရင်း စိတ်ပူရပါသည်။
"မောင်…မောင်ရယ်…."
"မောင် ရှိတယ်လေ…မိန်းမ…မောင်ရှိတယ်နော်…"
"အင်း…"
မျက်ခုံးလေး တွန့်ကာ အိပ်ပျော်နေတဲ့ ချစ်ဇနီးကို ကြည့်ရင်း ဇော်မောင် သက်ပြင်းချမိသည်။
ဆရာဝန်က မကြာသေးခင်ကမှ ပြန်သွားတာ..။
ဆေးမထိုးချင်ဘူးဆိုပြီး ဂျီတိုက်ထားတော့ သောက်ဆေးပဲ ပေးသွားတာလေ..။
ထပ်ခေါ်လို့လည်း မကောင်းတော့ ရင်ပူရင်းဖြင့် ရေ၀တ်တွေသာ ကပ်ပေးရင်း အဖျားကျသွားအောင် ကြိုးစားနေရသည်။
.
"ဘယ်လိုဖြစ်တာလဲ…မင်းက လပေးငှားလိုက်တယ်ပေါ့..ငါ့တောင် မပြောဘူးကွာ…ဒါကြောင့် အဲ့ဟာမလေး အလုပ်ထွက်သွားတာကိုး..ဒါတော့ မင်း ငါ့ကို ကျော်တာပဲ..ဇော်မောင်.."
"ကျစ်..မဟုတ်ပါဘူးကွာ…ငါ က အဲလို လုပ်စရာလား..လိုလည်းမလိုဘူး..ခုက တခြားကိစ္စကြောင့်ပါ.."
"ကောင်မလေးကို ကူညီရုံသပ်သပ် ကယ်တင်ထားတာ ဆိုလည်း အခန်းတွေ ဘာတွေ ငှားထားရလောက်အောင်တော့ စေတနာ မကောင်းသင့်ဘူးထင်တယ်နော်…ဟိုဟာမလေး ငါ့ကို ပြောတယ်…မင်း က လိုအပ်တာတွေ ၀ယ်လာပေးတယ်တဲ့…မြတ်နိုးကတောင် မင်းကို မထင်ထားဘူး ပြောနေတယ်.."
"ဟမ်…မြတ်နိုးသိတယ် ဟလား.."
ဇော်မောင် မျက်လုံးပြူး ရင်တုန် သွားကာ ဆံပင်တွေလည်း အလိုလို ထောင်သွားသလို ရှိသည်။
"အေးလေ….မင်းဟာမလေးက သတိလစ်နေတော့ မိန်းမ ဆရာဝန်ခေါ်ရတယ်..မိန်းမ တစ်ယောက်ပါမှ လိုက်ရဲမှာပေါ့ကွ…"
"ကျစ်…နေပါဦး..သူက ဘာဖြစ်တာလဲ.."
"သြော်…အေး…မေးဖော် ရသေးတယ်နော်…လက်ကို ဓားထိပြီး သွေးထွက်တာ..သွေးအားနည်းနေတော့ မူးလဲတာပါ…"
"များလား.."
"မများဘူး..သွေးအားနည်းနေလို့ ဆေးထိုးပေးသွားတယ်…ထားပါဦး…မင်းက ဘာကိစ္စ ဒီအရှုပ်တွေ လုပ်နေတာလဲ…ဇော်မောင်…ငါ့လိုကောင်ဆိုရင်တော့ ထားပါတော့ကွာ…ငါတို့အထဲမှာ မင်းက မိန်းမ ကိစ္စ အရှင်းဆုံးလေ…"
"ဟင်း..မဖြစ်မနေမို့ ပတ်သက်နေရတာပါကွာ.."
"အဲဒါ ဘယ်လို ပတ်သက်တာလဲ…မင်းက ငါ့ကိုလည်း မပြောချင်ဘူးထင်တယ်.."
