ep ... (29)

1.9K 272 27
                                    














[ ခမ်းနားခြင်း ကင်းမဲ့ ]

... Crazy in Luv ...




" လှတယ်မို့လား "



" အင်း "



နေမင်းသည်က အနောက်အရပ်ဆီအနည်းငယ် နိမ့်ဆင်းစပြုနေပြီဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခွင်က နေခြည်မရှိတော့သည့် ရောင်နီတွင် ဆိတ်ငြိမ်လို့ ။ နှင်းဆီပွင့်တို့ကြားမှ မီးတိုင်းငယ်များသည်က ပြာလဲ့သောအရောင်အဆင်းကို ကိုယ်စီကိုယ်စီ ဖြန့်ကျက်ပြသရဲ့ ။



ပန်းခင်းအလယ်ရှိ စိမ်းဖန့်ဖန့်ငါးကလေးများကူးခတ်ရာ ကြည်လင်သောရေကန်အပေါ် လွမ်းမိုးဖြတ်ကူးထားလေသော အဝါရောင်ကုန်းတံတားငယ် ။



အရောင်းအသွေးစုံလင်လွန်းလှသော သဘာဝပန်ချီကားတစ်ချပ်ဟာ ကိုယ့်ရှေ့မှောက်မှာ မျက်ဝါးထင်ထင်ရှိနေပါသော်လည်း တံတားလက်ရန်းမှာ လက်ထောက်မေးတင်လို့ လွတ်လပ်သယောင်ကူခတ်နေသည့် လက်တွေ့တွင် ပိတ်လှောင်မိနေသော အစိမ်းရောင် ငါးကလေးများကိုသာ ကြည့်နေမိတယ် ။


သိမ်မွေ့စွာခမ်းနားလွန်းသော အဆုံးမရှိနှင်းဆီပင်လယ်ပြင်ကြီးအတွက် ကိုယ့်အဖြေစကားလေးတစ်လုံးဟာ သိပ်ကို လုံလုံလောက်လောက်ကြီး မတရားဘူးဆိုတာ ကိုယ်သိပါရဲ့ ။ ဒါပေမယ့်လည်း ဒီအခြေအနေမှာ ဒီနှင်းဆီခင်းဟာ ကိုယ့်မျက်လုံးထဲ တိုးဝင်နိုင်ပါတော့မလား ။



" အင်း ? ဒါပဲလား "



" အဲ့ဒါထက် ဘာများပိုရဦးမှာလဲ "



သူသဘောမကျ ။ အားမလိုအားမရဖြစ်သည်ဆို ပိုမှန်မလား ။ မျှော်လင့်ချက်တွေအများကြီး ထားမိတဲ့အခါ ပျက်ဆီးသွားတာတွေဟာ နွမ်းဖက်ဖက်ရော်ရွက်ဝါတွေ ။ ယုံကြည်မှုတွေ ပျက်ဆီးရရင်တော့ ပင်စည်တစ်ခုရဲ့အမြစ်ပါသေရတယ်ဆိုတာ Haein သိလေမလား ။



" မမ သိပ်အံ့သြသွားမယ်ထင်ထားတာ "



" မမမှာ Haein နဲ့ပတ်သတ်ပြီး ဒီ့ထက်ပိုတဲ့ အံ့သြစရာတွေရှိနေတော့လေ ပန်းခင်းကသိပ်ပြီး အံ့သြစရာမဖြစ်တော့ပါဘူး "



သူမ မျက်ခုံးတွေက သိလိုစိတ်နဲ့တွန့်ချိုးသွားကြတယ် ။ အဖြူစွတ်စွတ်ကုတ်အရှည်ပေါ်မှာ အဝါရောင်မာဖလာတစ်ထည် လွမ်းခြုံလေတဲ့ Haein က နှင်းတို့နှင့်အပြိုင် ဖြူစင်လွန်းသော အသားအရေနှင့် ဆံနွယ်နက်နက်တို့ကို ခပ်မြင့်မြင့်မြှောက်စည်းထားရင်း ကိုယ်သိခဲ့ရသည် Haein အတိုင်း ။ 



ဒါနဲ့များ Haein ဟာ ဘာလို့ Haein မဖြစ်ရတော့သည်လဲ ။ မဟုတ်သေး . . Haein ဟာ Haein အတိုင်းသာ ဆက်လက်ဖြစ်တည်နေဆဲလည်း ဖြစ်ချင်ဖြစ်မည် ။ ကုမ္ပဏီအလုပ်တွေမှာသာ ခေါင်းနစ်နေခဲ့တဲ့ ကိုယ်ဟာပဲ Haein ကို မသိနိုင်ခဲ့တာများလား ။




