မော်ကွန်းမနက်နိုးလာတော့ ကုတင်ဟိုဖက်စွန်းမှာအိပ်နေတဲ့ကောင်လေးက ညကအတိုင်းပင် ။အိပ်တာငြိမ်လိုက်သည်မှာလည်း အရုပ်ကလေးတစ်ရုပ်ကောက်ချထားသည်ဟုပင်ထင်ရသည်။ သူသွားကြည့်လိုက်တော့ သူ့ဘေးမှာဆုတ်စရာနေရာပင်မရှိတော့။တစ်ချက်လောက်လိမ့်လိုက်လျှင် ပြုတ်ကျတော့မည့်အနေအထားဖြစ်သည်။ထို့ကြောင့်ပင် သူကုတင်အလယ်လောက်ရောက်အောင် ရွှေ့ပေးလိုက်ရင်းစောင်ကိုသေချာခြုံထားပေးလိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူက နေရာရွှေ့ပေးတာကိုသိဟန်မတူ။မျက်တောင်ရှည်တွေနဲ့ကာရံထားပြီးတော့ နီစွေးစွေးနှုတ်ခမ်းပါးတစ်စုံကိုတင်းတင်းရင်းရင်းစေ့ပြီးအိပ်နေတာ တကယ်ပါ ဒီပြီးပြည့်စုံတဲ့လူသားကိုဖန်ဆင်းတဲ့အခါ ဖန်ဆင်းရှင်ကိုယ်တိုင်ခေါင်းစားခဲ့ရမှာ။
နောက်သူ deli ကိုဖုန်းလှမ်းဆက်လိုက်ရင်းသူတို့နှစ်ယောက်စားဖို့မှာထားရသည်။သူကတော့မုန့်ဟင်းခါးစားချင်လို့ မုန့်ဟင်းခါးမှာလိုက်ပြီး ခွန်းအတွက်ကတော့ ဒင်းဆမ်းနဲ့တစ်ခြားစားလောက်မယ်ထင်တဲ့ဟာတွေပါမှာထားလိုက်သည်။မနေ့ကသူနေမကောင်းတုန်းက ခွန်းသူ့အတွက်တကယ်ပင်ပန်းရှာတာမို့ မနိုးသေးတဲ့သူကိုလည်းမနှိုးရက်။ စားစရာတွေလာပို့မှ အေးသွားမည်စိုး၍ အိပ်ခန်းထဲကိုသွားရသည်။
လှလှပပအိပ်နေသူကတော့ သူနေရာချထားပေးတဲ့အတိုင်းတစ်စက်မှမရွေ့။ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေး ရှိနေတဲ့ကောင်လေးကိုပင် သူအသည်းယားမိပြန်တော့ သူ့စိတ်တွေမူမမှန်ဘူးဆိုတာ သူသေချာသိလိုက်သည်။သို့သော် သူထိန်းချုပ်ချင်မနေပါ။ခွန်းနဲ့ပတ်သက်ရင် အရာအားလုံးကိုသူကြည်ဖြူသည်။လိုလားသည်။ ငရဲဆိုလျှင်တောင် ဆင်းသွားနိုင်လောက်တဲ့အထိ သူ့အခြေအနေက တော်တော်လေးဆိုးနေပြီ။
"ခွန်းရေ ခွန်းထရအောင်"
သူအသာအယာလှုပ်နိုးတော့ ထိုကောင်လေးကဟိုဖက်လှည့်သည်။တကယ့်ကိုအိပ်ရေးပုတ်တဲ့ပုံစံလေး။
"ခွန်းရေ ထရအောင်ကွာ"
"ဟင်း မထချင်သေးဘူး "
"မဆိုးနဲ့ကွာ ခွန်းကလိမ္မာတယ်ဟုတ် လာပါထရအောင်"
ထိုကောင်လေးအင်းအဲတောင် အသံထွက်မလာတော့။သူ့ကိုလျစ်လျူရှုသွားလေပြီ။ထို့ကြောင့်ပင် သူလက်နဲ့ဂျိုင်းအောက်လျှိုဝင်ပြီိးဆွဲထူလိုက်တော့ ထလာသည်။ မျက်လုံးကားမဖွင့်။ ဒါတောင်သူပွေ့ထားတဲ့လက်ကိုမှီပြီးရအောင်အိပ်နေသေးသည်။
YOU ARE READING
ID-entity (Completed)
RomanceA romantic love story with no drama! မယုံကြည်ဘူးလို့ပြောတဲ့အခါမြှားနတ်မောင်ကရယ်တယ် ရူးမိုက်ရတာမကြိုက်တဲ့သူကိုမှ အငြှိုးနဲ့ပေးတဲ့သင်ခန်းစာဟာ ရူးရူးမိုက်မိုက်ပါပဲ အမည်နာမတစ်ခုက ကိုယ့်ကမ္ဘာဖြစ်လာတဲ့အခါ နေခြည်တွေဟာသူပြုံးမှနွေးတဲ့အကြောင်း.. Publish dat...