[Unicode]
အရိပ်ကလေး အိမ်မှာဆိုတဲ့ အသိကြောင့် အမြဲနောက်ကျမှ နိုးတတ်သည့် ချန်ယောလ်ဟာ ယနေ့တွင် ၆နာရီထိုးလောက်ထဲက နိုးနေလေသည်။
ရေချိုး အဝတ်စားလဲပြီးတာနဲ့ အခန်းအပြင်ထွက်လာပြီး တိတ်ဆိတ်နေတဲ့ တစ်အိမ်လုံးကို ရှာကြည့်တော့ အရိပ်ကလေးကိုမတွေ့။
မနိုးသေးတာပဲဖြစ်မည်ဟုတွေး၍ ဧည့်ခန်းတွင် ထိုင်နေလိုက်ပေမဲ့ ခဏကြာတော့ မနေနိုင်တော့။ အရိပ်ကလေးကို တွေ့ချင်လာသည့်စိတ်ကြောင့် အပေါ်ထပ်သို့ ပြေးတက်ပြီး အရိပ်ကလေး အခန်းတံခါးတွင် နားကပ်ပြီး နားထောင်နေလိုက်သည်။
ဘာအသံမှ မကြားရ။ တံခါးက လော့ချထားလောက်မယ်ဆိုတာ ချန်ယောလ် သိပေမဲ့ ဒီတိုင်း လက်ကိုင်ဘုကို လှည့်လိုက်မိသည်။
ဟင် !?
မထင်မှတ်ထားဘဲ ပွင့်သွားတဲ့ တံခါးကြောင့် ချန်ယောလ်မှာ ကြောင်အအ ဖြစ်သွားရသည်။
အရိပ်ကလေးက ဘာလို့ တံခါးကို သေချာပိတ်မအိပ်ရတာလဲ။ အမြဲ အဲ့လိုပဲ အိပ်တာလား။ တစ်ယောက်ယောက် ဝင်လာပြီး တစ်ခုခု လုပ်သွားရင်ရော။
စိတ်ပူနေသည့် ချန်ယောလ် မသိသည်က မနေ့ညက ဘတ်ခ်ဟျွန်းသည် စိတ်ခံစားချက်တွေ ရှုပ်ထွေးပြီး သတိလွတ်ကာ ဒီတိုင်းသာ အိပ်ယာဝင်လိုက်ခြင်း ဖြစ်သည်ကိုပင်။
အရိပ်ကလေးရေ အအေးပတ်ချင်လို့လား !!!!
အထဲဝင်လိုက်တဲ့ ချန်ယောလ်မှာ ကုတင်ပေါ်က မြင်ကွင်းကြောင့် စိတ်ထဲ၌ အကျယ်ကြီး အော်မိသွားရ၏။
မအော်ဘဲနေနိုင်ရိုးလား။ ချန်ယောလ်ရဲ့ အရိပ်ကလေးသည် အလွန်အေးနေသော ယခုလို ရာသီဥတုတွင် အပေါ်ပိုင်းဗလာနှင့် အောက်တွင်လည်း ပေါင်တစ်ဝက်လောက်သာ ရှိသည့် ဘောင်းဘီကို ဝတ်ပြီး အိပ်နေတာဖြစ်သည်လေ။
ဟင်းးးး !
ချန်ယောလ်မှာ သက်ပြင်းကျယ်ကျယ်ချပြီး သူ့ကိုကျောပေး၍ ကွေးကွေးလေး အိပ်နေသော အရိပ်ကလေးကုတင်နားသို့ သွားရတော့သည်။
ဖြူအုနုဖက်နေသည့် အသားအရေနှင့် အရိပ်ကလေးက ချန်ယောလ်မျက်လုံးထဲတွင် အသည်းယားစရာလေးဖြစ်နေပါသည်။ ပိန်တယ်လို့ ထင်ရပေမဲ့ ဖောင်းအိအိလေးဖြစ်နေသည့် လက်မောင်းသားလေးတွေက ချန်ယောလ် သွားကို ယားစေသည်မို့ စောင်ခြုံပေးရင်း ချန်ယောလ်မှာ စိတ်ထိန်းနေရသည်။