(Unicode)၁၁နှစ်အရွယ် ကောင်မလေးနဲ့ ၅နှစ်အရွယ် ကောင်လေးတို့ ခြံဝန်းထဲက ဒန်းတစ်ခုအပေါ်မှာ ခြေထောက်လေးတွေ လွဲနေရင်း ဘေးချင်းကပ်ထိုင်နေကြတယ်။
""မာမီက ငါ့ကို ဂျယ်လီနှစ်ခုကျွေးတာ။""
ကောင်မလေးက အပြုံးလေးဝင့်ကာ ပြောတော့ ကောင်လေးက သူ့ရဲ့ လက်ဖဝါးလေးကို ဖြန့်ကြည့်ရင်း တစ်ခုတည်းသော ရှိတဲ့ ဂျယ်လီလေးကို ငုံ့ကြည့်တယ်။ တဖြည်းဖြည်း ငိုမဲ့မဲ့လေး ဖြစ်လာတဲ့ ကောင်လေးမျက်နှာ။ မျက်လုံးရွဲကြီးတွေနဲ့ မော့ကြည့်လာတဲ့ ကောင်လေး။ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြုံးနေတဲ့ ကောင်မလေးက ရုတ်တရက် ကောင်လေးဘက်အလှည့် မျက်လုံးတွေ ဝိုင်းစက်ပြီး အထိတ်ထိတ်အပြာပြာ ဖြစ်သွားတယ်။ မကြာလိုက်။ ကောင်လေးရဲ့ မပီကလာ ပီကလာ စကားသံကြောင့် ကောင်မလေး မျက်နှာလေးဟာ မှုန်ကုတ်သွားရဲ့။
""မာမီက တားခို တစ်ထုပဲ ချားခိုင်းတာကယေ.. သားယေး ချောင်းချိုးမှာ ချိုးရို့ထဲ့။ မမကိုကျ ချောင်းချိုးချိုးပချေ ပစ်ထားထာ..""
ပြောချင်တာတွေ နှုတ်ခမ်းလေးထော်ပြီး မျက်လုံးလေးပေကလယ်ပေကလယ်နဲ့ ပြောလို့ ကျေနပ်အပြုံးလေးကို သွားကျိုးလေးတွေ ပေါ်အောင် ပြုံးချပလိုက်တဲ့ ကောင်လေး။ ကောင်မလေးဟာ သူမ မောင်ငယ်လေးကို အသည်းယားလာဟန် ပါးလေးကို ဆွဲညှစ်တယ်။ ပြီးမှ ရယ်ချင်စိတ်ကို ဖိချရင်း မျက်နှာတည်လေးနဲ့ အရှေ့တည့်တည့်ကြည့်ရင်း ပြောလာရဲ့။
""ဟွန့်.. ထားပါ။ မာမီရော၊ ဒယ်ဒီရောက နင့်ကို ပိုချစ်တာ။ မမကို မချစ်ဖူးးး""
ကောင်မလေးက မျက်နှာလေး မဲ့တဲ့ပြီး မူပိုကာ ပြောတော့ ကောင်လေးက မျက်လုံးလေး ပေကလယ်ပေကလယ် ဖြစ်သွားရင်း ပါးလေးတွေ တုန်တက်သွားအောင် ခေါင်းလေးကို ခါတယ်။
""ယာ.. ဟုတ်တာ.. မမခိုယဲ များကြီး ချစ်ပါထယ်။ မမက အရင်မွေးယာထာယေ။""
""အံမယ်.. နင်က ငါအရင်မွေးလာတာ ဘယ်လိုသိသွားပြန်တာတုန်း။ နင့်ဦးနှောက် ပိစိကွေးသေးလေးက သိသွားရပြန်ပြီလား။""