" Lisa ကို ဓားနဲ့ထိုးခိုင်းခဲ့တာက Haein ဆို "



" အဟင်း . . . သူက ပြောပြတာလား "



" သူသိမ်းထားတဲ့ ဖိနပ်လည်း ယူသွားတယ်တဲ့ "



" အဲ့ဒါက အစကတည်းက Haein အပိုင်ပါ "



" ဒါဆို သူ့ဖေဖေကိုရော ဘာဖြစ်လို့ ဒီကို ခေါ်လာရတာလဲ "



" ကျစ် ! ! အဲ့ဒီမိန်းမက ဘာမဆို အဲ့ဒီလိုပဲ မမကို ပြန်တိုင်နေကျလား "



ဆံနွယ်တွေဆီ လက်ချောင်းတို့သပ်တင်ရင်း တစ်ဖက်ကို လှည့်သွားတဲ့ Haein က အနည်းငယ်တော့ဖြင့် စိတ်ဆိုးသွားသည့်ပုံ ။ ကိုယ်သိခဲ့တဲ့ Haein ဟာ ဒီလို စိတ်လိုက်မာန်ပါတုန့်ပြန်တက်တဲ့ သူမျိုးမှ မဟုတ်တာ ။



Haein ဟာ ဘယ်အချိန်ကတည်းကများ ပျောက်ကွယ်နေခဲ့တာလဲ ။


" ဒီနေရာမှာလာပြီး အဲ့မိန်းမအကြောင်း ပါးစပ်ကမချတမ်းပြောနေရတာကိုက ကျက်သရေမရှိတာပဲ "



" Haein ဘာလို့ အဲ့လောက်တောင် ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာလဲ "



" မမလူလည်း ရိုင်းတာပဲလေ Haeinကိုမှ လာမဆုံးမနဲ့ ! "



ဒီတစ်ခါ ဆံနွယ်တွေမှာ လက်ထိုးဖွမိသူဟာတော့ ကိုယ် ။ လူနှစ်ဦးရဲ့ အနည်းငယ်ကျယ်လောင်လာတဲ့ စကားသံတွေကြောင့် စိမ်းဖန့်ဖန့်ငါးကလေးတွေတောင် ရေပြင်ပေါ် ရှပ်ပြေးမနေကြတော့ဘူး ။



ပတ်ဝန်းကျင်က ခဏတာပြန်လည်တိတ်ဆိတ်သွားတယ် ။ သတိထားမိတဲ့ အခိုက်အတန့်မှာ လေထုအပြင် ရာသီဥတုပါ အေးစက်နေပြီပဲ ။ နေဟာ အနောက်အရပ်ဆီ တိမ်မြုပ်နေပြီ ။ ပတ်ဝန်းကျင်တစ်ခွင်ဟာ ပန်းနုရောင်အလွှာနိမ့်နိမ့်လေးခံနေတဲ့ ပုစွန်ဆီရောင်တွေ ။



နှင်းဆီရနံတွေက မွှေးပျံ့စွာထုံသင်းလို့ ။



Haein ထံက သက်ပြင်းချသံသဲ့သဲ့ ။ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားခြင်းနှင့်အတူ အနောက်အရပ်ဆီက ဖက်တွယ်မှုတစ်ခုဟာ ခါးတစ်ဝိုက်မှာ အဆုံးသတ်ကြောင်းခံစားရတယ် ။



" တောင်းပန်ပါတယ် . . Haein စိတ်ရှုပ်သွားလို့ "



" သူက Bangkok ပြန်တော့မယ်တဲ့ "



" Haein ပြောပါတယ် သူပြန်မှာပါလို့ "



" သူ Bangkok ကိုသွားရင် မမလည်း Bangkok ကိုလိုက်သွားမှာပဲ "



" ဘယ်လို ? မမ မသွားရပါဘူး ! ! "


စကားလုံးတွေ တည်ငြိမ်စပြုနေတဲ့ Haein က တစ်ဖန်မြင့်တက်သည့်အသံလှိုင်းနှင့် ကိုယ့်ပုခုံးစွန်းကိုကိုင်လို့ သူ့ဖက်လှည့်စေတယ် ။



" Haein ကို နောက်ဆုံးအနေနဲ့ အသိပေးတာ ဝင်စွက်ဖက်ပိုင်ခွင့်ပေးတာမဟုတ်ဘူး ကျန်နေသေးတဲ့ ဘဝမှာ မမတို့ တစ်သက်လုံးမတွေ့ပဲ နေသွားကြရအောင် "



