စံပြ
အပိုင်း(၆)
06041255
"ဟလို…အကိုလား.."
"အေးပြော.."
ဇော်မောင် ခပ်မာမာပဲ ပြောလိုက်တော့ တစ်ဖက်က ခဏ အသံတိတ်သွားသည်။
"ဟို…ညနေကျ ခဏလောက် တွေ့လို့ရမလားဟင်.."
"ဘာကိစ္စရှိလို့လဲ.."
"ဟို…အရေးကြီးတာ ပြောမလို့ပါ.."
"ငွေလိုပြန်ပြီမလား..ခိုင်ဝင်းဆီက ယူလိုက်.."
"မဟုတ်ပါဘူး…တခြား အရေးကြီး ကိစ္စပါ…အကို နဲ့ ပြောမှ ဖြစ်မှာ မို့လို့ပါ…အချိန် ခဏလေးပဲ ပေးပါနော်….မတွေ့လို့ မဖြစ်ဘူး…အကို မလာရင် ညီမ လာခဲ့ရမလားဟင်.."
"ဘာကွ…မင်း ငါ့ကို ခြိမ်းခြောက်နေတာလား…ဧကရီ…"
"မဟုတ်ပါဘူး…ဟင်း…အကိုအထင်လွဲနေတာပါ..လာခဲ့ပါနော်…ဟိုတခေါက် တွေ့ခဲ့တဲ့ ကော်ဖီ ဆိုင်နားမှာ စောင့်နေပါ့မယ်…"
ဇော်မောင် စကားမပြောနိုင်ခင် ဖုန်းချသွားပြီမို့ စိတ်ပျက်စွာ ဖုန်းကို စားပွဲပေါ် ပစ်တင်လိုက်မိသည်။
ဘာလို့များ ဒီလို ဟာမျိုးနဲ့ ပတ်သက်ခဲ့မိပါလိမ့်..။
ခိုင်ဝင်း ကိုပြောခဲ့တုန်းက ပိုက်ဆံရှင်းပေးလိုက်ရင် ပြီးသွားမဲ့ကိစ္စတဲ့လေ..။
ခုတော့ ကိုယ့်ဖုန်းနံပါတ်ကို ယူထားပြီး တစ်လကို တစ်ခါလောက် ဖုန်းဆက်နေသည်။
အရင်အခေါက်တွေတုန်းကတော့ ငွေလိုလို့ ခဏချေးပါလို့သာ ပြောသည်။
ကိုယ်ကလည်း နောက်မပတ်သက်ချင်လို့ အပြတ်သဘောဖြင့် ငွေထုတ်ပေးမိသည်။
ခုတော့ တစ်ဆင့်တက်လာပြန်ပြီ..။
ခိုင်ဝင်းဆီမှာ အလုပ်လုပ်နေတုန်းမို့ တွေ့ဖို့ကိုလည်း မလုံ..။
ငုဝါ သိမှာ စိုးရိမ်တာလည်းပါတော့ ဇော်မောင့် တစ်ယောက်တည်း စိတ်ပင်ပန်းရပါသည်။
ဒီအရှုပ်ထုပ် ကို ဘယ်လိုတွေ ဖြေရှင်းရမလဲ..။
ကျစ်…ဒီနေ့တော့ တွေ့ပြီး တစ်ခါတည်း အပြတ်ပြောပစ်မည်..။
နောက် ဘယ်တော့မှ မပတ်သက်ဖို့နဲ့ ရှေ့ဆက်ရင် တရားစွဲဖို့..။
အိုး..တရားစွဲဖို့က ငါက သူ့ကို…။
ဇော်မောင် အတွေးတွေဖြင့်ပင် သက်ပြင်းတစ်ချက် ချရင်း လမ်းပျောက်ရပြန်သည်။
"ဆရာ…ဆရာကတော် ရောက်နေတယ်.."
"ဟင်.."
ဇော်မောင် ရင်တုန်သွားကာ ချွေးပင် စို့လာသည်။
ထိုင်ခုံကနေ ထရပ်လိုက်တော့ ငုဝါက အပြုံးလေးဖြင့် အခန်းထဲကို ၀င်လာပြီ..။
"မောင့်ကို ဖုန်းဆက်တာ မရလို့ ၀င်လာလိုက်တာ.."