"မဟုတ်ပါဘူးကွာ….သူ့နဲ့ ငါ တစ်ကြိမ်ထဲ မှားတာပါ…"
"ဒါနဲ့ အခန်းငှားပေးထားတာပေါ့.."
"မဟုတ်ဘူး….သူ့မှာ ကိုယ်ဝန်ရှိသွားတယ်.."
"ဟေ…"
ခိုင်ဝင်း အသံကို နားထောင်ရုံဖြင့် အပြင်မှာဆို မျက်လုံး ဘယ်လောက် ပြူးနေမလဲ တွေးလို့ရပါသည်။
ဇော်မောင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
"မင်း..မင်း တကယ်ပြောတာလား…ဇော်မောင်.."
"အေး…ငါလည်း မယုံလို့ ဆေးခန်းခေါ်သွားပြသေးတယ်.."
"ဟာကွာ….ဟား..ဟား…တစ်ဖက်က ပြန်ကြည့်တော့လည်း မင်း ထီပေါက်တာပဲပေါ့ကွ.."
"ချီး..သောက်ပြဿနာတွေ ဖြစ်နေတာကွ.."
"ဟား..ဟား…မင်းက ကလေးလိုချင်နေတာလေ…ကလေးက မျက်လှည့်ပြလိုက်တာပဲ.."
"သူက ကလေးမွေးပြီးရင် ထွက်သွားမယ်လို့ ပြောထားတယ်.."
"ဒါဆို ပိုကောင်းတာပေါ့…ကောင်မလေးက ရိုးရိုးအေးအေးပါပဲ..ဒါကြောင့် ဒီလို ထားတဲ့အတိုင်းနေတာပေါ့ကွ…တခြားမိန်းမသာဆို ဘယ်ရလိမ့်မလဲ…"
"ဒီကိစ္စ မြတ်နိုးကို နှုတ်ပိတ်ထားဦးနော်…"
"အေးပါ…ကလေး မွေးလာရင် မင်း ဘယ်လို လုပ်မယ် စိတ်ကူးလဲ.."
"မွေးစားသလိုပဲ ခေါ်ထားမယ်လေ….ငုဝါက လက်မခံဘူးဆိုလဲ သူများပေးလိုက်မှာပေါ့ကွာ.."
"မင်းကွာ…ကိုယ့်ကလေးကို အဲလို ပြောစရာလား.."
"ငါ့အတွက်ငုဝါက အဓိကပဲလေ…သူ့နားလည်နိုင်တဲ့ အချိန်ကျမှ အမှန်ပြောပြီး ၀န်ခံမယ်..ကလေးလည်း ခေါ်ထားမယ်…ဒါပဲ.."
"မင်းကလည်း.ငုဝါမှငုဝါပဲ…ဘာဆေးမိထားလဲတောင် မသိတော့ဘူး..အဲ့ကောင်မလေးကိုလည်း မင်းတော်တော် မုန်းနေတယ်မလား..မုန်းတယ် ဆိုပေမဲ့လည်း မင်းကလေးကို လွယ်ထားရတယ်ဆိုတာ မမေ့နဲ့ဦး..."
"အေးလေ…အဲဒါကြောင့် ခုလို တာဝန်ယူနေတာပေါ့..ဒီကိစ္စက လွယ်လွယ်ပြီးသွားရမဲ့ တစ်ညပါကွာ…ကိစ္စတွေက ရှည်နေတာ... ခုရှုပ်ကုန်ပြီ..အဲ့ညက ငါသာ ကွန်ဒုံးပါသွားရင် ခုလို မဖြစ်ဘူး..မင်း သောက်သုံးမကျလို့ သောက်ပြဿနာလုပ်လို့ ခုလို ဖြစ်လာတာ.."
"ဟာ…ဘလိုင်းကြီး ဒေါသ ထွက်နေတာပဲ…ငါက သူငယ်ချင်း လင်မယား အပြောင်းအလဲလေးနဲ့ ပျော်ကြပါစေဆိုပြီး စေတနာနဲ့ပါကွာ.."
