Unicode font
အချစ်ဟုခေါ်သည် [ It’s love ]
အပိုင်း (၁)မကြာခင်အချိန်အတွင်း စတင်တော့မယ့် မင်္ဂလာပွဲအတွက်ပြင်ဆင်မှုများနှင့် လှုပ်ရှားသက်၀င်နေသော အခန်းကျယ်ကြီးထဲ မိန်းမလှလေးများရဲ့ စကားပြောသံ၊ ရယ်သံတွေနဲ့ဆူညံနေသည်။ သတို့သမီးနဲ့အတူတန်းစီပြီး အလှပြင်ခံနေကြတဲ့ သူငယ်ချင်းတွေအချင်းချင်း စနှောက်ပျော်ရွှင်နေကြသည်။ သတို့သမီးအရံလုပ်ပေးမယ့်သူများ၊ ပန်းကုံးကိုင်ပေးမယ့်သူ၊ လက်စွပ်ဗန်းကိုင်ပေးမယ့်သူတွေနဲ့ လူချမ်းသာသားသမီးတိုရဲ့မင်္ဂလာပွဲပီပီ ချဲ့နိုင်သမျှချဲ့ကြလေသည်။ သတို့သမီးသာမက အရံတွေရော တခြားလူတွေပါပြင်ဖို့ နာမည်ကြီးမိတ်ကပ်ဆရာများ လေးငါးယောက်ခေါ်ထားပြီး အလှပြင်ဖို့ကိုတောင် ဟိုတယ်က အကျယ်ဆုံးအခန်းကို ငှားထားလေသည်။ သတို့သမီးလောင်းနားမှာ ရှိနေတဲ့ ငွေရောင်တွေတလက်လက်ဖြာထွက်နေသော Wedding Dress အဖြူလေးဟာ လှပတဲ့သတို့သမီးနဲ့လိုက်ဖက်ညီစွာ ညချမ်းချိန်ခါမင်္ဂလာပွဲအတွင်းမှာ လင်းလက်တောက်ပနေမှာပါ။
အခန်းထောင့်မှာ စကားတစ်ခွန်းမှ၀င်မပြောပဲ ငြိမ်ငြိမ်လေးအလှပြင်ခံနေတဲ့ ရင်ငြိမ်းကတော့ လက်စွပ်ဗန်းကိုင်ပေးရမှာပါ။ သတို့သမီးဖြစ်တဲ့မမမောင်တစ်ယောက်နဲ့သာသိပြီး သူ့ရဲ့တခြားသူငယ်ချင်းတွေနဲ့ မရင်းနှီးသောကြောင့် ဘယ်သူမှလဲ ရင်ငြိမ်းကို အရေးတယူ စကားမပြောသလို သူမကလဲ ဘယ်သူ့ကိုမှမိတ်ဖွဲ့ပြောဆိုခြင်းမရှိပါ။ ဘွဲ့ယူတဲ့တစ်ချိန်ကလွဲလို့ တစ်ခါမှကြီးကြီးကျယ်ကျယ်အလှမပြင်ဖူးတဲ့ ရင်ငြိမ်းဟာ မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ရင်း လှသားပဲလို့ တွေးမိရင်း ပြုံးမိသွားသည်။
“ဘယ်လိုလဲ လှတယ်မလား ညီမလေးကိုပြင်မယ်ဆိုကတည်းက ဒီလိုပုံစံလေးနဲ့လိုက်မယ်ထင်လို့လုပ်ပေးထားတာ”
ဂုတ်ပေါ်မထိတထိဆံပင်လေးများရဲ့အဖျားကို အပြင်ဘက်လိပ်ထားတဲ့ပုံဟာ လူတိုင်းနဲ့မလိုက်ဖက်နိုင်ပေမယ့် သူမနဲ့တော့ အလွန်ကိုလိုက်ဖက်နေပါသည်။ ခုနက စကားများနေကြတဲ့အဖွဲ့ကလဲ စကားသံကြားလို့ ရင်ငြိမ်းကို လှည့်ကြည့်နေကြသည်။ အားလုံးပြင်နေကြတဲ့အထဲ ရင်ငြိမ်းတစ်ယောက်သာ အရင်ဆုံးပြီးသူမလား။ သူတို့တွေက ဟိုလိုလုပ်ပေး၊ ဒီလိုလုပ်ပေးနဲ့ ပြင်ပေးသူတွေကို ဆရာလုပ်ရင်း မပြီးနိုင်ကြသေးပေ။
YOU ARE READING
7️⃣ အချစ်ဟု ခေါ်သည် [ It's love ]
Romanceသူတို့အားလုံးဟာ အချစ်ဆိုတဲ့ခေါင်းစဉ် တစ်ခုအောက်မှာ ဘယ်သူကမှ မမှားပဲ ချစ်မိကြတဲ့လူသားများသာ ဖြစ်ပါသည်။ ချစ်ခြင်းဟာ အပြစ်ကင်းသော်လည်း လူတွေရဲ့အလိုဆန္ဒ မတူညီမှုတွေကြောင့် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲကာ ကွဲပြားသွားရသည်။ ပြီးတော့ ထိုအရာကိုပဲ အချစ် ဟုခ...