Chapter - 7

1.4K 307 3
                                    

ဖုကျန်းသည် ယခင်က လိင်တူစိတ်ဝင်စားသူဖြစ်ကြောင်း သူ့ကိုယ်သူမသိခဲ့ပါ.. ကျန်းဟန်ရှူး၏ ဆွဲ‌ဆောင်မှုကြောင့်လားမသိ ယခုမှပင် သူတစ်ယောက်လုံးလုံးလျားလျား ကွေးသွားခဲ့သည်လေ..။

ကျန်းဟန်ရှူး၏ လက်ရှိအနေအထားကို သိချင်သော်လည်း ထိုသူနှင့် မျက်နှာချင်းဆိုင်လိုက်မိသည်နှင့် သူသည် မည်သည့်စကားကို မည်သို့စ၍ပြောရမည် မသိတော့သလို သူ့ကိုယ်သူလည်း အလွန်သိမ်ငယ်သွားသကဲ့သို့ခံစားလိုက်ရသည်။ အမှန်တကယ်ပင် သူ့တစ်ကိုယ်လုံး၌ ကောင်းသည့်အရာဟူသည် နတ္ထိ... အထူးသဖြင့် မသန်စွမ်းဖြစ်နေသော ခန္ဓာကိုယ်သည်သာ သူပိုင်ဆိုင်သည်ပင်။

ထိုအချိန်တွင် ကျန်းဟန်ရှူး၏ဖုန်းက မြည်လာခဲ့သည်။

ထမင်းဘူးကိုဘေးသို့ချရင်း အင်္ကျီအိတ်ထဲမှ တစ်ရှူး ၂ ရွက်လောက်ထုတ်ကာ လက်သုတ်လိုက်ပြီးနောက် ဖုန်းဖြေရန် ထ၍အပြင်ဘက်သို့ထွက်သွားလေသည်။ သူက အပျင်းတစ်ယောက်လိုမျိုး နံရံသို့မှီလိုက်၏.. သူဝတ်ထားသော မိုးပြာရောင် အပြင်ဝတ်ရုံမှာ တစ်ဝက်ခန့်ပွင့်နေကာ အတွင်းရှိ အနက်ရောင် ဆွယ်တာအင်္ကျီကိုမြင်နေရ‌တော့သည်..။ နေရောင်ခြည်က သူ၏ ဆံပင်များထက်သို့ ရွှေမှုန်များကျဲချလိုက်သကဲ့သို့ ဖြာကျနေကာ ထိုသူသည် ကာတွန်းစာအုပ်များထဲမှ မင်းသားတစ်ယောက်က အပြင်လောကသို့ထွက်လာသကဲ့သို့ပင် ကြည့်၍အလွန်ကောင်းနေလေသည်။

ဖုန်းကိုင်လိုက်ရာတွင် ရုတ်တရက် သူက မျက်မှောင်ကြုံ့လိုက်ပြီးပြောသည်။

"ကျွန်တော် ဒီနေ့အိမ်ပြန်မလာဘူး"

သို့သော် တစ်ဖက်မှ နူးညံ့လှသော အမျိုးသမီးတစ်ယောက်၏ အသံကိုကြားလိုက်ရသောအခါ ကျန်းဟန်ရှူး၏ မျက်ခုံးများက ပြေလျော့သွားကာ သူ၏မျက်နှာနှင့် နှုတ်ခမ်း၏ထောင့်၌ ရှားပါးလှသော အပြုံးတစ်ခု ဆင်မြန်းလာလေ၏။

ဖုကျန်းသည် အဝေး၌ရှိနေရာ တစ်ဖက်လူမှပြောနေသံများကို မကြားရပေ.. သို့သော် ကျန်းဟန်ရှူးကို ကြည့်လျှင်ပင် တစ်ဖက်လူသည် ထိုသူအတွက် အလွန်ပင်အရေးကြီးလှသူ ဖြစ်မည်ကို အတပ်ပြောနိုင်သည်။

I Woke Up And Was Pregnant (MMtrans)Where stories live. Discover now