အခန်း - ၅ (U+Z)

4.6K 419 1
                                    

(Unicode)

အခန်း - ၅

မင်းသားစက္ကပါလ၏ နန်းဆောင်၌ စက္ကပါလ၏ မယ်တော် အနောက် နန်းစံမိဖုရား ဒေဝစန္ဒီ ရောက်ရှိလျက် ရှိသည်။ မင်းသား စက္ကပါလသည် သူ၏ မယ်တော့် ပေါင်ပေါ်တွင် ခေါင်းတင်ထားလျက် ရှိသည်။ အနောက် နန်းစံမိဖုရားသည် စက္ကပါလ၏ ကျောပြင်ကို လက်နှင့် အသာအယာ ပွတ်သပ်လျက်ရှိပြီး နှစ်သိမ့်နေသည်။ စက္ကပါလ၏ အစဉ်အမြဲ ကြမ်းတမ်းသော စိတ်သည် ယခုအခါ တူမတူအောင် နွမ်းလျလျက် ရှိသည်။ သူ၏ မျက်လုံးထောင့်သည် ရဲရဲနီလျက်ရှိပြီး တစ်စုံတစ်ခု၏ အပေါ်၌ စိတ်ကို တင်းထားရဟန်ရှိသည်။ ထို့နောက်သူက သက်ပြင်းချလိုက်ရင်း သူ၏မယ်တော့် မျက်နှာကို မော့ကြည့်လိုက်သည်။

" မယ်တော်... အခြေအနေက မိဖုရားခေါင်ကြီးရဲ့ အာဏာက ပိုပြီးကြီးမားလာတယ်၊ ဒီတစ်ပတ် အတွင်းမှာပဲ သူ့ရဲ့ခြေလှမ်းတွေက ပိုပိုပြီး ကျဲလာတာကို သားတော်ခံစားမိတယ် "

" အင်း...မယ်တော်တို့က ဘာတတ်နိုင်မှာလဲ၊ အခုအချိန်မှာ မိဖုရားကြီး သူက အာဏာအရှိဆုံးပဲ မဟုတ်လား၊ ပြီးတော့ ရှင်ဘုရင် ရွေးချယ်ပွဲကလည်း နီးကပ်လာပြီ၊ ဒါပေမယ့် မယ်တော့်စိတ်တွေ လေးလံနေတယ်၊ ဒီအခမ်းအနားမှာ တစ်စုံတစ်ခု ဖြစ်လာလိမ့်မယ်လို့ မယ်တော် ခံစားနေရတယ် "

" မယ်တော်က အစိုးရိမ်လွန်နေပါပြီ "

" အင်း... ဒီလိုဆို ကောင်းတာပေါ့ သားတော် "

အနောက် နန်းစံ မိဖုရားက သက်ပြင်းချ၍ ပြောလိုက်သည်။ သို့သော် သူမ၏ မျက်နှာထက်မှ စိုးရိမ်နေသည့် အရိပ်အယောင်ကတော့ ကျန်ရှိနေဆဲပင် ဖြစ်သည်။ အနောက် နန်းစံမိဖုရား နန်းတော်မှ ထွက်ခွာပြီးနောက်တွင် နန်းဆောင်ထဲသို့ တပ်မှုးဒိဗ္ဗ ဝင်ရောက်လာသည်။ ထို့နောက်တွင် သူက မင်းသား စက္ကပါလ၏ အနားသို့ ကပ်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ မင်းသားစက္ကပါလ၏ မျက်နှာက အရောင်အမျိုးမျိုး ပြောင်းလဲနေသည်။ ထို့နောက်တွင် သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသတကြီး တောက်ခတ်လိုက်သည်။

" တယ်... ဒီအဘွားကြီး သေခါနီးမှ ဒီလို မဟုတ်တမ်းတရား အကြံမျိုးကို ကြံဝံ့တယ်လား၊ ဒီမင်းသားကို မျက်ကွယ် ပြုထားရဲတယ်ပေါ့လေ "

The Story Of A Prince (Complete - BL)Where stories live. Discover now