Zawgyi
နံနက် ၁၀ နာရီ နှစ်ဆယ့်ရှစ်မိနစ်အချိန်။
နှစ်စပိုင်းဆောင်းရာသီသည် ကုန်ဆုံးခါနီးလေပိုအေးလေဆိုသည့်အတိုင်း အရိုးထဲအထိထိုးဖောက်စိမ့်ဝင်လျက် တခိုက်ခိုက်အေးစက်နေစေ၏။ အပြင်ဘက်လမ်းမများတွင်မြူ နှင်းငွေ့များဝေ၍ လေအေးများတိုက်ခတ်နေစေကာမူ မှုခင်းကောင်စီ၏ရုံးခန်းတွင်းမူ အနွေးပေးစက်များကြောင့် ပူလောင်လျက်ရှိသည်။ မုကျားလျိုသည် နဖူးစပ်မှချွေးစအနည်းငယ်ကိုလက်ခုံဖြင့်ပွတ်သပ်ကာ အရှေ့တည့်တည့်မျက်နှာချင်းဆိုင်တွင် ခေါင်းငုံ့ထိုင်နေသောလူထံသို့အကြည့်ရွှေ့လိုက်မိသည်။
ထိုလူမှာအသက်ခြောက်ဆယ်ခန့်ရှိမည်ထင်ရသည့်လက်လုပ်လက်စားလူတစ်ယောက်ဖြစ်သည်။ အလုပ်ကြမ်းနှစ်ချီလုပ်လာရသောကြောင့် တိုဝင်ကြမ်းတမ်းနေသောလက်ချောင်းများက ရေနွေးခွက်လက်ကိုင်ကိုဆုပ်ကိုင်ထားသည်။ တစ်ခေါင်းလုံးနီးပါးရှိဆံပင်မှာဖြူနေပြီဖြစ်ကာ မျက်လုံးအနားတဝိုက်တွင်အရေးအကြောင်းများမှာ ထင်ရှားနေ၏။ သူနည်းတူခဲဆိုသည်လည်း ခပ်ဝေးဝေးမှထိုင်ခုံတစ်လုံးတွင်ထိုင်နေလျက် အဘိုးအိုကြီးအားပျင်းတွဲစွာငေးကြည့်နေသည်။ မုကျားလျိုက ကိုယ်ကိုရှေ့သို့အနည်းငယ်ကိုင်းကာ မေးခွန်းမေးလိုက်သည်။
"အဘိုး...ကျွန်တော်တို့ကိုဘာလို့တွေ့ချင်တာလဲ"
အဘိုးအိုကနောက်ဆုံးတွင် သူ့အားခေါင်းမော့ကြည့်လာ၏။ အစတွင်အနည်းငယ်ထိတ်လန့်နေပုံရသော်ငြား မုကျားလျို၏ညင်သာနူးညံ့သောမျက်နှာကြောင့်စိတ်တည်ငြိမ်သွားပုံရပြီး တစ်လုံးချင်းပြောလာသည်။
"အဘိုး...လူ...ပျောက်...တိုင်ချင်လို့...ပါ"
ခဲဆိုမှာငိုက်မျဉ်းလုနီးပါးဖြစ်နေသောကြောင့် ခုံပေါ်မှအနည်းငယ်လျှောကျသွားသည်။ သို့ရာတွင် အလျှင်အမြန်ထိန်းလိုက်နိုင်သောကြောင့်လူရယ်စဖွယ်ကောင်းလောက်သည်အထိ လဲကျမသွားခဲ့ပေ။ ကော်ဖီပူပူကိုနှစ်ငုံခန့်သောက်ကာ မျက်ခွံတို့အားအပေါ်ဘက်သို့အတင်းလှန်တင်ထားရတော့သည်။မုကျားလျိုသည်အနည်းငယ်စိတ်တိုရသွားရသော်လည်း ယဉ်ကျေးစွာပင်တုံ့ပြန်သည်။
YOU ARE READING
The Immortal World:Starway(The Legends Of Sorrowless Capital)
AventuraS2 Picture from Pinterest