" ဟင့်အင်း . . . အဲ့ဒီလိုမလုပ်နိုင်ပါဘူး Haein က ဘာလို့ မမကို သွားခွင့်ပေးရမှာလဲ "



" ဘာဖြစ်လို့လဲဆိုတော့ ဖေဖေ့ကိုတိုက်သွားတဲ့ ပိုင်ရှင်မဲ့ကားပေါ်မှာ Haein ရဲ့ ဆွဲကြိုးကို တွေ့လိုက်ရလို့ပဲ "




ပုခုံးစွန်းကို တင်းတင်းဆုတ်ကိုင်ခဲ့တဲ့ လက်တွေပြေရော့သွားတယ် ။ ရီဝေသွားတဲ့ သူ့မျက်ဝန်းတွေ အရည်လဲ့လာတဲ့အခါ မငိုဖို့ဆုံးဖြတ်ခဲ့တဲ့ ကိုယ့်နှလုံးသားတွေလည်း နာကျင်လာရတယ် ။



" Haein က ဒီလို တောင်းပန်ပါတယ်နော် . . Haein က ဒီလိုတောင်းပန်ပါ့မယ် အဲ့ဒါကြောင့် မမ Haein ကို မုန်းလို့လည်းမဖြစ်သလို ထွက်လည်းမသွားပါနဲ့ Haein က မမ ကျေနပ်တဲ့အထိ တောင်းပန်ပါ့မယ် "



တံတားငယ်ပေါ် ဒူးထောက်ချတဲ့ Haein က အေးစက်စက် သူ့လက်တစ်စုံ၌ ကိုယ့်လက်ချောင်းတွေကို ထည့်သွင်းဆုတ်ကိုင်တယ် ။ တကယ်တော့ အဆုံးသတ်စက္ကန့်လေးအထိတောင် Haein ငြင်းလိုက်ဖို့ မျှော်လင့်ခဲ့တာ ။ သေချာနေသည့်တိုင် မဟုတ်ဖို့ဆုတောင်းခဲ့မိတာ ။



အဘယ်ကြောင့်များ ကိုယ်လက်ခံလိုက်ရတဲ့ အရာရာက ဒီလောက်မချိမဆန့်နိုင်နေရပါလိမ့် ။



" မတော်တဆဖြစ်သွားတာပါ . . အဲ့တုန်းက Haein နည်းနည်းလည်း သောက်ထားတော့ ကားက အရှိန်ပြင်း . . ဒါပေမယ့် "



" တော်ပါတော့ Haein ! ! ဆင်ခြေတွေနားထောင်ဖို့ မမ လာခဲ့တာမဟုတ်ဘူး လေယာဉ်ချိန်လည်း နီးနေပြီမို့ ဒီလောက်ပဲ "



သူ့လက်ချောင်းများကြားက ရုန်းထွက်ရင်း စီးကျလာတဲ့ မျက်ရည်စတို့ကို အတားအဆီးမဲ့စေလို့သာ ကုန်းတံတားငယ်ကို ဖြတ်လျှောက်ဖြစ်တယ် ။ ကိုယ် Haein ကို မမုန်းနိုင်ဘူး ။ အဲ့ဒါက အမှန်တရားပဲ ။



ဒါပေမယ့် ဘာမှမဖြစ်ခဲ့သလိုမျိုးလည်း ဆက်နေမသွားနိုင်ဘူး ။ အရာအားလုံးကို ဖုံးကွယ်ပစ်ဖို့ကြိုးစားခဲ့တာပဲ မဟုတ်လား ။ အဲ့ဒါက အပြစ်ပဲပေါ့ ။



တစ်သက်လုံး မတွေ့ကြတော့ခြင်းတွေနဲ့ ဝေးကွာလိုက်ခြင်းဟာ က်ိုယ် Haeinကို ပေးတဲ့ အပြစ်ဒဏ်ပါပဲ ။ အဲ့ဒီအပြစ်ဒဏ်ဟာ ကိုယ့်နှလုံးသားကိုပါ စူးရှနေမှာဆိုပေမယ့်ပေါ့လေ ။




" ဒါက . . ဘာလုပ် ? "



ပန်းခင်းအလယ်က ကိုယ့်လျှောက်လမ်းမှာ အနက်ရောင်ဝတ်စုံပြည့်နှင့် လူငယ်နှစ်ယောက်က လာရပ်လေတာကြောင့် ကိုယ့်ခြေလှမ်းတို့ရပ်တန့်သွားရတယ် ။ ဘာစကားတစ်ခွန်းမျှ ဆ်ိုမလာတဲ့ သူတို့ဟာ က်ိုယ့်အရှေ့မှာ လာချခံရသည့် ကျောက်ရုပ်များနှယ် တုတ်တုတ်မလှုပ် ။