"ဟင်..သြော်..ဟုတ်တယ်….မောင် စောနက ဖုန်းပြောနေလို့.."
ဘယ်သူလဲ…ဘယ်ကိစ္စလည်း လို့ မမေးတက်သည့် ငုဝါ့ရဲ့ ရင့်ကျက်တက်တဲ့ စိတ်ကို ဒီတစ်ခါတော့ ကျေးဇူးတင်နေမိသည်။
"အလုပ်ကိစ္စ အဆင်မပြေလို့လား မောင်.."
"ဟင်…မဟုတ်ပါဘူး..မိန်းမရဲ့.."
"မသိပါဘူး..မောင် တစ်ခုခု ကို စိတ်ရှုပ်နေသလိုပဲ…"
"အာ…အလုပ်ကိစ္စ စိတ်ရှုပ်တောင် မောင့်မိန်းမကို တွေ့တာနဲ့ ပျောက်သွားပြီ…"
"ဟုတ်ပါပြီ..ညနေ ကို မေမေ တို့ဆီ သွားမလို့ လာပြောတာ…မောင်ရဲ့.."
"မေမေ ဘာဖြစ်လို့လဲ.."
"မဖြစ်ပါဘူး..ခမည်းခမက်တွေလေ…အတူတူ ညစာ စားကြမလို့…ငုဝါတို့ လင်မယားကိုလည်း လာခဲ့ပါတဲ့.."
"ဒါဆို…မေမေ နှစ်ယောက်အတွက် ဆင်တူ တစ်ခုခု ၀ယ်သွားရမယ်..မဟုတ်ရင် ဟိုတစ်ခါလို စိတ်ကောက်ကြဦးမယ်.."
"ဟီး.ဟုတ်တယ်…ငုဝါတော့ လော့ဂတ် လေး နှစ်ခု ကြည့်ထားတယ်…မေမေကြိုက်တဲ့ နှင်းဆီပုံရယ်…မာမီကြိုက်တဲ့ တြိဂံပုံလေးရယ်…အိုကေမလား..မောင်..ဒီလိုလေ.."
ငုဝါက ဖုန်းကို ရှေ့တိုးပြပေမဲ့လည်း ငုဝါ့မျက်နှာလေးကိုသာ ငေးကြောင် ကြည့်ရင်း အတွေးများနေမိတော့
"ကြည့်လေ…မောင်…မကြိုက်ဘူးလား.."
"မဟုတ်ပါဘူး…လှပါတယ်…ကြိုက်ကြမှာပါ.."
"မောင့်ကြည့်ရတာ တစ်ခုခု စိတ်ညစ်နေသလိုပဲနော်.."
"အင်း..အလုပ်ကိစ္စ နည်းနည်းပါ.."
"ဒါကို ငုဝါပဲ ၀ယ်လိုက်မယ်နော်.."
"မဟုတ်တာကွာ…မောင်ဝယ်ပါ့မယ်…အဲလောက်တော့ ၀ယ်နိုင်ပါတယ်.."
"သိတယ်…အဲဒါကြောင့် ငွေတောင် ချေခဲ့ပြီ…နေပါဦး..မောင်ရယ်…ဘာစိတ်ညစ်စရာ ရှိနေလဲဟင်..မောင့်ကို ကြည့်ပြီး ငုဝါလည်း မောလာပြီ.."
"အဟင်း..မမောလိုက်ပါနဲ့ဗျာ…ပြဿနာ အားလုံးကို မောင် ဖြေရှင်း နိုင်ပါတယ်…မောင်က ဘယ်သူမို့လို့လဲ…ငုဝါရဲ့ ယောက်ျားပါဗျ…"
"အဟင်း..ဟုတ်ပါပြီ.."
ငုဝါ က ဆိုဖာမှာ ၀င်ထိုင်လိုက်တော့ ဇော်မောင် လည်း လက်ထဲက ဖုန်းမှာ ပေါ်နေတဲ့ လော့ဂတ်ပုံလေးတွေကို ကြည့်ပေးရသည်။
.
