Unicode font
အချစ်ဟု ခေါ်သည် [ It’s love ]
အပိုင်း (၂)စစ်နိုင်သူနဲ့ရင်ငြိမ်းအေး
စစ်နိုင်နဲ့ရင်ငြိမ်း စတင်တွေ့ဆုံပုံက ရယ်ဖို့ကောင်းလှသလို၊ အမှတ်ရစရာလဲကောင်းလွန်းလှသည်။ အဲ့ဒီနေု့တုန်းက မေမေ့ လုံချည်စကိုဆွဲကိုင်ပြီး နောက်မှာကွယ်ရပ်နေတဲ့ရင်ငြိမ်းက ပစ္စည်းတွေပစ်ပေါက်ကာ အော်ဟစ်သောင်းကျန်းနေတဲ့ စစ်နိုင်ကို ချောင်းကြည့်နေခဲ့သည်။ ရင်ငြိမ်းနဲ့ရွယ်တူ အသက်ငါးနှစ်အရွယ် လူသားသေးသေးလေးဟာ အရွယ်နဲ့ မလိုက်ဖက်စွာ ဒေါသကြီးလွန်းလှပေသည်။
“စာမသင်ချင်ဘူး မလာနဲ့ ဘယ်သူမှ ဒီအခန်းထဲ မ၀င်ခဲ့နဲ့”
အခန်းထဲရှုပ်ပွနေတဲ့ အရုပ်ပေါင်းစုံကို ကောက်ပစ်နေပြန်သေးသည်။ သူ့ကိုစာသင်ပေးမယ့် ရင်ငြိမ်းအမေကိုမြင်တော့ ပိုသောင်းကျန်းလေတော့သည်။ အမေက ဘယ်အိမ်ကိုမှ စာလိုက်မသင်ဖူးပေ။ အရမ်းဆိုးတဲ့ဒီကလေးလေးကို သင်ပေးဖို့ ငှားသမျှဆရာမတိုင်း ထွက်ပြေးကြပါသည်တဲ့။ သူဒီလိုတွေ သောင်းကျန်းပြနေမှတော့ ဘယ်ဆရာမမှသင်ပေးချင်မည် မဟုတ်ပါ။ ဒါကြောင့် စိတ်ရှည်ပြီး ကြင်နာတတ်တယ်လို့ နာမည်ကြီးတဲ့မေမေ့ကို သူ့အဖေက စာသင်ပေးဖို့အိမ်အထိ လာတောင်းဆိုသွားခြင်းဖြစ်သည်။ သားအမိနှစ်ယောက်ထဲရှိသောကြောင့် မေမေက ရင်ငြိမ်းကို အိမ်မှာတစ်ယောက်ထဲ ထားလေ့မရှိပဲ သွားလေရာခေါ်သွားတတ်သည်။ ရင်ငြိမ်းတစ်ယောက်ထဲထားခဲ့ဖို့မဖြစ်နိုင်လို့ မေမေကငြင်းတော့ သူ့အဖေ ဦးနိုင်သူက သူတို့သားနဲ့ရွယ်တူဖြစ်သောရင်ငြိမ်းကိုပါခေါ်လာပြီး စာအတူတူသင်ပေးဖို့ သဘောတူခဲ့ပါသည်။
စစ်နိုင်ရဲ့အဖေက နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ မင်းနိုင်သူဆိုတဲ့အစ်ကိုတစ်ဦးရှိပြီး အဖေနဲ့အစ်ကိုရဲ့ ချစ်ခြင်း၊အလိုလိုက်ခြင်းတွေနဲ့ ဆိုးနေတဲ့ကလေးတစ်ယောက်ပါ။ စစ်နိုင်ကအမေမရှိတော့သလို ရင်ငြိမ်းရဲ့အဖေလဲ မရှိတော့ပါ။ ရင်ငြိမ်း အဖေက မနှစ်တုန်းကဆုံးပါးသွားပြီး အမေဖြစ်သူကျောင်းဆရာမဒေါ်ရင်ရင်မေနဲ့ သားအမိ နှစ်ဦးတည်းသာ အမေတစ်ခု၊သမီးတစ်ခုဘ၀နဲ့ နေပါသည်။
YOU ARE READING
7️⃣ အချစ်ဟု ခေါ်သည် [ It's love ]
Romanceသူတို့အားလုံးဟာ အချစ်ဆိုတဲ့ခေါင်းစဉ် တစ်ခုအောက်မှာ ဘယ်သူကမှ မမှားပဲ ချစ်မိကြတဲ့လူသားများသာ ဖြစ်ပါသည်။ ချစ်ခြင်းဟာ အပြစ်ကင်းသော်လည်း လူတွေရဲ့အလိုဆန္ဒ မတူညီမှုတွေကြောင့် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲကာ ကွဲပြားသွားရသည်။ ပြီးတော့ ထိုအရာကိုပဲ အချစ် ဟုခ...