ကိုယ် အနောက်အရပ်ကိုလှည့်ကြည့်မိတော့ တဖြည်းဖြည်း မက်တပ်ရပ်လာတဲ့ Haein က မျက်ရည်စအချို့သုတ်ပစ်ရင်း ခပ်သဲ့သဲ့ အသံထွက်သည်အထိ ရယ်ပြရဲ့ ။ တကယ်တော့ သူတို့ဟာ အမိန့်ပေးခြင်းခံရတဲ့ လူသားတွေပဲ ။



" မမ နင်းထားတာ Haein ပိုင်တဲ့မြေလေ မမရဲ့ "






**************



" ဒေါက် . . . ဒေါက် . . . ဒေါက် "



အခန်းတံခါးသုံးချက်ခေါက်ပြီးသည်အထိ အခန်းတွင်းက တုန့်ပြန်သံဟာ နတ္ထိ ။ သက်ပြင်းတစ်ချက်ချလို့ အခန်းတံခါးကို ဖွဖွဆွဲဖွင့်လိုက်တယ် ။ စိတ်ဆိုးနေမှာက အသေအချာ ။ ဒါပေမယ့်လည်း ဒီ့ထက်ဆိုးဝါးတဲ့ လုပ်ရပ်တွေတောင် သူမလုပ်ခဲ့ပြီးပြီပဲ ။



အဆုံးထိမပိုင်ရပဲနဲ့တော့ အရှုံးသမားအဖြစ်နဲ့ ဗီလိန်နာမ်စား အတပ်မခံနိုင်ဘူး ။ မခမ်းမနားနဲ့ သိမ်ငယ်နေရမယ့် အသိအမှတ်အပြုမခံရတဲ့ အချစ်တွေကို တခ်ျိန်ချိန်တော့ ကျိန်းသေနားလည်လာသည်အထိ သက်သေပြမှာမို့ ။ လုံလောက်တဲ့ အချိန်တွေ သူမအတွက်လိုအပ်တယ် ။



" မမ ~ "


ကြည်လင်စွာထိုးဖောက်မြင်နေရသည့် မှန်အကာအရန်ရှေ့မှာ ရပ်နေတဲ့ နောက်ကျောလေးဟာ တစ်ချက်လေးတောင် လှည့်ကြည့်မလာ ။ မှောက်မိုက်တဲ့ ညက ကောင်ကင်မှာ ကြယ်တွေကို စုံလင်တောက်ပစွာ ထွန်းလင်းစေတယ် ။



ပန်းနုရောင်နှင်းဆီပင်လယ်ကြီးထဲက ငြိမ်းချမ်းစွာ အနားယူနေကြသည့် ပြာလဲ့လဲ့ မီးတိုင်များ ။ အုတ်နီခဲ လျှောက်လမ်းလေးများဟာ ပကတိ အိနြေ္ဒရ သာယာလွန်းတယ် ။ ဟော့ဒီ အာဒံဖန်ဆင်းတဲ့ ဧဒင်ဥယျာဉ်ကို မမ ကြည့်နေရဲ့လား ။ ကိုယ့်ချစ်ခြင်းတွေ တိမ်ဝှက်စွာချခင်းထားတဲ့ မေတ္တာတရား ပန်းခင်းကြီးလေ ။



" စိတ်ဆိုးနေလား "



နောက်ကျောကို ဖွဖွထွေးဖက်တော့ ရဲ့ရဲ့လေး ခေါင်းငဲ့ကြည့်လာတယ် ။ ဆံနွယ်တွေကို နမ်းရှိုက်တဲ့အခါ Shampoo နံ့သင်းသင်းလေးက မွှေးပျံလို့ ။ သူမရွေးပေးခဲ့ဖူးတဲ့ Shampoo ရနံ့လေးပဲ ။



" အမှားလုပ်ထားတဲ့ သူတွေ မေးတဲ့ မေးခွန်းမျိုးပဲ "



" Haein က မှားပါတယ် "



" ဒါပေမယ့်လည်း အမှန်ကိုမပြင်ချင်ဘူးလေ ဟုတ်တယ်မလား "



ကိုယ့်လက်တစ်စုံကို ရုန်ကန်ဖို့ ရည်ရွယ်နေတဲ့ မမကြောင့် ခါးကျဉ်းကျဉ်းတစ်ဝိုက်ကို ပိုလို့ထွေးပွေ့လိုက်တယ် ။



" အောက်ထပ်ကိုသွားရအောင် Daddy က ထမင်းစားဖို့ စောင့်နေတယ် "



