Chapter<109> အဆုံးသတ်ကံကြမ္မာ(၁)

128 22 0
                                    

Zawgyi

လူငယ်လေးသည်ခေါင်းပင်မော့မလာပဲ လက်ထိပ်သံကြိုးကို မထိတထိကစားနေသည်။ ယခင်ကကဲ့သို့ စည်းကမ်းကြီးသည့်မှုခင်းကောင်စီဥက္ကဌ မရှိ၍လျှပ်စစ်ဓာတ်အားသုံးစွဲမှုက အတော်လေးပရမ်းပတာနိုင်နေ၏။ လေအေးပေးစက်အရှိန်က ဟိမဝန္တာတောင်တန်းပေါ်မှ ရေခဲလွှမ်းသောလေထုသဖွယ် ခိုက်ခိုက်တုန်စေသည်အထိ လုံလောက်သည်။

လူငယ်လေးကား ရှပ်လက်ရှည်အဖြူရောင်အပါးလေးကိုသာဝတ်ထားပြီး အပေါ်မှကြယ်သီးနှစ်လုံးကိုပင်ဖြုတ်ထားသေးသည်။ အခန်းတွင်းသုညနီးပါးကျဆင်းနေသည့်အအေးဓာတ်ကြောင့် သံထည်လက်ထိပ်မှာ ထိတွေ့ရန်ပင်မဝံ့ရဲလောက်အောင်အေးစက်နေသည်။ လူငယ်လေးကလက်ထိပ်အားပွတ်သပ်နေရင်းတုံ့ပြန်လာ၏။

"ဘာလဲ....ကျွန်တော်အကောင်းအတိုင်းရှိနေတာမြင်ရတော့ တစ်ခုခုလုပ်ချင်စိတ်ပေါက်လာတာလား"

တိတ်ဆိတ်နေသည့်အချုပ်ခန်းတွင်း တဟားဟားရယ်သံထွက်ပေါ်လာသည်။ ထို့နောက်တွင် အနှီသူကရယ်မောခြင်းကိုလက်စသတ်လိုက်ကာ ဆက်လက်ပြောလာ၏။

"ဒီအဘိုးကြီးသာ သခင်လေးကိုသတ်ချင်ရင် ဘယ်တုံ့ဆိုင်းနေတော့မလဲ....သခင်လေးက မော့မိသားစုရဲ့တစ်ဦးတည်းသောဆက်ခံသူပဲလေ...မမလေးရွယ်ရှင်းက မွေးစားခံထားရတဲ့သူသက်သက်ပဲဆိုတော့ သခင်လေးနဲ့ဘယ်တူနိုင်ပါ့မလဲ"

သံကြိုးကိုဆော့ကစားနေသည့် လက်ချောင်းလေးများမှာတစ်စက္ကန့်ခန့် ရပ်တန့်သွားသော်လည်း မကြာခင်ဘာမှမဖြစ်ခဲ့သယောင် ဆက်လက်လှုပ်ရှားလာပြန်၏။

"မပူပါနဲ့...သခင်လေးမကြာခင်လွတ်လပ်သွားတော့မှာပါ...ဇွန်ဆေးနဲ့ပိုင်ချီမင်က မြို့တော်ကိုရောက်ခါနီးပါပြီ...သူတို့အခု Puzzle Woods အစပ်နားရောက်နေပြီ...မနက်ဖြန်မနက်လောက်ဆိုရင် မြို့တော်ကိုရောက်လာကြလိမ့်မယ်"

"ခင်ဗျားကဘာလို့ ကျွန်တော်လွတ်နိုင်တယ်လို့ထင်ရတာလဲ"

ထိုလူက၎င်းမေးခွန်းကို ပြန်ဖြေကြားခြင်းမရှိပဲ မတ်တပ်ရပ်လိုက်သည်။ တုတ်ကောက်ကို လွှဲယမ်းကစားကာ သူ့ဘေးမှတိတ်တဆိတ်ဖြတ်လျှောက်သွား၏။ အခန်းအဝနားအရောက်တွင် ထိုသူကအနောက်သို့ခေါင်းအားစောင်းငဲ့ကာ နောက်ဆုံးအနေဖြင့်ပြောလာသည်။

The Immortal World:Starway(The Legends Of Sorrowless Capital)Where stories live. Discover now