"ပြော…"
"အကို..တစ်ခုခု သောက်ဦးမလား.."
"မသောက်တော့ဘူး…ဒီနားမှာ ငါ နဲ့ သိတဲ့သူတွေ များတယ်.."
"သြော်..ဟုတ်…တခြားတော့ မဟုတ်ပါဘူး..အကိုနဲ့ ပတ်သက်နေတော့ အကိုလည်း သိသင့်တယ် ထင်လို့ ခေါ်လိုက်တာပါ.."
"ပိုက်ဆံ လိုပြန်ပြီမလား…"
"……….."
ဇော်မောင့်ကို သေချာ ကြည့်ပြီး မျက်ရည်ဝဲလာတော့ ပြောလိုက်တဲ့ စကားလွန်သွားတာ အားနာမိသည်။
ဒါပေမဲ့လည်း မတက်နိုင်ဘူး..။
သူနဲ့ ပတ်သက်နေရသရွေ့စိတ်ကော လူကော ပင်ပန်းလွန်းပါသည်။
တစ်ခါတည်းသာ ကိစ္စ ဖြတ်လိုက်သင့်ပြီ..။
"ညီမ..အကို့ကို တွေ့ဖို့ ချိန်းတိုင်း မလာဘူးနော်…"
"မင်းလိုချင်တဲ့ ပိုက်ဆံ လွဲပေးနေသားပဲ.."
"အကို့လို လူတစ်ယောက် အတွက် သုံးသောင်း လေးသောင်းက မပြောပလောက်ပါဘူးနော်…"
"ငါ မင်းနဲ့ ပတ်သက်မိတာ ဆေးမိပြီး လူစိတ်ပျောက်နေလို့..နောက်ပြီး…တန်ရာတန်ကြေး ပိုက်ဆံလည်း ပေးထားပြီးသားဆိုတော့ ထပ်ပြီး ပတ်သက်စရာ မလိုတော့ဘူးလို့ ငါထင်တယ်…မင်းဆီမှာ ငါ့ဖုန်းနံပါတ် ရှိနေတာတောင် ပါဆင်နယ် အရ ဘောင်ကျော်နေပြီ…ငါတို့ အလုပ်တစ်ခု တူတူ လုပ်ခဲ့တာပဲမလား…အလုပ်ပြီးရင် ပတ်သက်စရာ အကြောင်း မရှိတော့ဘူးလေ…မင်း က အကန့်တွေ ကျော်နေပြီ.."
"အဟင်း…အကိုက မထင်ထားလောက်အောင်ကို သွေးအေးတာပဲနော်…အကို့ဘက်က အဲလိုပဲ တကယ်သဘောထားတာလား….ညီမကို တစ်ကြိမ် တစ်ခေါက်လောက်တောင် သတိမရမိဘူးလား…ညီမ ဖုန်းခေါ်လိုက်ရင် တွေ့ချင်စိတ် မဖြစ်ဘူးလား..ညီမ အကြောင်းတွေးမိရင် အားနာစိတ်မျိုး မဖြစ်ဘူးလား.."
"ငါ ငွေပေးပြီး အိပ်တာ မင်းတစ်ယောက်တည်း မဟုတ်ဘူး…ဧကရီ.."
"ညီမ က -ာသယ်မှ မဟုတ်တာ…"
ဇော်မောင် ကြားလိုက်ရတဲ့ စကားရိုင်းရိုင်းကြောင့် မျက်လုံးပြူးသွားကာ စိတ်ထဲက လည်း အတော်လေး ၇ွံသွားသည်။
"အကိုက အဲလို ပြောမှ သဘောပေါက်မှာမလား…ညီမ အလုပ်က ဧည့်ကြို…ညီမ က အပျို စစ်စစ်…အကို က မုဒိမ်းကျင့်ခဲ့တာလေ…"
"………"
"အကို က တရားဥပဒေ နဲ့ ရှင်းချင်တာလား.."
