12

954 68 0
                                    

မျှော်လင့်ခဲ့ရသော ကျောင်းသင်္ကြန်သည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သကဲ့သို့ တိုတောင်းလှပေ၏။

သင်္ကြန်အစစ်ကဲ့သို့ ရက်တော်တော်ကြာ ဆင်နွှဲချင်လှသည် ဟု ကျောင်းသားတို့ ညီးညူကြသည်။

အမှန်စင်စစ် ရက်ကြာပါက ကျောင်းသားတို့မှာ ကျောင်းစာဘက်သို့ ဦးတည်နိုင်ကြလိမ့်မည်မဟုတ်။

ခဏသာ ၀င်ကခဲ့သော သူ သည်ပင်လျှင် တစ်ကိုယ်လုံးညောင်းညာကိုက်ခဲလှသည်။ ဟို အကစိန်လေး မည်သို့ ရှိမည်ကို တွေးရင်း ကိုယ်ချင်းစာမိပြန်၏။

         ကျောင်းသားတို့ ကြိုက်သောပွဲပြီးလျှင် မကြိုက်သောပွဲကား မကြုံချင်လည်း ဇွတ်ရောက်ချလာတော့မည်။ ထိုသည်ကား စာမေးပွဲ တည်း။

တက္ကသိုလ် ဟူသည် ပျော်ရာ၌ ပျော်၍
စာမေးပွဲနီးလျှင် စာကြည့်လျှင် အောင်မည်ဟု စီနီယာတို့၏ အာဘော်အရ တစ်နှစ်ပတ်လုံး စာဘက်သို့ အာရုံမရှိခဲ့သော သူသည် စာမေးပွဲနီးသောအခါ အပူတပြင်း စာစုရတော့သည်။

စာစုရသည် ဆိုသည်မှာ စာအုပ်ထဲ၌ လက်ချာမရှိ၍ noteရှိသောသူငယ်ချင်းများဆီမှ မိတ္တူဆွဲရခြင်းပါပေတည်း။ ဤကာလ၌ ကျောင်းရှေ့က မိတ္တူဆိုင်လေးမှာ ကျောင်းသားများ တဖွဲဖွဲ ၀င်လာမစဲရှိတော့သည်။

           အကြောင်းပြချက်ကောင်းကောင်းရှိပေပြီ။ ဤမိတ္တူဆိုင်၌ လူရှုပ်နေသည်။ သူမတို့အဆောင်နားက ဆိုင်သို့ သူက လေတချွန်ချွန်ဖြင့် ထွက်လာခဲ့၏။

      ကျောက်ဆည်၏ ညနေသည် လိမ္မော်ဖျော့ရောင် တိမ်လွှာတို့ကြောင့်
ရီဝေလွမ်းမောဖွယ်ရာပင်။ သူ၏ အချစ်တော် စိမ်းပုပ်ရောင် ကလစ်
ဆိုင်ကယ်လေးသည်ဆည်းဆာ၏လိမ္မော်ရောင်ကို ဆမ်း၍
ငြိမ့်ညောင်းစွာဖြင့် သူ့တည်းဟူသော အချစ်ကျွန်ကို ချစ်သခင်မဆီ သယ်ယူပို့ဆောင်လေ၏။

           သို့ရာတွင် သူ တစ်ယောက်
အချစ်၏ ၀င်းဖန့်ဖန့် မျက်နှာလေးကိုမူ အရိပ်အယောင်မျှ မမြင်ခဲ့ရ။ စာမေးပွဲနီးလျှင် အချို့ကျောင်းသားများ private study ၌ အိမ်ပြန်ကြသည်ဖြစ်ရာ သူမလည်း ထိုအထဲ ပါ၍ထင်ပါသည်။

private study ချိန်၌

၀င်းကြည်ရှိန်းမြနေသော မျက်နှာ‌နုနုလေးကို သူ မတွေ့မမြင်ရတာ ကြာပြီဖြစ်၍ အလွမ်းဟူသော ဂြိုလ်ကောင်က တဆစ်ဆစ်နှင့် သူ့ကို နှိပ်စက်လှသည်။

