(unicode)
အခန်း - ၂၅
စေသုဒ္ဓါ ပြည်ထောင်၏ ညချမ်းအချိန် အခါသည် ဆိတ်ငြိမ် နေသည်။ မကြာခင် အချိန် အတွင်း၌ မိုးလင်းတော့မည် ဖြစ်သည့်အတွက်ကြောင့်လည်း နံနက်ခင်း အချိန်အခါကို ရောက်ကြောင်း မြည်သံပေးတတ်သည့် ကျေးငှက် သတ္တဝါ ကလေးများ၏ အသံကလည်း ဟိုမှသည်မှ ထွက်ပြူစပြု၍ နေသည်။ ထိုသို့ ဆိတ်ငြိမ်နေသည့် ပြည်ထောင်အတွင်း ရုတ်တရက် ဆူဝေသည့် အသံတစ်ခုက နန်းမြို့တော်ဆီမှ လွင့်ပျံလာသည်။ ထိုအသံသည် ပထမဦးစွာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အသံလှိုင်းတို့က တဖြည်းဖြည်းချင်း ပျံ့နှံ့သွားသည်။ စည်တော်...သေသေချာချာ ပြောရမည် ဆိုပါက ထိုအသံသည် နန်းတော်၏ မဟာစည်တော်မှ ထွက်ပေါ်လာသည့် အသံဖြစ်သည်။
တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ထွက်ပေါ်လာသည့် အသံက စေသုဒ္ဓါ ပြည်ထောင်အတွင်း နေထိုင်သူအားလုံးကို အိပ်ရာမှ လန့်နိုးသွားစေသည်။ ပြည်ထောင်တစ်ခုလုံး ဟိုမှသည်မှ ဆူညံသံများ ထွက်ပေါ်လာပြီး အလင်းရောင်သည်လည်း တစ်စွန်းတစ်စ ထွက်ပြူ၍လာလေသည်။ အချိန်ကား မိုးလင်းရန်အတွက်ပင် အမှတ်ပေးအသံ တစ်ချက်ကျော်လောက်သာ လိုတော့သည့် အချိန်ဖြစ်၏။ ရုတ်တရက် မြည်ဟီးလာသည့် မဟာစည်တော်အသံကြောင့် တိုင်းသူ ပြည်သားအားလုံး တုန်လှုပ် ခြောက်ခြားသွားကြမည်မှာ မလွဲမသွေပင်။
ပြည်ထောင်တစ်ခု၏ နန်းမြို့တော်မှ အရေးကြီးသည့် အခမ်းအနား၌သာ တီးခတ်သည့် စည်တော်၏ ရုတ်တရက် မြည်ဟီးလာမှု။
စည်တော် သုံးချက်တီးခြင်းသည် တော်ဝင်မျိုးဆက်မှ မင်းသားတစ်ပါး သို့မဟုတ် မင်းသမီးတစ်ပါး ဖွားမြင်လာခြင်းကို ဆိုလိုသည်။ စည်တော်သံ ငါးချက်တီးခြင်းသည် နန်းတော်အတွင်း အရေးကြီးသည့် အချက်တစ်ခု ဖြစ်ပေါ်လာခြင်းကို ပြောခြင်းဖြစ်သည်။ စေသုဒ္ဓါပြည်ထောင်၏ ယခင် ပြည့်ရှင်ဘုရင် မရိန်ဓ နတ်ရွာစံစဥ်က စည်တော်သံကိုးချက်တီး၍ ပူဆွေးခြင်းကို ပြသခဲ့သည်။ ယခုမူကား ထွက်ပေါ်လာသည့် စည်တော်သံသည် သုံးချက်မဟုတ်၊ ငါးချက်လည်းမကဘဲ ကိုးချက်ပင် မလုံလောက်ချေ။ မရေမတွက်နိုင်သည့် တရစပ် တီးခတ်နေသည့် စည်တော်သံပင်ဖြစ်၏။ ထို့အတွက်ကြောင့်လည်း တိုင်းသူ ပြည်သားများ အနေဖြင့် တုန်လှုပ်ခြောက်ခြားနေခြင်း ဖြစ်သည်။
YOU ARE READING
The Story Of A Prince (Complete - BL)
Fantasyမင်းသားတစ်ပါး၏ ပုံပြင် ဆိုသည့်အတိုင်း ဒီဇာတ်လမ်းပါ အကြောင်းအရာအားလုံးက ကျွန်တော့်ရဲ့ စိတ်ကူးယဥ် သပ်သပ်သာ ဖြစ်ပါတယ်။ ဒါဆိုရင် ဇာတ်လမ်းလေးကို စပြီး မိတ်ဆက်ပေးပါ့မယ်။ မဏိရောဂတိုင်း၊ စေသုဒ္ဓါပြည်ထောင်၏ ပြည့်ရှင် မရိန်ဓတွင် သားတော် ကိုးပါးရှိ၏။ ယင်းသားတ...