အပိုင်း ၁၀

1.2K 52 0
                                    

Unicode font

အချစ်ဟု ခေါ်သည်  [ It’s love ]
အပိုင်း ( ၁၀ )

နံနက်ခင်းလေးဟာ နေခြည်နွေးနွေးနဲ့ ကြည်လင်သာယာနေပေမယ့် ရင်ငြိမ်းရင်ထဲမှာတော့ မသာယာနိုင်ခဲ့ပါ။ ကိုကြီးဟာ သူမ တစ်ချက်လေး ငြင်းခဲ့ရုံနဲ့ အိမ်ထောင်ချပေးဖို့ကို လွယ်လွယ်လက်လျော့လိုက်မယ့်သူမျိုး မဟုတ်ပါ။ ဒါပေမယ့် ရင်ငြိမ်းဟာ ကိုကြီး စီစဉ်သမျှ ခေါင်းငုံ့ခံနေတော့မည်မဟုတ်ကြောင်းကို ကိုကြီး သိသင့်ပါသည်။ မချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်သူနဲ့မှ လက်ထပ်ချင်စိတ် မရှိပါ။ သူမဘ၀မှာတစ်ဦးတည်းသော ချစ်ရသူဖြစ်တဲ့ စစ်နိုင်ကို ဘယ်လိုအကြောင်းနဲ့မှ စိတ်မဆင်းရဲစေချင်ပါ။ သူ့အိမ်ထောင်ရေး အဆင်ပြေစေဖို့ သူမ ကတိတည်မှ ဖြစ်ပါမည်။

သူတို့နှစ်ဦးကြားက သံယောဇဉ် အတိမ်အနက်ကို ကာယကံရှင် နှစ်ယောက်ကလွဲလို့ ဘယ်သူကများ ပိုသိနိုင်မှာလဲလေ။ တွယ်တာစရာဘာမှမရှိတဲ့၊ ဆွေမျိုးရင်းမရှိတဲ့ တစ်ကောင်ကြွက်ဘ၀မှာ စစ်နိုင်သာလျှင်သူမဘ၀ရဲ့ အရာရာအဖြစ် ရှိနေခဲ့တာ အမေ ဆုံးသွားပြီးကတည်းကပါ။ သူမအဖြစ်ကို ကိုယ်ချင်းစာနိုင်မယ့်သူ တစ်ဦးတစ်ယောက်မှ ရှိမှာမဟုတ်တဲ့အပြင် အိမ်ထောင်သည်ယောကျာ်းကို စောင့်မျှော်နေတဲ့သူလို့သာ စွပ်စွဲကြပေလိမ့်မည်။

ဒါပေမယ့် သူမနဲ့စစ်နိုင်ကြားမှာ ထောင့်ငါးရာအချစ်သာမကပဲ ငယ်စဉ်ကတည်းကနေ အခုအချိန်ထိ မခွဲမခွာအရိပ်လို တတွဲတွဲနေခဲ့ကြတဲ့အဖြူရောင် သံယောဇဉ်ကိုတော့ ဘယ်သူမှ မြင်နိုင်မည် မထင်ပါ။

ပြီးတော့ သူမလက်မထပ်နိုင်ခြင်းမှာ စစ်နိုင်ကို စောင့်မျှော်နေခြင်း မဟုတ်။ ဘယ်သူက ကိုယ်မချစ်၊ မနှစ်သက်တဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ယောကျာ်းကို လက်ထပ်ချင်မှာလဲလေ။ သူမ နှလုံးသားဟာ အခြားတစ်ယောက်ကို မချစ်နိုင်တော့့သလို ချစ်ဖို့ လဲမကြိုးစားချင်မိပါ။ အချစ်ဆိုတာ ဖန်တီးလို့ရနိုင်တဲ့အရာ မဟုတ်သလို ဖျက်ဆီးပစ်လို့ ရနိုင်တဲ့အရာလဲမဟုတ်ခဲ့တော့ကွယ်။ အချစ်ဟာ သူ့ဘာသာသီးသန့်ရှိနေရင် အလွန်မြတ်နိုးစွာ ဖက်တွယ်ထားဖို့ကောင်းပေမယ့် အချစ်နဲ့အတူ အတ္တ၊မာနနဲ့ လောဘတွေဒွန်တွဲလာခဲ့ရင်တော့ အဲ့ဒီအချစ်ဟာ ဘာများတပ်မက်ချင်စရာကောင်းတော့မှာလဲနော်။ စစ်နိုင်ကိုရင်ထဲ ထည့်ထားပြီး အခြားယောကျာ်းတစ်ယောက်နဲ့အတူ ရှိနေဖို့ဆိုတာ အဲဒီလူအပေါ် မတရားဘူးလို့သာ တွေးထင်မိပါသည်။ သူနဲ့အတူတူ မနေရပေမယ့်လည်း သူ့နေရာမှာ အစားထိုးဖို့ အခြားယောကျာ်းတစ်ယောက်ကို လက်ထပ်လိုက်ခြင်းက မှန်ကန်တဲ့လုပ်ရပ်လို့ မထင်မိပါ။

7️⃣ အချစ်ဟု ခေါ်သည် [ It's love ]Where stories live. Discover now