ညည ၌ လည်း active now ဖြစ်မလာသော account အစိမ်းလိုက်ကြီးကို သူခဏခဏ ၀င်ကြည့်မိပါ၏။ စာမေးပွဲ ဆိုသော အကောင်က ရှိသေး၍ စာအုပ်လှန်ကြည့်သည်။

အလို စာအုပ်ထဲ၌ သူမကလေး၏ အပြုံးလက်လက်တို့က ဝေဝေဆာဆာ။

ဪ လွမ်းသည်။ သတိရသည်။

ပြီးတော့....... ချစ်သည် ။
         
*****

စာမေးပွဲကို မကြိုက်သော သူသည် ဤအခါ၌ စာမေးပွဲကို ချစ်သွား၏။

တတိယနှစ်များနှင့် သူတို့ ပထမနှစ်များမှာ ညနေပိုင်း စာဖြေချိန် တူနေ၍ပင်ဖြစ်သည်။ စာမေးပွဲ ရက်တိုင်း အဆောင်မှ ခပ်စောစောပင် ထွက်လာခဲ့သည်။ အခန်းထဲသို့ မ၀င်ခင် ကော်ရစ်တာ၌ ရုံးစုနေ‌ကြသော ကျောင်းသားများထဲ၌ သူမကို ရှာဖွေ လိုက်ကြည့်သည်။ တွေ့လည်း တွေ့ပါသည်။

မျက်မှန်ထူထူ အောက်က မျက်၀န်းလေးများက သူ့ကို မမြင်ချင်ဟန် ဆောင်လေတော့ အသည်းမှာ  ခပ်ဆွေးဆွေးနှင့် နာကျင်ရပါ၏။ မတတ်နိုင်ပါလေ။ ချစ်မိရသူက ကိုယ့်အပြစ်နှင့်ကိုယ်မို့ ခင်ဗျား တစ်ယောက် စိတ်ဆိုးနေလည်း ကျွန်တော်ကဖြင့် ဆက်ချစ်နေမှာပါပဲ " မီ"

                 စာမေးပွဲ နောက်ဆုံးနေ့ဖြစ်သည်။ ဤ ဘာသာမှာ first sem က C ရထား၍သာ သက်ပြင်းချနိုင်၏။
သူ စာမဖြေနိုင်၍ စောစောပင် အခန်းထဲမှ ထွက်ခဲ့လိုက်သည်။

           ကျောင်းနှစ်လပိတ်‌လျှင် သူမကို တွေ့ရမည့် အခွင့်အရေးမှာ မရှိလေတော့။ထို့ကြောင့် ချစ်ရသူကို နှုတ်ဆက်ချင်ပါလေသည်။

စာမေးပွဲခန်းသည် သုံးထပ်ဆောင် အပေါ်ဆုံးထပ်ဖြစ်သည်။ သူသည် လှေကားအဆင်း၌ ရပ်လိုက်သည်။ ရှိသမျှ အား တို့ကို တင်း၍ ချစ်သောသူ့အလာကို စောင့်မျှော်လိုက်သည်။

           ကျောင်းသားတို့ တစ်အုပ်ပြီးတစ်အုပ်၊ တစ်ဦးပြီး တစ်ဦး ထွက်လာကြသည်။ မျှော်ရသူကား ပေါ်မလာသေး။ နောက်ဆုံးပိတ် သံချောင်းသံ ထွက်ပေါ်လာ၏။ သူ အပေါ်ထက်သို့ အပြေးတက်လိုက်သည်။ တစ်ခန်းပြီး တစ်ခန်း ရှာသည်။ရှာ‌ကြည့်သည်။ ချစ်ရသူကိုကား မတွေ့ ။ မတွေ့ပါတကား။

ဘယ်ကိုများ ပုန်းရှောင် သွားပါသလဲ
ချစ်သော လိပ်ပြာရယ်။ ဖမ်းရ ခက်လိုက်ပါဘိကွယ်။
              သူသည် ခေါင်းငိုက်စိုက်ချ လျှက် လေးကန်တွဲရိနေသော ခြေလှမ်းများနှင့် ထွက်လာခဲ့တော့သည်။

ကျွန်တော့်ရဲ့crushTempat cerita menjadi hidup. Temukan sekarang