[Unicode]
ဘယ်သူက ထင်မှာလည်း ၅ရက်အရင်က Korea ကနေ Maldives ကို ထွက်ခွာခဲ့တဲ့ လေယာဥ်က ၅ရက်နေပြီး Korea ကို ပြန်လာရမယ်လို့လေ။
ဟုတ်ပါသည်။ ဘယ်တော့မှ ဆုံးဖြတ်ချက်အမှားကို မချခဲ့ဖူးသည့် နတ်ဆိုးလေး Hundred သည် သူအမှားသူသိပြီးနောက်တွင်တော့ အချစ်ရှိရာဆီ အပြေးပြန်လာခဲ့ပါတော့သည်။
" ငါ မောင်းသွားမယ် ... မင်း ကားငှားပြီး ပြန်လာခဲ့လိုက် "
လာခေါ်တဲ့ လူယုံကိုထားခဲ့ပြီး ဘတ်ခ်ဟျွန်းသည် ကားအနီရဲလေးကို မောင်းကာ လေဆိပ်မှ ထွက်လာလေသည်။
" ချန်ယောလ် ငါလာပြီ ~ "
တိုးဖွဖွလေး ရေရွတ်တဲ့ ဘတ်ခ်ဟျွန်း နှုတ်ခမ်းပါးလေးတွေက ကော့ညွတ်နေခဲ့သည်။ တစ်ခါမှ မပြုံးဖူးတဲ့ ချိုမြန်နူးညံ့တဲ့ အပြုံးကလေးဖြင့်။
ချစ်သူရှိရာဆီ သွားရာလမ်းတစ်လျှောက် မြင်နေရသမျှကလည်း ဘတ်ခ်ဟျွန်းအတွက် သိပ်ကို လှပနေသောအခါ ကြည်နူးလာတဲ့ ဘတ်ခ်ဟျွန်းစိတ်လေး။ နှလုံးသားလေးကတော့ သူ့ပိုင်ရှင်နှင့် အနီးကပ်ဆုံးကို သွားရတော့မည့်အတွက် ပျော်ရွှင်စွာ ခုန်ပေါက်လို့။
" ငါ့ကို အဲ့လောက်ထိ လွှမ်းမိုးနိုင်မဲ့လူ ရှိလာလိမ့်မယ်လို့ တစ်ခါမှ မတွေးကြည့်ခဲ့ဖူးဘူး "
ရင်ထဲ အသည်းထဲမှ ပျော်ရွှင်ကြည်နူးမှုတွေက တစ်ယောက်သောသူကို ပြန်တွေ့ရမည့်အတွက် ဖြစ်တည်လာတာမို့ သူ့အပေါ် ထိုတစ်ယောက်သောသူ၏ လွှမ်းမိုးနိုင်မှုကို တွေးရင်း ဘတ်ခ်ဟျွန်းက နှုတ်ခမ်းကိုက်ကာ အံ့အားသင့်နေခဲ့ပါသည်။
" ဆရာ !? "
ခြံထဲတွင် ရပ်လိုက်သော ကားထဲမှ ဆင်းလာတဲ့ သူ့ကို ကြည့်ပြီး ဘတ်ခ်ဟျွန်း လူယုံက တအံ့တဩရေရွတ်သည်။
" ဘယ်လို ပြန်ရောက်လာတာလဲ ဆရာ ... ပြောတော့ .. "
" ကားကို မသိမ်းနဲ့ ... ငါအပြင်ပြန်သွားမှာ "
" ဟုတ်ကဲ့ "
အချိန်ကြာကြာ လေယာဥ်စီးလာရသည်မို့ နည်းနည်းပင်ပန်းသလိုဖြစ်နေပြီး မျက်နှာကလည်း မလန်းဆန်းတာကြောင့် ဘတ်ခ်ဟျွန်းသည် အိမ်သို့ အရင်ပြန်လာခဲ့ပြီး ရေချိုးသန့်စင်လေသည်။