ခေါင်းမာတက်တဲ့ အကျင့်လေးနဲ့မမက မရမကကို ကိုယ့်လက်တွေကြား ရုန်းကန်နေတာမို့ သက်ပြင်းတစ်ချက်ချလို့သာ လွှတ်ပေးမိတယ် ။ မမ အမုန်းတွေကို ခံယူဖို့ အသင့်ပြင်ထားပြီးသားပါလေ ။ လက်တွေ့ဆန်တဲ့အခါ စိတ်ကူးတွေထက် နည်းနည်းလေးပို ရင်နာစရာကောင်းတာက လွဲလို့ပေါ့ ။



" မမက ရုတ်တစ်ရက်ကြီး Haein လုပ်ခွင့်ပေးမှ လုပ်ရကိုင်ရ ၊ စားရသောက်ရမယ့် ဘဝမျိုး ရောက်သွားတာကို "



အခန်းဝက စောင့်ကြပ်နေတဲ့ လူနှစ်ယောက်ကိုကြည့်လို့ မဲ့ပြုံးအလွှာနှင့် ပွင့်ဟသည့်စကား ။ သူမ မမအား ခနဲ့ခဲ့စဉ်ကတော့ဖြင့် မမဘယ်လိုနေမည်မသိ ။ မမဆီမှ ပြန်လည်၍ခနဲ့သည့်စကားများ နားထောင်ရသည့်အခါတွင်တော့ သူမနှလုံသားတစ်ခုလုံး ကြေမွပျက်စီးသွားကြတော့မည့်အလား ။



အကြင်နာအတိသော မျက်ဝန်းတို့ကို သူမလွမ်းသည် ။ ချိုသာလွန်းသော စကားတို့ကို အမျော်လင့်ကြီး မျော်လင့်ခဲ့ရပြီ ။ ထွေးဖက်ပေးသော ရင်ခွင်တစ်စုံသည် နွေးထွေးမှုတို့နှင့် ပြည့်နှက်ခဲ့ချိန်ကို သူမပြန်လည်ရောက်ရှိသွားလျှင် ကောင်းမည် ။



ထိုအချိန်ကသာ သူမဒါမျိုး ဖန်တီးနိုင်ခဲ့ရင် မမဆီက စကားလှလှလေးတွေကို ကြားရမှာ ။ ကြယ်ရောင် ၊ လရောင်တွေနဲ့ အပြိုင် လျှမ်းလျှမ်းတောက်တဲ့ အပြုံးလေးတွေက စင်္ကြာဝဠာအထိထင်လင်းနေမှာ ။ ဟိုအရင် အိပ်ရာဝင်ချိန်တိုင်းရဲ့ မမပြောဖူးသမျှ ပုံပြင်တွေလိုမျိုး အဆုံးသတ်တွေဟာ လှပနေမှာ ။



" ဘာဖြစ်လို့စကားကို အဲ့ဒီလောက်ရင်နာစရာကောင်းအောင် ပြောနေရတာလဲ ? Haein က မမကို ဒီတိုင်း ဒီနေရာမှာ ရှိနေစေချင်ယုံပါ "



" မမကမှ ရှိမနေချင်တာ "



ရင်ထဲက အပူမီးတွေသာ အပြင်ကိုဟပ်ရရင် နှင်းဆီခင်းကြီးတောင် ခြောက်ကပ်နွမ်းဖက်သွားရောမည်ထင် ။ မမဟာ အဲ့ဒီလောက်ရက်စက်တက်တဲ့ သူမျိုးလည်းမဟုတ်ပါပဲ ဘာကြောင့် ဒီလောက်သူစိမ်းဆန်နေရတာလဲ ။



" မမ စိတ်အရမ်းဆက်နေတယ် အောက်ထပ်ကို ဆင်းမလာချင်ဘူးဆိုရင် Haein မမအခန်းဆီ လာပို့ခိုင်းလိုက်ပါ့မယ် "



" ဟင့်အင်း . . လာမပို့ခိုင်းပါနဲ့ ဘာတစ်ခုမှလည်း စားဝင်မှာမဟုတ်တာမို့ အပိုအလုပ်တွေပဲ ဖြစ်နေမှာ "



တံခါးလက်ကိုင်ပေါ်က လက်တွေ ရပ်တန့်သွားမိပေမယ့် ဘာမှတော့ပြန်မဆိုဖြစ် ။ အချစ်ကြီးသူက ရှုံးတာပဲတဲ့ ။ သူမဟာ မမနဲ့ပတ်သတ်လေသမျှ အနိုင်လိုချင်တက်ပေမယ့် မမအပေါ်မှာတော့ အမြဲတမ်း အရှုံးပေးထားမှာပါ ။ မမက သူမနှလုံးသားရဲ့ ထာဝရအောင်နိုင်သူပဲဟာ ။



