အိပ်ယာဘေးက ပန်ကာကတဝီဝီလည် နေပါသော်လည်း ရင်ထဲက အပူတို့က လျော့မသွား။
ညနေစာလည်း စားမထားသည်ကို ရင်ထဲပြည့်သိပ်မွန်းကျပ်နေသည်။
အပျင်းပြေဆော့နေကျ ဂိမ်းသည်လည်း စိတ်ကို ရွှင်လာအောင် မစွမ်းနိုင်။အခန်းကိုက မွန်းကျပ်နေသလိုပါပဲ။ အပြင်ထွက်၍ ညလေညင်းရဲ့ အေးမြမှုကို တ၀ကြီးရှုရှိုက်လိုက်သည်။
× × × နင်သာကြည်ဖြူမယ်ဆို ငါဖွင့်ပြောလိုက်ချင်တယ် ×××
ဒန်းပေါ်မှာ တစ်ယောက်ထဲ ဂီတာတီးနေသော ကိုရန်ဟိန်းဆီ မှ သီချင်းသံကွဲကွဲ က ဆွေးမြေ့စရာ။
သူက ကိုရန်ဟိန်းဆီ လေးတွဲစွာ လျှောက်လာခဲ့သည်။"ဟေ့ကောင် မှုန်မိုင်းလို့ပါလား၊ ရော့ ယူဦးမလား"
သူ သောက်လိုက်စ ဆေးလိပ်တိုကို ကမ်းပေးသည်။ ဖော်ရွေတတ်သော ကိုရန်ဟိန်းသည် အရပ်ရှည်ရှည် အသားညိုညိုနှင့် နွားထိုးကြီးသားတစ်ယောက်ဖြစ်သည်။
"တော်ပြီဗျာ ဂီတာလေးသာ ခဏငှား "
အခန်းထဲကဂီတာ ကို သွားမထုတ်ချင်တော့၍ ကိုရန်ဟိန်း ဂီတာလေးကို ကောက်ယူလိုက်ပြီး ဒန်းဘေးက ခုံတန်းပေါ်ထိုင်၍ နေရာယူလိုက်သည်။
မျက်မှန်ဝိုင်းဝိုင်းအောက်က ညိုလဲ့လဲ့
မျက်၀န်းတို့က မျက်လုံးထဲကမထွက် ။ ဦးနောက်ထဲ တဝဲလည်လည်။× × × ကြည်ပြာရီဝေသော × × × အကြည့်နဲ့ညို့တဲ့သူ × × × ကျွန်တော့်ရဲ့ကြင်နာသူ×××
ရပ်လိုက်သည်။ မဟုတ်ဘူး နှောင့်ယှက်ခံနေရတာ။ အပြုံးချိုချို။ ဟုတ်တယ်။ အေးချိုမြလှစွာသောအပြုံးတို့။
× × × အပြုံး × × × စွဲလမ်းမိတဲ့ငါ အရှုံး ...
ရပ်လိုက်ရပြန်ပါပြီ။ ဒီတစ်ခါတော့ မြင်ကွင်းထဲပေါ်လာသည်ကာ အပြုံးမဟုတ် ၊ နားလည်ရ ခက်သော နှုတ်ခမ်းလှုပ်ရှားမှုတစ်ခု ။
နောက်
တင်းတင်းရိရိ စေ့ထားသော ပန်းဖြူနုရောင် နှုတ်ခမ်းလွှာလေးများ။"ဟေ့ကောင် တော်တော့ကွာ ။ မင်းဟာက feel တောင်ငုတ်တယ် ။ ဆိုမှာဖြင့်လည်း ဆိုတာမဟုတ်ဘူး "