"ဘာ…"
ဇော်မောင် မျက်လုံး အစုံ ပြူးကျယ်သွားကာ ဘေးပတ်ဝန်းကျင်ကိုလည်း အထိတ်တလန့် အကဲ ခတ်မိသည်။
"ဒါတောင် အကို က အလုပ်လို သဘောထားပါတဲ့လား….ဟွန့်…ညီမ ဘာအလုပ်လဲ သိချင်ရင် အကိုသူငယ်ချင်းကို မေးကြည့်ပါ…သူချိတ်ပေးတဲ့ ဘယ်သူနဲ့မှ ညီမ မအိပ်ခဲ့ဘူး…အကို ပြောလိုက်ကတည်းက ညီမ ဘ၀ကို အခက်အခဲတွေကြားကနေ ရုန်းကန်ခဲ့ရပေမဲ့ အဲ့အလုပ်မလုပ်ခဲ့ဘူး..အကိုနဲ့ဖြစ်ခဲ့တဲ့ ကိစ္စမှာလည်း..သူက ပိုက်ဆံပေးပေမဲ့ ညီမ မယူခဲ့ဘူး…ဒါကြောင့် အလုပ်လိုမျိုး ပတ်သက်ခဲ့တာ မဟုတ်ဘူး…."
"မင်း…မင်း….အဲတုန်းက ဘာလို့..ဘာလို့…"
"ပွင့်ပွင့်လင်းလင်း ပြောရရင်…ညီမလည်း စိတ်ယိုင်နေလို့ပါ….ညီမ ဘက် က အမှားလည်း ပါပါတယ်..ဒါပေမဲ့ အကို ပြောသလိုမျိုး အလုပ်လိုမျိုး ဖြစ်ခဲ့တဲ့ ကိစ္စ မဟုတ်ဘူး…"
ဇော်မောင် စိတ်ပျက်စွာဖြင့် ထိုင်ခုံကို တစ်ကိုယ်လုံး ပစ်မှီ ချလိုက်ကာ သက်ပြင်းတစ်ချက် ချမိသည်။
"ကဲပြော…မင်းက ငါ့ကိုမုဒိမ်းမှု နဲ့ တရားစွဲမှာလား…ထောင်ချမှာလား..ဘာလုပ်မှာလဲ..ဘာပြောဖို့ ငါ့ကို ခေါ်တာလဲ.."
"အကိုက အဲလို လွယ်လွယ် အညံ့မခံဘူးဆိုတာ ညီမ သိပါတယ်…အကို က ညီမရဲ့ ကျေးဇူးရှင် ဖြစ်ခဲ့တယ်ဆိုလည်း မမှားပါဘူး.."
"အဲတော့…မင်း ခြိမ်းခြောက်တိုင်း ငါက ပြေးလာနေရမယ်ပေါ့…အဲလိုလား.."
"ညီမ အကို့ ကို မခြိမ်းခြောက်ဘူး…အကို့ဆီက တောင်းပန်တဲ့ စကားဖြစ်ဖြစ်….အားနာတဲ့ စကားဖြစ်ဖြစ် ကြားချင်လို့ အကြောင်းရှာပြီး ဖုန်းဆက်ခဲ့တာပါ…အကိုက ပိုက်ဆံပေးပြီး အပြတ်ဖြတ်တယ်…အဲဒါ ညီမကို စော်ကားနေသလိုပဲ.."
"အိုကေ….ငါ မှားတယ်…တောင်းပန်တယ် ရပြီလား…နောက်တစ်ခါ မင်းနဲ့ ထပ်မတွေ့ချင်တော့ဘူး..ဧကရီ….မင်း ဘာလိုချင်လဲ တစ်ခါတည်းပြောပါ….မင်းနဲ့ ပတ်သက်နေရတာ ငါ ပင်ပန်းတယ်…."
မျက်ရည်ဝေ့နေတဲ့ မျက်ဝန်းတွေက သွေးကြောနီတွေ လျက်ဖြာလာကာ နှုတ်ခမ်းကလည်း တစ်ချက် ပြုံးသွားသည်။
"ခုတော့ မရတော့ဘူး..အကို….ညီမမှာ ကိုယ်ဝန်ရှိနေပြီ.."
"ဘာ…."