အခန်းအပြင်ကလူနှစ်ယောက်ကို ကိုယ့်အလုပ်ကိုယ် ပြန်လုပ်စေလို့သာ မမအခန်းရှေ့က ဖယ်ရှားလိုက်တယ် ။ မမ မကြိုက်ဘူးလို့ထင်တဲ့ ကိ စ္စတွေဆို သူမ မလုပ်တာက များခဲ့ပါတယ် ။ ဒါကို မမလည်း သိမှာပါ ။



" Chaeyoung ရော ? "



" မစားချင်ဘူးတဲ့ Daddy "



ထမင်းစား စားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ Daddy က လေးပင်စွာပဲ ခေါင်းငြိမ့်ပြတယ် ။ မမကို Daddy နဲ့ မိတ်ဆက်ပေးဖို့ တွေးထားပေမယ့် အင်း . . ဖြေးဖြေးမှပေါ့လေ ။



" ဒေါ်လေး ညကျရင် နည်းနည်းနောက်ကျသည်အထိ စောင့်နေပေးပါ . . . တကယ်လို့များ မမ တစ်ခုခုစားဖို့ ဆင်းလာခဲ့ရင် အဆင်သင့်ဖြစ်နေအောင်လို့ "



" ဟုတ်ပြီ . . ဟုတ်ပြီ ဒေါ်လေး စောင့်နေလိုက်မယ် "



" မမက ဘာမှချက်တက်တာ မဟုတ်ဘူး တစ်ယောက်မှလုပ်ပေးမယ့်သူမရှိရင် ခေါက်ဆွဲပြုတ်တွေစားနေလိမ့်မယ် "



တကယ်တော့ဖြင့် မမဆင်းလာမည်မဟုတ် ။ ဒါကို သူမသိပါရဲ့ ။ မမဟာ ဖေဖေ့ကိုတောင် တစ်ပတ်လောက် ဆန္ဒပြခဲ့တဲ့သူမဟုတ်လား ။ ဒါပေမယ့်လည်း အခုသူမရဲ့ လက်ရှိအခြေအနေလိုမျိုး မျှော်လင့်ချက်သေးသေးလေးပေါ့ ။



မမဟာ သူမကို ချစ်ပါတယ် ။ ခွင့်လွှတ်ပေးမှာပါ ။ နားလည်ပေးမှာပါ ။ လက်ခံပေးမှာပါ ။ အဲ့ဒီလိုမှလည်း ဖြစ်မှာ ။ သူမ ဘဝကို သူမဆက်ပြီး အသက်ရှင်နိုင်ဖို့ဆို အဲ့ဒီလိုမှကို ဖြစ်မှာ ။




****************



" သမီး . . . တစ်ခုခုစားမလို့လား ? ဒေါ်လေး ဘာလုပ်ပေးရမလဲ "



ညက ၁၁ နာရီလောက်တော့ဖြင့် ရှိပြီထင်ရဲ့ ။ အာခေါင်နှင့် လည်ချောင်းတစ်လျှောက်က ခြောက်ကပ်လာသည်မို့ ရေသောက်ရန် အောက်ထပ်သို့ဆင်းလာမိတော့ အခန်းဝက ငနဲနှစ်ယောက်လည်း ဘယ်အချိန်ကတည်း ပျောက်သွားသည်မသိ ။



မီးဖိုခန်းတွင်း ဝင်လိုက်ခါမှ မထိတ်သာမလန့်သာ အဒေါ်ကြီးတစ်ယောက်နှင့် ဝင်တိုးခြင်း ။



" ဟင့်အင်း . . ရေသောက်မလို့ပါ "



" Park Chaeyoung ssi ! "



ရေကရားအတွင်းမှ ရေအနည်းငယ်ကို ဖန်ခွက်အတွင်းသို့ ရွေ့ပြောင်းအပြီးမှာပဲ အနောက်အရပ်မှ စိမ်းသက်သည့်ခေါ်သံကြောင့် လှည့်ကြည့်မိတော့ Richard Kim ။



" ညဘက်အိပ်မပျော်တဲ့ သူတွေအချင်းချင်း စကားလေးနည်းနည်းလောက် ပြောကြမလား "



အိမ်အပြင်သို့ ခြေလှမ်းတို့ဦးတည်သွားသော Haein ဖေဖေနောက် ရေခွက်ကို အမြန်မော့သောက်လ်ို့ပဲ လိုက်သွားမိတယ် ။ ကိုယ့်ထက်ကြီးရင့်သူတစ်ယောက်ဖြစ်သည့်အပြင် Haein ဖေဖေလည်း ဖြစ်သည်မို့ ငြင်းရန်မသင့်တော်သည့် ကမ်းလှမ်းမှုတစ်ခုမဟုတ်ပါလား ။