"ချီး..စေတနာ…"
"အေးပါ..ခုတော့ ပြောပေါ့လေ…ကလေး ထွက်လာတော့မှ…ငါ ကြည့်စမ်းမယ်…ကျေးဇူးရှင်ကြီးဆိုပြီး လာကန်တော့ရတော့မှာနော်..ဟား..ဟား..ဒါပဲ…ဇော်မောင်….မင်း အားတဲ့ တနေ့ တွေ့မယ်ကွာ…သလား.."
"အေး..အေး.."
ဇော်မောင် ဖုန်းချလိုက်ပြီး ဖုန်းနံပါတ် တစ်ခုကို ခေါ်ဖို့ စဉ်းစားမိသည်။
ဘာမှမလိုလို့ မဆက်တာပဲလေ..။
ဖုန်းကို စားပွဲပေါ် တင်လိုက်ပြီး ကြည့်လက်စ ဖိုင်ကိုသာ ပြန်ဖွင့်လိုက်သည်။
.
"ကျေးဇူး အကို…"
ဇော်မောင် ၀ယ်နေကျ ပစ္စည်းတွေ ၀ယ်ပြီး တံခါးရှေ့ရောက်တာနဲ့ တံခါးပွင့်လာသည်။
လက်လှမ်းယူပြီး ပြောတော့ ပေးလိုက်ကာ ပထမဆုံး အကြိမ် အဖြစ် အခန်းထဲကို ၀င်ခဲ့လိုက်သည်။
အခန်းက မှောင်နေတာ သတိထားမိပေမဲ့လည်း ခုလို ၀င်ကြည့်တော့မှ တော်တော် မှောင်နေမှန်းသိရသည်။
"ရေနည်းနည်းစိုနေတယ် အကို…သတိထား.."
"မင်း သန့်ရှင်းရေး လုပ်နေတာလား.."
"ဟုတ်ကဲ့…"
"သတိထားဦး…ဟိုနေ့ကလို ထပ်ဖြစ်နေဦးမယ်.."
"ဟုတ်…ဒါနဲ့ အစ်မကောသက်သာရဲ့လား.."
ဇော်မောင် ခေါင်းတချက် ညိတ်လိုက်ပြီး ခြေထောက် ရေစိုသလို ဖြစ်နေတာ မနေတက်လို့ မီးဖိုခန်းဘက်ကို ၀င်ခဲ့လိုက်သည်။
"ဟုတ်တယ်…ဒီမှာပဲ ခုံရှိတယ်…ထိုင်ပါဦးလား အကို.."
ဇော်မောင် ခုံမှာ ၀င်ထိုင်လိုက်တော့ ရေသန့်ဘူးထဲက ရေကို ခွက်ထဲ လောင်းထည့်သည်။
"ပူနေတယ်..နည်းနည်း.."
"ရပါတယ်…မသောက်တော့ဘူး.."
"ဟုတ်…ကိုခိုင်ဝင်း တို့ ရောက်လာတာ အကို အဆင်မပြေ ဖြစ်သွားမှာပဲ…ညီမ တောင်းပန်ပါတယ်…ခေါင်းတွေ အရမ်းမူးပြီး ဘာမှ လုပ်လို့ မရတော့လို့ပါ…"
"ကိစ္စ မရှိပါဘူး..နောက်ဆို ဂရုစိုက်ပေါ့...မင်းက ကိုယ်ဝန်ဆောင်ထားတာ သတိထား…."
"ဟုတ်…အစ်မ နေမကောင်းဘူးလို့ ပြောတယ်…"
"ဟုတ်တယ်…ရိုးရိုးဖျားတာပါ…ကောင်းသွားပြီ…အဲဒါကြောင့် ခိုင်ဝင်းကို လွတ်လိုက်ရတာ.."
"ဟုတ်…သူ့တို့ကို ဒီကိစ္စ မပြောလိုက်ပါဘူး.."