ဇော်မောင့် နားထဲမှာ မိုးခြိမ်းသံ အကျယ်လောင်ဆုံး ကြားလိုက်ရသလို နားတွေ အူသလို ဖြစ်ပြီး တစ်ကိုယ်လုံးမှာ ကြက်သီးမွေးညှင်းထသွားသည်။
မဖြစ်နိုင်ဘူး..။
သူနဲ့ကိုယ် တစ်ခါ တည်း ပတ်သက်ခဲ့တာပဲ…။
နောက်ပြီး သူ့လို မိန်းမ ဆီမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ..။
"မင်း ..မင်း…ငါ့ကို နောက် တမျိုး ခြိမ်းခြောက်ပြန်ပြီလား.."
"အကို့လို သူဌေး တစ်ယောက်ကို မဟုတ်ပဲနဲ့ လုပ်ကြံပြောရဲပါ့မလား..အကိုရယ်….ညီမ ဘ၀မှာ အကို တစ်ယောက်တည်းနဲ့ ပတ်သက်ခဲ့ဖူးတယ်…ခု ပုံမှန် မဟုတ်တာ သတိထားမိပြီး စစ်ကြည့်လိုက်တော့ ရှိနေပြီ…အကို့အမြင်မှာ ညီမလို မိန်းမ တစ်ယောက်က ဒီကိစ္စ ဖြစ်တာ မဆန်းဘူးလို့ တွေးနေမယ်မလား..ညီမကိုယ် ညီမ သိတယ်…ဒီကိုယ်ဝန်က အကိုနဲ့ ရတဲ့ ကိုယ်ဝန် အကို့ ရင်သွေး… အပျိုမိန်းကလေး တစ်ယောက် အနေနဲ့ မလိုချင်ဘူး..ဖျက်ချပစ်လိုက်ချင်ပေမဲ့ မလုပ်ရက်ဘူး..အကို သိသင့်တ.ယ် ထင်လို့ ပြောပြတာပါ…ဒီကလေးကို ညီမ ရအောင် မွေးမယ်..ဒါပေမဲ့ အဖေ မရှိတဲ့ ကလေး တော့ အဖြစ်မခံနိုင်ဘူး…"
"မင်း ဘာကို ဆိုလိုတာလဲ…ကလေးရှိနေလို့ မင်းကို ငါက ယူရမယ်လို့ ပြောတာလား…သေလိုက်…မင်းကိုကော ကလေးကိုကော လုံးဝ မယူနိုင်ဘူး…"
"အကို အဲလို ပြောမှာ သိတယ်…အကို့မိန်းမကို အကို အရမ်းချစ်တာလေ…တခြား မိန်းမ တစ်ယောက်ကို တရားဝင် ဘယ်ယူ့ပါ့မလဲ..ဒါပေမဲ့ ညီမ ကလေးမွေးပြီးတဲ့ အထိတော့ အကို့ဆီက အကူအညီလိုတယ်..အကိုနဲ့ ပတ်သက်နေရဦးမှာပဲ…မကြာခင် ဗိုက်က ထွက်လာတော့မယ်..ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲဘူး..ပြီးတော့…အကို့ကိုလည်း ယူမယ်လို့ စိတ်ထဲမတွေးထားပါဘူး…အကို မယုံရင် ကလေးမွေးပြီးတဲ့အခါ စစ်ဆေးကြည့်လို့ရပါတယ်…ပြီးတော့ ကလေးကို ညီမ ယူမသွားပါဘူး..မွေးပြီးတာနဲ့ ထားခဲ့ပါ့မယ်…အကို့ဘ၀ထဲက အပြီးအပိုင် ပျောက်သွားပေးမယ်လို့ ကတိပေးပါတယ်..ဒီအချိန် ကာလလေးမှာတော့ နှမသားချင်းကို ကူညီတယ်လို့ သဘောထားပြီး ညီမကို ကူညီပေးပါနော်…တောင်းပန်ပါတယ်…"
" …………"
ဇော်မောင့်ရှေ့မှာ ခေါင်းငုံ့ ငိုနေတဲ့ မိန်းမကို ကြည့်ရင်း စိတ်ပျက်စွာ အကြည့်လွဲမိသည်။
ကိုယ့်ရဲ့ သွေးသားကို ဘယ်လိုမှ မရင်းနီးခဲ့ဖူးသည့် မိန်းမက ကိုယ်ဝန်ဆောင်ထားရသည်တဲ့..။
စိတ်ပျက်စရာကောင်းလိုက်တဲ့ တိုက်ဆိုင်မှုပဲ..။
ကိုယ့်ရင်သွေးဆိုတဲ့ အသိထက် ငုဝါအတွက်သာ အတွေးက ပိုနေသည်။
ငုဝါနဲ့သာ ပြဿနာ ဖြစ်ရမယ်ဆို ရင်သွေးဆိုတာကိုလည်း မလိုချင်တော့ပါဘူး..။
နားလည်ပေးတက်တဲ့ မိန်းမ ဆိုပေမဲ့လည်း ခုလို သားသမီး လွယ်ခိုင်းထားတာ သိရင်တော့..။
ဇော်မောင် စိတ်တွေ ရှုပ်ထွေးနောက်ကျိနေသည်။
.
