Part-22

1.3K 82 4
                                    

Zawgyi
~~ပန်းခရေပုံပြင်~~
အပိုင်း(၂၂)

"ဟုတ်တယ်... ကံအကြောင်းမလှစွာနဲ့ ပန်းခရေရဲ့ဘဝလေးဟာ မြေခကြွေလွင့်ခဲ့ရတယ် "

ကိုမိုးညပြောပြသည့် ပန်းခရေ၏မလှပသည့် ဘဝဇာတ်ကြောင်းကို နားဆင်ရင်း သူ့ရင်တွေ တဆစ်ဆစ်နာကျင်ခဲ့ရသည်။

ဖြစ်မှဖြစ်ရလေ... ပန်းခရေရယ်...
မင်းဘဝလေးက ရင်နာဖို့ကောင်းလိုက်တာ

"သူ့ဘာမှမတတ်နိုင်ခဲ့ဘူး သူ့ကံကြမ္မာစီမံသမျှကိုပဲ သူခါးစည်းရင်ဆိုင်ခဲ့တယ် တစ်ခြားသူဘဝတွေလှပဖို့အတွက် သူ့ဘဝလေးကိုစတေးပစ်ထားလိုက်တယ် နောက်ဆုံး ဒီနွံ့ဆိုးကြီးထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေးရခဲ့ပါရက်နဲ့ သူနဲ့သွေးမတော်သားမစပ်တဲ့ မိန်းကလေးတစ်ယောက်အတွက် ထပ်ပြီး နွံနစ်ခံခဲ့တယ် "

"ပန်းခရေရယ်..."

"သူပြောခဲ့တယ် ဖြူစင်နေသေးတဲ့ပန်းတစ်ပွင့်က ဆက်ပြီးလှလှပပရှင်သန်ဖို့ ထိုက်တန်ပါတယ် သူကတော့မြေခသွားခဲ့ပြီးသားပါ ထပ်ပြီးအနင်းခံရလည်း ပိုမနွမ်းနိုင်တော့ဘူးတဲ့..."

သူမအတွက် သူ့ရင်တွေစို့နင့်ကြေကွဲလာရပြန်၏။ နာကျင်စရာအတိတ်တွေနှင့် သိပ်သနားဖို့ ကောင်းလွန်းသော မိန်းကလေး...

ကြည့်စမ်း ...မင်းဟာ ကြေလွင့်ခဲ့တာတောင် ဖြူစင်စွာလှပနေခဲ့သေးပါလား။

မိုးညက သက်မောရှည်ကြီးချလိုက်ပြီးနောက် သူ့ကိုစေ့စေ့ကြည့်ကာ...

"ကိုယ်အခုလိုပြောပြနေတာဟာ မင်းသူ့ကိုသနားပေးဖို့ ဒရမ်မာခင်းနေတာမဟုတ်ဘူး ပန်းခရေဟာကြွေလွင့်ခဲ့ပေမဲ့ သူ့စိတ်ထားဟာမယုတ်ညံ့ခဲ့ဘူး မင်းကိုတမင်ဖုံးကွယ်လှည့်စားခဲ့တာ မဟုတ်ဘူးဆိုတာ မင်းသိစေချင်ရုံတစ်ခုတည်းပါ ငါ့ညီ"

"ကျွန်တော်... နားလည်ပါတယ်.."

"မင်းနဲ့သူ ဘယ်လိုမှမဖြစ်နိုင်ဘူး မင်းတို့ဘဝတွေက လုံးဝမအပ်စက်ဘူး ကိုယ်သူ့ကိုကြိုတင်သတိပေးခဲ့ပါတယ် သံဃောဇဉ်တွေမလွန်ခဲ့မိအောင် တားဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့မင်းဟာ သူ့ဘဝမှာပထမဆုံးတွယ်တာရတဲ့လူတစ်ယောက်ဖြစ်လာတယ် သူမင်းကိုမချစ်ဖို့ သူ့စိတ်ကိုဘယ်လိုမှ မလွန်ဆန်နိုင်ခဲ့ရှာဘူး ကိုယ်တားခဲ့ရက်နဲ့ ရှေ့တိုးခဲ့တယ် တစ်နေ့ကျဒီလိုနာကျင်ရမယ်မှန်းသိရက်နဲ့ကို မိုက်မဲပစ်လိုက်တယ်"

ပန်းခရေပုံပြင် (The Story of Star-Flower)Where stories live. Discover now