အခန်း - ၁၉ (U+Z)

2.5K 229 3
                                    

(Unicode)

အခန်း - ၁၉

        လူတစ်စု၊ သေသေချာချာ ပြောရလျှင် လူတစ်စုထက်တော့ ပိုသည်။ ထို လူစုက အင်အား တစ်ရာခန့်ရှိပြီး စနစ်တကျ လှုပ်ရှားနေသည်။ ဤအချက်တို့ကြောင့်လည်း ထိုတပ်အဖွဲ့က သေသေချာချာ လေ့ကျင့်ထားကြောင်း သိသာပြန်၏။ ရှေ့ဆုံးတွင် မင်းညီမင်းသား ဝတ်စုံကို ဝတ်ဆင်ထားသည့် သူက ဦးဆောင်ထားပြီး သူ၏ ဘေး၌ တပ်မှူးတစ်ဦးက ကျားနှစ်ကောင် အလံကို လွှင့်ထူထားသည်။ ထိုအလံကို မြင်သည်နှင့် ရန်သူ့ စစ်တပ်များဆိုလျှင် အစောကတည်းက ပြေးကြမည်သာ ဖြစ်သည်။ သို့သော် ယခု စေသုဒ္ဓါပြည်ထဲ၌ ဖြစ်သည့်အတွက် ထိုစစ်တပ် အလံကို မြင်သည်နှင့် အဝေးကတည်းက မြို့တံခါးကို ဖွင့်လှစ်ထားသည်။

" စေသုဒ္ဓါပြည်ရဲ့ အထူးစစ်တပ်ဖြစ်တဲ့ ကျားစစ်တပ် နန်းမြို့တော်ကို ဝင်လာပြီ၊ အားလုံးမြို့ရိုးပေါ်ကဆင်းပြီး ဒူးထောက်ပြီး ခစားကြ၊ ယက္ခမင်းက နန်းတော်ကို ကျားစစ်တပ် ရောက်ရှိကြောင်း သတင်းသွားပို့..."

           နန်းမြို့ရိုး၏ အစောင့် တပ်မှူး၏ အမိန့်နှင့်အတူ လက်ထောက်တပ်မှူး ယက္ခသည် ချက်ချင်း ထွက်ခွာသွားသည်။ ထို့နောက်တွင် အစောင့်တပ်မှူးသည် နန်းမြို့ရိုးပေါ်မှ ဆင်း၍ ကျားစစ်တပ်ကို ကြိုဆိုရန် စောင့်နေကြသည်။ ကျားစစ်တပ်သည် တဖြည်းဖြည်း နန်းမြို့ရိုး၏ အနီးသို့ ရောက်ရှိလာသည်။ ကျားစစ်တပ်၏ အလံကို ကိုင်ဆောင်ထားသည့် တပ်သားသည် မြင်းကို အပြင်းနှင်၍ နန်းမြို့ရိုးရှိရာသို့ ခပ်မြန်မြန် ရောက်လာသည်။ သူက အစောင့်တပ်မှူးအား ကြည့်ကာ ပြောလိုက်သည်။

" တပ်မှုး ဝရိန် မင်းသားကြီး ရောသိဒ္ဓပါ ဦးဆောင်လာတယ် ဒီသတင်းကို နန်းတော်ကို ပို့ပြီးပြီလား "

" ဟုတ်ကဲ့ပါ... ကျားသစ်တပ်မှူး ကျားစစ်တပ်ရဲ့ အလံတော်ကို မြင်ကတည်းက ဒီတပ်မှူးက သတင်းပို့လိုက်ပါပြီ "

" ကောင်းတယ်... အားလုံးပဲ မင်းသားကြီးကို သင့်ရာအရပ်ကနေပြီ ကြိုဆို ခစားကြ "

         ကျားစစ်တပ်၏ ကျားသစ် တပ်မှူး အသံက ဟိန်းကနဲ ထွက်သွားသည်။ ထိုအခါ နန်းမြို့ရိုး၏ အစောင့်တပ်သားတို့သည် မြေပြင်၌ ဒူးတစ်ဖက်ထောက်ကာ လက်နက်များကို မြေပေါ်ထောက်၌ ခေါင်းငုံ့ကာ ကြိုဆို ခစားကြသည်။ ကျားစစ်တပ်သည် နန်းမြို့ရိုးရှေ့သို့ ရောက်လာသည်။ မင်းသားကြီးသား နန်းမြို့ရိုး၏ အစောင့်တပ်များကို ကြည့်လိုက်သည်။ ထို့နောက်တွင် သူက မြင်းပေါ်မှ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

The Story Of A Prince (Complete - BL)Dove le storie prendono vita. Scoprilo ora