"မင်း ဒီမှာနေရမယ်…"
"ဟုတ်…အကို.."
"ခြောက်လွှာမှာ ဘာလို့ ထားတာလဲ သိလား.."
"ရှင်.."
"အရေးပေါ် အခြေအနေက လွဲလို့ မင်း ဒီအခန်းထဲက လုံးဝ မထွက်ရဘူး..မင်း မှာ ကြောက်ရတဲ့ ပတ်ဝန်းကျင် ရှိသလို ငါ့မှာ လည်း ဂုဏ်သိက္ခာ ရှိတယ်.."
"ဟုတ်ကဲ့…ညီမ နားလည်ပါတယ်…"
"ငါ တစ်ပတ် တစ်ခါ စားစရာ နဲ့ လိုအပ်တာတွေ လာပို့ပေးမယ်…"
"ဟုတ်ကဲ့.."
"တစ်ခုခု လိုအပ်လို့ ဖုန်းဆက်ချင်ရင် နေ့ခင်း ဆယ့်တစ်နာရီ ကနေ ဆယ်နှစ်နာရီ အတွင်းပဲ ဆက်ရမယ်…"
"ဟုတ်ကဲ့….သြော်…အရေးပေါ် တစ်ခုခု ဖြစ်ရင်ကောဟင်.."
"စာပို့…စာပို့မယ်ဆိုလည်း အများကြီးရေးစရာမလိုဘူး…စတားလေးလုံးပဲပို့..အဲဒါ တကယ်သေရေးရှင်ရေး ဖြစ်မှ ပို့ရမှာနော်…တခြားအချိန် ပို့မိရင်..မင်းမှာ ဒုတိယ အကြိမ် အခွင့်အရေး ရှိမှာ မဟုတ်ဘူး.."
"ဟုတ်ကဲ့…"
"ငါသွားမယ်.."
"ဟုတ်ကဲ့…အကို..ကျေးဇူးတင်ပါတယ်.."
အိမ်အခန်း တံခါးကို လိုက်လာတော့ ဇော်မောင် ရပ်တန့်လိုက်သည်။
"အခန်းတံခါးတွေနားမှာလည်း မနေနဲ့…"
"………"
ခေါင်းညိတ်ပြီး ရပ်ကျန်ခဲ့တော့ တံခါးကို ဆောင့်ပိတ်ပြီး လှေကားတွေကို အပြေးအလွှား ဆင်းလာခဲ့လိုက်သည်။
ကိုယ်ဝန်ကို မယုံလို့ သူတို့ အဆောင်ဘက်က ဆေးခန်းကို အတူတူ သွားပြီး ထပ်စစ်ကြည့်တော့ ကိုယ်ဝန်က သုံးလရှိနေပြီ..။
တောက်…။
ဇော်မောင် ကားပေါ် ရောက်တာနဲ့ အံကြိတ်ပြီး လက်သီးဖြင့် ကားလက်ကိုင်ကို ထုလိုက်သည်။
သောက်တလွဲတွေ…။
.
"ဒီမှာ…ရော့.."
"၀င်ဦးလေ…အကို.."
"ငါ အလုပ်ရှိတယ်…"
"……….."
