Chapter<68> သိက္ခာကိုခဝါချ

92 22 0
                                    

Zawgyi

ပိုင်ချီမင်၏စိတ်အတွင်း၌ တိတ်တဆိတ်လှောင်ရယ်လိုက်မိလေ၏။ ဤကမ္ဘာကလူများကသူပြောင်းရွှေ့လာခဲ့သည့်ကမ္ဘာကလူများထက် ပို၍ ညစ်ညမ်းစက်ဆုပ်ဖွယ်ကောင်းသည်ဟုထင်မြင်မိလာသည်။ မိမိ၏တစ်ကိုယ်တည်းဆန္ဒကို အနည်းငယ်သာလှစ်ဟပြကာ အခြားသူများအားစိတ်ရင်းစေတနာအမှန်ဖြင့်ကူညီချင်ဟန် အယောင်ဆောင်ပြနေ၏။ သူသည်ယောင်ယောင်လေးမျှသာပြုံးကာ တုံ့ပြန်လိုက်ပေသည်။

"ကျွန်တော်က အကျဉ်းထောင်ထဲမှာသုံးနှစ်လောက်အချိန်ကုန်ခဲ့ရပြီး မြို့တော်ဝန်နဲ့လူတွေအများကြီးရဲ့အမုန်းလည်းခံခဲ့ရပြီးတော့ အိပ်မက်ဆိုတာကြီးကိုဆက်မမက်ရဲတော့ပါဘူးဗျာ"

Mr.Swit ကား ဝိုင်ခွက်ကိုလက်ထဲတွင်အသာလှုပ်ယမ်းနေရင်း သူ၏စကားကိုရယ်မောလာခဲ့၏။ နီရဲရဲဝိုင်ရည်များမှာ ခွက်ထဲတွင်ဘောင်ဘင်ခတ်နေကာခွက်၏ဘေးဘက်များသို့ စိုစွတ်သွားစေခဲ့သည်။ အနှီသူကဒီလောက်လေးနှင့်အလျှော့ပေးလိမ့်မည်မဟုတ်။ နောက်ထပ်တစ်မျိုးဆွဲဆောင်လာပြန်သည်။

"တာဝန်ခံပိုင်က တစ်ယောက်ယောက်စိတ်ဆိုးသွားမှာကြောက်နေတာလား....ကျွန်တော်ကူပြောပေးပါ့မယ်"

တုန်ခါမှုလှိုင်းတစ်မျိုးကသူ၏လက်ဖဝါးပြင်မှ ဖြတ်သန်းလာ၍ အလန့်တကြားဖြစ်သွားရပြီး ဖုန်းမျက်နှာပြင်ကိုခိုးကြည့်လိုက်သည်။ ဇွန်ဆေး၏ဖုန်းနံပါတ်မဟုတ်သည့် နံပါတ်စိမ်းတစ်ခုပင်။ နံဘေးတွင်အချိန်အတန်ကြာအောင်ထိုင်နေခဲ့ပြီး စကားတစ်ခွန်းပင်ဝင်မပြောခဲ့သည့် လီရှကရုတ်တရက်ပြောလာသည်။

"ကျွန်မတို့အစ်ကိုပိုင်က ထပ်ပြီးမရင်ဆိုင်နိုင်တော့လို့ပါ...Mr.Swit ဖိအားမပေးပါနဲ့တော့"

နောက်ထပ်နှစ်နာရီကြာပြီးသည့်အခါ 'စစ်သည်တော်' စားသောက်ဆိုင် အပြင်ဘက်တွင်အနည်းငယ်ဆူညံသွားခဲ့၏။ အမူးလွန်နေသော ဧည့်သည်တစ်ယောက်မှာ သက်တော်စောင့်များ၏ အလွန်အကျွံအားသုံးပြီးကားထဲထည့်ခြင်းခံလိုက်ရပြီး ကားထဲမဝင်ခင်တွဲခေါ်လာပေးသောလူတစ်ယောက်ကိုလည်း အရေမရအဖက်မရ စကားများပြောဆိုနေသေး၏။ ကားထွက်သွားပြီးနောက် ထိုလူငယ်လေးကနဖူးမှချွေးများကိုလက်ခုံဖြင့်ပွတ်သုတ်လိုက်ကာ လေပူအားမှုတ်ထုတ်မိသွားသည်။ ထိုစဉ် ရှည်သွယ်လှပသောလက်ချောင်းလေးများက ဖြန့်ကားလျက်သူ၏ပုခုံးပေါ်သို့ထိတွေ့သွားသည်။ လူငယ်လေးမှာလျှပ်တပြက်လန့်သွားသောကြောင့် ဘေးဘက်သို့စောင်းလိုက်မိသည့်အခါ အနောက်ဘက်မှဆံပင်ရှည်နှင့်အရိပ်လေးက ဟန်ချက်ပျက်ကာ ယိုင်ကျသွားလေ၍ လူငယ်လေးကထိုသူ၏လက်မောင်းကိုလှမ်းဆွဲ၍ထိန်းလိုက်သည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now