"…………"
ဇော်မောင် ခေါင်းညိတ်ပြီး ဘေးဘက်ကို တစ်ချက် လှည့်ကြည့်လိုက်တော့ ပြတင်းပေါက် က မဖွင့်တာ ကြာတဲ့ ပုံစံမျိုး ဖြစ်နေသည်။
"အခန်းက မှောင်လိုက်တာ…"
"ဟုတ်…မီးက ညပိုင်းမှ ထွန်းတာလေ…မနက်ပိုင်းဆို ပြတင်းပေါက်တွေ ပိတ်ထားလို့ပါ…"
"ဘာလို့ ပိတ်ထားတာလဲ…"
"ရှင်.."
ဇော်မောင် ပြောတာကို နားမလည်သလို ပြန်ကြည့်တော့
"တံခါးဖွင့်မှ အလင်းဝင်မှာပေါ့.."
"အကို မှာထားတယ်လေ…ပြတင်းပေါက်နားမနေရဘူးဆို…ညီမ က မီးဖိုခန်းမှာ အနေများလို့ပါ.."
"သြော်..ဒီဘက်ကတော့ ရပါတယ်….ကိစ္စ မရှိပါဘူး…ပြတင်းပေါက်တွေ အမြဲပိတ်ထားတော့ လေ၀င် လေထွက် ဘယ်ရှိမလဲ…ကျန်းမာရေး အတွက်လည်း မကောင်းဘူး…မင်းနေတာ တစ်လ ပြည့်တော့မယ်..ဒီလိုချည်းပဲနေတာလား.."
သူက ခေါင်းညိတ်ပြတော့ ကိုယ့်အပြစ်မကင်းသလို ခံစားရကာ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။
ထင်ထားတဲ့အတိုင်းပင်..။
ယောက်ျား အာားနဲ့တောင် တော်တော်လေး ဖွင့်ယူရသည်။
"အဟင်း.."
"ဟင်.."
ဇော်မောင့် အနောက်က ရယ်သံထွက်လာတော့ မျက်ခုံးတွန့်ကာ လှည့်ကြည့်မိသည်။
"ဘာလဲ.."
"အစ်မ နဲ့ တွေ့ခဲ့တယ် ထင်တယ်.."
ဇော်မောင် ခေါင်းတစ်ချက် ညိတ်လိုက်တော့ သူကလည်း ခေါင်းညိတ်နေသည်။
"အကို့ ပခုံးမှာ နှုတ်ခမ်းနီတွေ ပေနေတယ်…ညီမက သွေးထွက်တယ်ထင်လို့ လန့်သွားတာ…."
"သြော်.."
ငုဝါ နဲ့ အတူတူ ရှော့ပင်းထွက်တုန်းက ပခုံးကို မှီရင်း ပေသွားတာ ထင်ပါတယ်..။
ဇော်မောင့်အတွက် ဘာမှ မထူးဆန်းလို့ ပြတင်းပေါက်တွေအကုန်ကို လိုက်ဖွင့်ပေးလိုက်သည်။
"အစ်မက တော်တော် ကံကောင်းတာပဲနော်..အကိုတို့ နှစ်ယောက်ကို ကြည့်ရတာ စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ…အစ်မကလည်း ကလေးမရှိလို့လား မသိဘူး..နုနုငယ်ငယ်လေးပဲ…"
ဇော်မောင့်စိတ်ထဲ ထင့်သွားကာ လှည့်ကြည့်တော့ လက်ကာပြသည်။
"ကိုခိုင်ဝင်းတို့ က မိသားစုပုံမှာ အစ်မ ပုံလေး တွေ့ဖူးလို့ပါ…"
"သြော်…ဟုတ်တယ်….မြတ်နိုးနဲ့ ငုဝါက အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေလေ…"
"အစ်မက ကလေးလိုပဲနော်…အမြဲပေါ့ပါးလန်းဆန်းနေမဲ့ ပုံပဲ.."