မှောင်နေတဲ့ အခန်းထဲကိုတောင် တစ်ချက် မကြည့်ပဲ တံခါးဝကနေပဲ လက်လှမ်းပြီး ပေးလိုက်သည်။
ခေါင်းညိတ်ပြီး လက်လှမ်းယူလိုက်တော့ မှ စိတ်သက်သာသွားကာ နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။
"သွားမယ်.."
"ဟုတ်…ကျေးဇူးတင်ပါတယ် အကို.."
ဇော်မောင် လိုအပ်တာတွေ ကို ပို့ပေးပေမဲ့ လှေကားတွေကို တက်လာချိန် တခါတည်း ဖုန်းကြိုဆက်ထားသည်။
အပေါ်ရောက်တာနဲ့ တံခါးဖွင့်ပြီး လက်ထဲက ပစ္စည်းတွေကို ကမ်းပေးလိုက်သည်။
နှမချင်း စာနာပြီးတွေးရင်တော့ ရက်စက်သလို ရှိပေမဲ့လည်း ငုဝါကို အားနာလို့ လုံးဝ စိတ်ထဲ မထည့်ပဲ ထားသည်။
ဝန်ထမ်းတွေကိုလည်း မခိုင်းရဲလို့ ကိုယ်တိုင်
ဒီလို လာရတာတောင် စိတ်တွေ ဘယ်လောက် ပင်ပန်းနေပြီလဲ..။
ဇော်မောင် ကားမောင်းနေချိန် ငုဝါ ဆီက ဖုန်းဝင်လာသည်။
"မောင်…"
"အင်း…ပြောလေ..မိန်းမ…"
"မောင် ပန်းစည်းမှာပြီး လာမယူလို့တဲ့…ပို့ခိုင်းရမလား ဖုန်းဆက်တယ်…ငုဝါ ပို့ခိုင်းလိုက်ပြီ သိလား.."
"အိုး..ကျစ်..ဆောရီး..မိန်းမရယ်..မောင် နည်းနည်း အလုပ်များနေလို့…ဆောရီးပါ…"
"မောင်ကလည်း ဘာလို့ အဲလောက်တောင်းပန်နေတာလဲ…သူစိမ်းတွေကျနေတာပဲ…"
"အဟင်း..မောင်က အပြစ်လုပ်ထားသူလေ.."
"ပန်းစည်းလေးမေ့တာကိုပဲ အပြစ်လို့ပြောရင် ငုဝါက မိန်းမကြမ်းကြီး ဖြစ်ကောပေါ့လို့…"
"မောင့် မိန်းမက မိန်းမကြမ်း မဟုတ်ပါဘူး..ချစ်ဖို့ကောင်းတဲ့ မိန်းမလှလေးပါ…"
"အဟင်း..ဟုတ်ပါပြီ..ဒါပဲလေ..မောင်…ညနေ မှ တွေ့မယ်.."
"အိုကေ.."
ဇော်မောင် ဖုန်းချလိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်မိသည်။
မောင့်ကို ခွင့်လွှတ်ပါ မိန်းမရယ်..။
ကလေးမွေးပြီးရင်တော့ မွေးစားဖို့ဆိုပြီး အိမ်ခေါ်သွားလိုက်ရင် ကိစ္စ ပြီးပြီ..။
သားသမီး မရနိုင်သည့် ငုဝါ နဲ့ ကလေးလေး သံယောဇဉ် ဖြစ်ပြီး အချိန်ကြာလာတော့မှ အဖြစ်မှန်တွေ ၀န်ခံရမည်။
ဒီလိုဆို ငုဝါ ခွင့်လွှတ်ကောင်းပါရဲ့..။
YOU ARE READING
စံပြ
Short Storyစာမရေးချင်ဘူး စာရေးချင်တယ် တနေ့ကို ခြောက်ခါလောက် ဂေါက်ကြောင်ဖြစ်ပြီး လျှောက်ရေးထားတဲ့စာတွေကို မဖတ်စေချင်ဘူး ဖတ်ပေးတယ် ဆိုတော့လည်း ကျေးဇူးအထူးတင်ရပါတယ်။ ခံစားမှု အာရုံ အပြောင်းအလဲ ဖြစ်တာပေါ့လေ။ အစစ အရာရာ ဂရုစိုက်ကြပါနော်။