ဂျူလိုင်လသည် အပြောင်းအလဲများနှင့်
ရာသီဥတုကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။မနေ့တနေ့ကမှ အရှိန်ညီးညီးတောက်နေသော
နေပူပူနေ့လယ်ခင်းများသည်
ယနေ့တွင်တော့ မိုးစက်ဖွဲဖွဲလေးများပက်ဖြန်းနေလေတော့၏။အုတ်သားနီနီကို ကုတ်တွယ်တက်နေသော အမြစ်ဖွာဖွာများနှင့်
သစ်နွယ်စိမ်းစိမ်းလေးများသည်
မိုးရေအစက်အပျောက်တို့၏
အရှိန်ဖြင့် လှုပ်ခါနေကြသည်။ကောင်းကင်ပြင်တွင်တော့
တိမ်အရမ်းကြီးထူမနေပါ။ဒီနေ့တွင်တော့
ကောင်ငယ်လေးသည် စောင်ပုံကြား
ကွေး၍နေဆဲဖြစ်သည်။ကျွန်တော်ကတော့
ကော်ဖီခါးခါးတစ်ခွက်နဲ့ အခန်းကျယ်အလယ်က
တစ်ခုတည်းသော ခုံရှည်ပေါ်တွင် ထိုင်ကာ
သတင်းစာစောင်အဟောင်းတို့ကို
ပြန်ဖတ်နေတာဖြစ်သည်။လွန်ခဲ့ပြီဖြစ်သော နေ့စွဲများနှင့်
သတင်းခေါင်းစီးများသည်
လွန်ခဲ့သော လတွေဆီကဖြစ်ခဲ့သည်။ယခုအသုံးမဝင်တော့ပြီဖြစ်သော
သတင်းတွေကိုကျော်ပြီး
ဆောင်းပါးများကိုရွေးဖတ်နေမိသည်။"အကို..."
အိပ်ယာထက်မှ ကောင်လေးသည်
စောင်ပုံထဲကနေ၍
မျက်လုံးလေးအထိသာဖော်ကာ
ခေါ်နေပုံမှာ ကလေးလေးသဖွယ်။အလိုက်တသိ သွားပွေ့လိုက်လျှင်
အလွယ်တကူ မြောက်ကြွလာသော
ကိုယ်ငယ်လေးမှာ ပေါ့ပါးလွန်းလှသည်။ရက်ပိုင်းအတွင်း သိသိသာသာကို
ပိန်သွားတာဖြစ်သည်။
ကျွန်တော် ပထမဆုံးသတိထားမိခဲ့တဲ့
ပါးပြင်ပြည့်ပြည့်လေးကတော့
အရမ်းကြီးပိန်မကျသွားပါ။နှုတ်ခမ်းပါးပါးလေးတွေကတော့
ဖြူရော်နေဆဲ။မျက်နှာသစ်ပေးတော့ မျက်နှာလေးကို
အသာမော့ပေး၍ထားသည်။
သွားတိုက်ဆေးညစ်ထားပြီးသော
အဝါရောင်သွားတိုက်တံလေးကို
သူ့လက်ထဲသေချာထည့်ပေးတော့...အနည်းငယ်တုန်ရီချင်နေသော
လက်ကလေးတွေ...။အဲ့ဒီလက်လေးတွေပေါ်ကနေ
ကျွန်တော်ထိန်းအုပ်ကာ ကိုင်ပေးထားလိုက်တော့
ကျေးဇူးတင်သည့် မျက်ဝန်းလေးတွေနဲ့ ကြည့်လာသည်။
YOU ARE READING
"ချစ်ခြင်း၏ ခုနစ်ရက်တာ"