"ဟုတ်တယ်…သူက အငယ်ဆုံးဆိုတော့ ကလေးလေး လိုပဲ…"
ဇော်မောင် ပြောရင်း တစ်ချက် ပြုံးမိသွားပေမဲ့ အလုပ်ကိုပဲ ပြန်အာရုံစိုက်ကာ သေချာဖွင့်လိုက်သည်။
"ရတယ် အကို…ညီမ တံမြတ်စည်းနဲ့ လှည်းချလိုက်ပါ့မယ်…"
"အင်း…"
"အကို ပြန်ရင် ပြန်လေ…အစ်မ မျှော်နေဦးမယ်.."
"ဒီကို မလာခင်မှ အိမ်ပြန်ပို့ခဲ့ရတာ…"
"သြော်.."
ဇော်မောင် ခုံမှာ ၀င်ထိုင်လိုက်ကာ ခြေထောက်ကို ခပ်ဆန့်ဆန့် တန်းထားလိုက်သည်.။
"ဧကန္တ အစ်မ နဲ့ အပြင်လျှောက်လည်တယ် ထင်တယ်…"
"အဟွင်း..ဟုတ်တယ်…ရှော့ပင်းထွက်တာလေ..လှေကား ပြန်ဆင်းဖို့ အဆင်မပြေလို့ ခဏထိုင်နေတာ…"
ဇော်မောင် ပြုံးပြီး ပြောလိုက်တော့ ကောင်မလေးကလည်း ရင်းနီးတဲ့သူ တစ်ယောက်လို အသံထွက်ကာ ရယ်သည်။
"အစ်မလည်း မိန်းမပဲ အစ်ကိုရဲ့ ရှော့ပင်း တစ်ခါတလေ ထွက်တာပဲ..အစ်ကိုကလည်း မညီးစမ်းပါနဲ့.."
"အကို့ မိန်းမ ရှော့ပင်းတစ်ခါ ထွက်ရင် ဘယ်လောက်ကြာတယ်မှတ်လဲ…အနည်းဆုံး လေးနာရီပဲ…ဒါတောင် အွန်လိုင်းက ၀ယ်လို့ရနေတဲ့ ခေတ်မို့နော်…အရင်တုန်းကဆို နေ့လယ်စာကို ရှော့ပင်းစင်တာမှာပဲ စားရတယ်…မနိုင်ဘူး.."
"အစ်မက ဒီလောက် ချစ်စရာကောင်းတာ အစ်ကို က အလိုလိုက်ရတာ တန်ပါတယ်…"
"အဟွင်း…အဲလိုပဲ တွက်ရတာပေါ့…"
"အစ်ကို တို့က အရမ်းလိုက်ပါတယ်…အစ်မ ကလည်း နုနုဖက်ဖက်လေး…အစ်ကိုကလည်း ချောပါတယ်…ဓာတ်ပုံထဲမှာဆို ချစ်သူ တွေ ကျနေတာပဲ…မမြတ်နိုးတို့ လင်မယားကတော့ နည်းနည်း သူစိမ်းဆန် နေသေးတယ်…အကိုတို့ပုံက နွေးထွေးတယ်.."
"ဟုတ်တယ်…အကိုတို့က သူတို့အရင် အိမ်ထောင်ကျတာ ချစ်သူ သက်တမ်းလည်း ကြာပြီ…ငယ်ငယ်ကတည်းက အိမ်ချင်းကပ်နေကြတာ…အကိုတို့ တစ်ခါမှ မခွဲဖူးဘူး..သူကော အကိုကော မခွဲနိုင်လို့ နိုင်ငံခြားအထိ တူတူ ကျောင်းသွားတက်ကြရတာလေ…"
"သြော်..ဒါကြောင့် မောင်နှမလိုပဲ ဖြစ်နေတာကိုး…"
"အင်း…အဲလိုမျိုးပဲ…"
"ညီမ က အစ်ကိုတို့ အလုပ်မှာ တွေ့ကြတယ် ထင်နေတာ…အစ်မကလည်း သူဌေးလေ.."