" သိတယ်မလား ? Haein က ငယ်သေးတော့ သူလုပ်ချင်ရာကို တဇွတ်ထိုးလုပ်တက်တဲ့ အကျင့်လေးရှိတယ် လူဆိုတာ အမှားတွေထဲကနေမှ ရင့်ကျက်လာရတာမ်ျိုးလေ ငယ်ရွယ်မှုဆိုတာ ခွင့်လွှတ်မှုတစ်ခုကိုပေးဖို့ အကောင်းဆုံးအဖြေပဲတဲ့ "



အနီရောင်အလွှာပေါ်မှာ အပြာရောင်ဖျော့ဖျော့လေးသန်းနေတဲ့ အုတ်နီခဲများကို ငုံ့ကြည့်ရင်း အကြောင်းမဲ့ပြုံးမိတယ် ။ နှင်းဆီရနံတွေ အလွန်အမင်း မွှန်ထွန်နေခြင်းက ကောင်းသည်ဟုဆိုရမလား ၊ ဆိုးသည်ဟု ဆိုရမလား ။



" ဦးလေးသိလား ? ကျွန်မ ဒီနေ့မနက်ပဲ ဖေဖေ့ကို ကားနဲ့တိုက်သွားတဲ့ တရာခံကို သိခဲ့ရတယ် တစ်ခါတစ်လေမှာ ငယ်ရွယ်မှုဆ်ိုတာကလည်း ခွင့်လွှတ်မှုတစ်ခုအတွက် လုံလောက်မနေတက်ဘူးရယ် "


အရှေ့မှ လျှောက်လက်စခြေလှမ်းတွေဟာ ရပ်တန့်သွားတယ် ။ လှည့်ကြည့်လာသော မျက်ဝန်းများသည်က တည်ကြည်လေးနက်မှုအပြည့် ။ သားသမီးတစ်ယောက်အပေါ်ထားရှိသည့် ဖခင်တစ်ယောက်၏မေတ္တာတို့က မျက်နှာပေါ်တွင် ထင်ဟပ်လို့ ။


တစ်ချိန်ကတော့ Haein ဖေဖေဟာ ဘယ်လိုမျိုးပါလိမ့်လို့ စိတ်ကူးနဲ့ပုံဖော်ခဲ့ဖူးပြီး တကယ်လက်တွေ့မှာလည်း Haein ဟာ သူ့ဖေဖေနဲ့ သိပ်တူတာပဲ ။ အဲ့ဒါကြောင့်ပဲ ထင်ပါရဲ့ ။ စိမ်းသက်နေသလို မခံစားရဘူး ။



" ကျွန်မတို့ အပေးအယူလေး တစ်ခုလုပ်ကြမလား ဦးလေး "



" . . . . . . "



" ဦးလေးက Haein လက်မှာ လက်ထိတ်တစ်ခုတက်ချိတ်နေမှာကို မလိုချင်ဘူးမဟုတ်လား ကျွန်မက ဒီအိမ်မှာ မနေချင်ဘူး "



" အဲ့ဒီတော့ . . "



ကမ်းလှမ်းချက်ကို စိတ်ဝင်စားသယောင်ရှိတဲ့ Richard Kim က သေချာအာရုံစိုက်လို့ ကိုယ့်စကားတို့ကို ရှေ့ဆက်စေတယ် ။ ရွေးချယ်စရာ လမ်းမရှိသည့်လူပဲ မဟုတ်လား ။ ကိုယ့်ဖန်ဆင်းမှုတစ်ခုကို သူလိုက်လျောရမှာပါ ။



" အခုချက်ချင်း ကျွန်မကို ဒီခြံထဲက ထွက်သွားခွင့်ပေးပါ Haein လက်ဖျားမှာ ကြိုးစတောင် မသီစေရဘူး "



" မင်းမျက်လုံးတွေထဲမှာ ပေါ်နေတယ် အေးစက်ပြီး မှောင်မိုက်နေတဲ့ အခန်းထဲ မင်းကိုယ်တိုင်လည်း Haein ကို မပို့လိုက်နိုင်ဘူးဆိုတာ "



ကိုယ့်မျက်ခုံးတွေ ပင့်တင်သွားမိတယ် ။ ကိုယ် မပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတစ်ခုဟာ ရုပ်ပျက်ဆင်းပျက်နိုင်စွာ အဲ့သလောက်တောင်သိသာနေတာလား ။ ဒါမှမဟုတ် Richard Kim ဟာပဲ လူကဲခတ် တော်လွန်းနေသလား ။




