(Zawgyi)
ကုတင်ပေါ်မှာ ထိုင်နေပြီး ခြေထောက်နှစ်ဖက် အောက်ချကာ ဖြေးညှင်းစွာ လှုပ်နေရင်း ပြင်းပြင်းထန်ထန် စဉ်းစားမိတယ်။ သူကျန့်ကောကို မနေ့ညက ဘာတွေ ပြောမိလည်း ဆိုတာ ဘယ်လိုမှ စဉ်းစားမရဘူး ဖြစ်နေပါတယ်။ ကလေးလေးကလည်း မသိဖူး လို့ ပြောပြီး ဗိုက်ထဲမှာ ခွေခွေသေးသေးကလေး အိပ်ပျော်နေတာမို့ ကလေးလေးကို နဲနဲလောက် စိတ်ဆိုးချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကလေးလေးမို့ စိတ်လည်း မဆိုးချင်ပါဘူး။ အများကြီးပဲ ချစ်ချင်ပါတယ်။ ထားပါ။ ထားပါ။
မနေ့ညက နေမကောင်းဘူးဆိုတာကို သိတယ်။ ကျန့်ကောလာတာကိုလည်း သိပါတယ်။ သူ့ပါးနှစ်ဖက်ကို လက်ချောင်းလေးတွေနဲ့ ဖွဖွလေး လာထိတွေ့ခဲ့တာကိုလည်း အသေအချာ သိတယ်။ အဲ့ဒီ့နောက်ပိုင်း လူက အိပ်မွေ့ချခံလိုက်ရသလို ဘာမှကို မသိတော့တာ ဖြစ်ပါတယ်။ အရက်သောက်ပြီးရင် သူများတွေက ဖြစ်ပြီးသမျှ ကိစ္စတွေ အကုန်မေ့ကြတယ်။ သူက နေမကောင်းဖြစ်သွားရင် မျက်လုံးတွေ မှိတ်ပြီးပြီဆိုတာနဲ့ ဘာဆိုဘာမှကို မသိတော့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မနေ့ညက အိပ်မက်တစ်ခုမက်တယ်။ အိပ်မက်ထဲမှာ ကျန့်ကောက ပါးဖောင်းလေးတွေ ရှိတယ်။ suit အပြည့်နဲ့ ပါးလေးတွေ ဖောင်းနေတဲ့ ကျန့်ကောကို သူက ခါးကနေ ဆွဲဖက်ပြီး ညာဘက်ပါးလေးကို နစ်ဝင်သွားအောင် နှုတ်ခမ်းနဲ့ရော၊ နှာခေါင်းနဲ့ပါ ဖိကပ် နမ်းရှိုက်ခဲ့ပြီး အားမရစွာ ဖွဖွလေး တစ်ချက်ကိုက်လိုက်မိတယ်။ ကျန့်ကောရဲ့ ပါးလေးမှာ သွားရာ အကွင်းလိုက်လေးဟာ နီရဲရဲလေး ကျန့်ခဲ့ပါတယ်။
အဲ့တုန်းက ကျန့်ကောက မျက်လုံးလေးတွေ ပြူးကျယ်ပြီး ပါးစပ်ကလေး ဟသွားတာက အရမ်းချစ်ဖို့ကောင်းတာပဲလို့ တွေးမိတော့ ပြုံးစိစိဖြစ်သွားတယ်။ ကျန့်ကောက အဲ့တုန်းက အားကြီး ချစ်ဖို့ ကောင်းတာကို သူဝန်ခံပါတယ်။
ခြေသံတရှပ်ရှပ်ကို ကြားလိုက်ရတယ်။ အဲ့ဒီ့နောက် တံခါးခေါက်သံ ခပ်တိုးတိုး။
""ဝမ်လေးရေ။""
သူ့မျက်လုံးတွေ ဝိုင်းစက်သွားပြီး တံခါးနား အမြန်သွားကာ ဆွဲဖွင့်လိုက်တော့ ပိန်ကျသွားတဲ့ ခန္ဓာကိုယ်နဲ့ အန်တီယင်းက သူ့ကို ပြုံးပြနေတယ်။ ဘာလို့၊ ဘာလို့ အဲ့သည်လောက် ပိန်သွားရတာလဲ မသိပါဖူး။