"ဒီလို အခြေအနေ ရောက်အောင် နှစ်ယောက်စလုံး တူတူ ကြိုးစားထားကြတာ…"
"အဲလို စုံတွဲတွေ တွေ့ရင် ညီမ သိပ်အားကျတာပဲ…ညီမက မိတကွဲ ဖတကွဲ နေရတာလေ…"
"………..'"
သူ့အကြောင်းလည်း နားထောင်ချင်လို့ နှုတ်ဆိတ်နေလိုက်တော့ သူ့ဆီက သက်ပြင်းချသံ ထွက်လာသည်။
"ညီမ ငယ်ဘ၀က ကံမကောင်းဘူး..ဒါပေမဲ့ ချစ်သူ ရှိလာရင် အကိုလိုမျိုး ဂ၇ုစိုက်တက်တဲ့ ချစ်သူမျိုး လိုချင်တယ်….အဲလို ဖြစ်ပါစေလို့လဲ ဆုတောင်းတယ်.."
"အဲလို ဖြစ်လာမှာပါ…မင်းက ကောင်းတဲ့သူ တစ်ယောက်ပါ.."
"အကိုကလည်း နောက်နေပြန်ပါပြီ…ညီမ က ကောင်းတဲ့ မိန်းမ ဟုတ်မလား အကိုရဲ့…အခုတောင်အကို့အတွက် စိတ်ဆင်းရဲစရာ စိတ်ဒုက္ခပေးတဲ့ မိန်းမဆိုးကြီး ဖြစ်နေတာကိုပဲ…"
"မင်းတစ်ယောက်တည်းရဲ့အမှားလည်း မဟုတ်ပါဘူး…သိပ်မတွေးပါနဲ့…ကျန်းမာရေးပဲ ဂ၇ုစိုက်ပါ..လိုအပ်တာပြော..."
"ဟုတ်…"
"………"
ဇော်မောင် မေ့နေတဲ့ ကိစ္စတွေ ပြန်ကြားရတော့ စိတ်မသက်မသာ ဖြစ်လာကာ ခုံကနေ ပြန်ထလိုက်ရသည်။
"အကို ဆင်းလို့ရပါ့မလား.."
"အင်း ရလောက်ပါပြီ…"
"ဟီး…အစ်မတော့ ဘယ်လိုနေမလဲ မသိဘူး..အကိုတော့ ခြေထောက်တောင် ဆန့်နေပြီ.."
"သူက ဘာမှ မဖြစ်ဘူး..ခုဆို ၀ယ်လာသမျှ တွေကို နေရာချရင်း ပျော်နေမှာ သေချာတယ်….."
"ဟီး..မိန်းမတွေရဲ့ပါဝါလေ…ဖြည်းဖြည်းသွားနော်…အကို…အခုလို ညီမကို ကူညီတာ ကျေးဇူးတင်ပါတယ်…နောက်တစ်ခါဆို တစ်ခုခု ကျွေးချင်ပါတယ်…စားမယ်မလားဟင်…အကို.."
"အချိန်ရရင်ပေါ့…"
"ဟုတ်…"
ဇော်မောင် တံခါးကို ပြန်စေ့ပိတ်ပေးခဲ့ပြီး လှေကားတွေကို ဆင်းရင်း သက်ပြင်း တစ်ချက် ချလိုက်မိသည်။

ESTÁS LEYENDO
စံပြ
Historia Cortaစာမရေးချင်ဘူး စာရေးချင်တယ် တနေ့ကို ခြောက်ခါလောက် ဂေါက်ကြောင်ဖြစ်ပြီး လျှောက်ရေးထားတဲ့စာတွေကို မဖတ်စေချင်ဘူး ဖတ်ပေးတယ် ဆိုတော့လည်း ကျေးဇူးအထူးတင်ရပါတယ်။ ခံစားမှု အာရုံ အပြောင်းအလဲ ဖြစ်တာပေါ့လေ။ အစစ အရာရာ ဂရုစိုက်ကြပါနော်။