အပိုင်း ၁၂ [ Unicode Version ]
ဒီလိုနဲ့ပဲ နေ့ရက်တွေဟာ တစ်လနီးပါးလောက် ရှေ့ဆက်ပြီး ပုံမှန်လည်ပတ်သွားတယ် ။ Baekhyun အတွက်တော့ တစ်ခါတစ်လေ အမေနဲ့အဖေကို ပြင်းပြင်းပြပြ လွမ်းမိတာကလွဲပြီး အဆင်မပြေတာတော့ သိပ်မရှိဘူး ။ Game ဆော့နေရတာနဲ့ကို သူ့ဘဝကြီးက ပြည့်စုံနေပြီလေ ။ ဒီနေ့တော့ အထက်က ကျလာတဲ့ ညွှန်ကြားချက် တစ်ခုကြောင့် Baekhyun ပိုလို့တောင် မြောက်ကြွ မြောက်ကြွ ဖြစ်နေမိသေးတယ် ။
အကြောင်းက ကျောင်းသားတွေကို လေ့လာရေးခရီးပို့ပေးမှာမို့ သူက ကာယနည်းပြတို့ ဝတ္တရားရှိသည့်အတိုင်း ကလေးတွေကို အနီးကပ် စောင့်ရှောက်သင်ပြပေးဖို့ လိုက်ရမတဲ့ ။ Baekhyun အတွက်တော့ တကယ်ကို သတင်းကောင်းပါပဲ ။
တကယ်တော့ Baekhyun အသက် 16 နှစ်အရွယ်ထိ လေ့လာရေး ခရီးဆိုတာမျိုးနဲ့ လုံးဝကို ရေစက်မပါခဲ့ဘူး ။ အလယ်တန်းနောက်ဆုံးနှစ်မှာ ကျောင်းက လေ့လာရေးတစ်ခု စီစဥ်ပေးဖူးတယ် ။ အဲ့တုန်းက Baekhyun ခမျာ တစ်ပတ်လောက်လိုသေးတဲ့ လေ့လာရေးခရီးကို ရင်တထိတ်ထိတ်နဲ့ စောင့်ရတာများ ညဘက်တွေတောင် အိပ်လို့မပျော်နိုင် ။
ကံကဆိုးချင်တော့ လေ့လာခရီးမထွက်ခင် နှစ်ရက်လောက်အလိုမှာ ကျောင်းနောက်ကျတယ် ။ အိမ်ပြန်ရင်လည်း ဆော်ခံရမယ့်အတူတူ Baekhyun ထုံးစံအတိုင်း ကျောင်းခြံနောက်ဘက်က ပတ်သွားပြီး အုတ်တံတိုင်းကို ကျော်ချတော့တာပဲ ။ တက်တုန်းကတော့ အကောင်း ခုန်ဆင်းလိုက်ခါမှ ခြေကျိုးရော ။
အဲ့လိုနဲ့ သူများတွေ ပျော်ပျော်ပါးပါး လေ့လာရေးခရီးထွက်တဲ့အချိန် Baekhyun က ကျောက်ပတ်တီးအဖွေးသားနဲ့ ဆေးရုံမှာ ဆန့်ဆန့်ကြီး လှဲနေခဲ့ရတယ် ဆိုပါတော့ ။
ခုတော့ 15 နှစ်သားက လွဲခဲ့ရတဲ့ အခွင့်အရေးကို 31 နှစ်သား အနေနဲ့ ပြန်ရနေပြီ ။ နောက်ပြီး ဘယ်လောက်ထိ အဆင်ပြေသလဲ ဆိုရင် ဘယ်သွားသွား လိုက်အော်နေမယ့် ဇီဇာကြောင် ဆရာကြီးတွေ မပါတဲ့ လေ့လာရေးခရီး ။ ရှင်းရှင်းပြောရရင် သူက ဆရာလုပ်ရမယ့် ခရီး ။ အဲ့တော့ Baekhyun တစ်ယောက် လေပေါ်မြောက်နေသလိုပဲ ။
လေ့လာရေး ခရီးကိုလိုက်မယ့် ကလေးအုပ်က အယောက် 60 လောက်ရှိတယ် ။ ထွက်ရမယ့်နေရာက ခြေလျင်တောင်တက် ခရီး အသေးစားလေး ပုံစံမျိုးပဲ ။ တောခပ်ပါးပါး ရှိတဲ့ ရွာလေးတစ်ရွာကို သူတို့သွားရမှာ ။
YOU ARE READING
Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]
Fanfic( Completed ) သူ့ဘဝကြီးက လုံးဝ ပျက်စီးသွားပြီ ။ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ Baekhyun ခံစားလာရတယ်။ ဒီအိမ်ထောင်ရေးကြီးကနေ သူလွတ်မြောက်ချင်နေပြီ ။ အကယ်၍များ ငယ်ရွယ်သေးတဲ့ အချိန်တွေကို ပြန်ရမယ်ဆိုရင် သူလဲလှယ်ဖို့ ဆုံးဖြတ်မိမလားဆိုတာ ~