" မဟုတ်ဘူး . . ကျွန်မ လုပ်နိုင်တယ် "



တကယ်တော့ဖြင့် ရှေ့နေကြီးနှင့်တိုင်ပင်ပြီး ရလဒ်အလုံးစုံကို Haein နှင့် လားလားမျှ မသက်ဆိုင်စေရန် တရားဥပဒေကို သွေဖယ်လို့ ကိုယ်စီစဉ်ခိုင်းခဲ့ပြီးသား ။



" ဟင့်အင်း . . . မင်း မလုပ်နိုင်ပါဘူး "



သေချာနေသည့် ယုံကြည်မှုဖြင့် ကိုယ့်မျက်ဝန်းများကို တည့်တည့်စိုက်ကြည့်လို့ပြောလာသည့်အခါ ။ ကိုယ် သက်ပြင်းရဲ့ရဲ့သာ ချမိတယ် ။ ဒီလူဟာ ကိုယ့်လှည့်စားလို့မရလောက်အောင် ထိုးဖောက်မြင်နိုင်စွမ်းတွေနဲ့ သြချလောက်စရာပါလားနော် ။



" အင်း . . ဟုတ်ပါတယ် ကျွန်မအဲ့ဒီလို မလုပ်နိုင်ဘူး အဲ့ဒီတော့ ဦးလေးနဲ့ကျွန်မလည်း အပေးအယူလုပ်လို့ မရတော့ဘူးပေါ့နော် "



ထိုနေရာကနေ လှည့်ထွက်လို့ပဲ အုတ်နီခဲ လျှောက်လမ်းလေးအတိုင်း အိမ်ဆီကို တည့်တည့်မက်မက် ပြန်သွားမိတယ် ။ ဒီအချိန်ဆို Lisa လည်း Bangkok ကို ရောက်နေလောက်ရောပေါ့ ။



နာကျင်ခြင်း မမည်တဲ့ အထီးကျန်ခြင်း လွှာလွှာလေး ။ သူပြန်လာမှာပါလေ ။ သူအမြန်ဆုံးပြန်လာဖို့ ကြိုးစားပါမယ်လို့ ပြောထားတယ်မဟုတ်လား ။




" Chaeyoung ssi "



ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်ငြား ကိုယ့်ခြေလှမ်းတို့က ရပ်တန်ခြင်း၌ ဦးတည်ရပြန်ပြီ ။ ကိုယ့်လက်အတွင်းကို ကားသော့လာထည့်သော Haein ဖေဖေဟာလည်း နားမလည်နိုင်စရာ ။



" တကယ်တော့ Haein လိုချင်တာ ဘာလဲသိလား ? Park Chaeyoung မင်းလေ . . သူက မင်းကို အမတစ်ယောက်လိုထက်ပိုပြီး ချစ်မိနေပါတယ်ဆိုတာ နည်းနည်းလေးတောင်မရိပ်မိဘူးလား "




ကိုယ့်နှလုံးခုန်သံတွေ မြန်ဆန်သွားရတယ် ။ နားမလည်နိုင်ဖြစ်ရလောက်အောင် Haein လုပ်သမျှအရာတွေ အကျိုးအကြောင်းမဲ့နေရခြင်းရဲ့ အဖြေက ထိုအရာတဲ့လား ။ မဖြစ်နိုင်လိုက်တာ ။ Haein ဟာ ထာဝရ ကိုယ့်ညီမလေးလေ ။



ဟုတ်နေခဲ့မယ်ဆိုရင်ရော ။ တကယ်ပဲ ဖြစ်နေခဲ့မယ်ဆိုရင်ရော ။ ဦးခေါင်းတစ်ခုလုံးက ချာချာလည်အောင် မူးနောက်လာရတယ် ။ ချစ်ခြင်းမေတ္တာတွေဟာ ဘာ့ကြောင့်များ အဲ့လောက်တောင် ရှုပ်ထွေးကြရတာလဲ ။



" အဲ့ဒါကြောင့် . . . မင်းကပဲ ရွေးချယ်ပါ Haein လား ဒါမှမဟုတ် အခြားတစ်ယောက်လား "



လက်ထဲက ကားသော့ကို ကယောင်ခြောက်ခြားငုံ့ကြည့်မိတယ် ။ Haein ဟာ ကိုယ့်ကို ချစ်ခဲ့သတဲ့လား ။ စိတ်ဆိုးနေခဲ့တဲ့ အချိန်တွေရှိခဲ့ပေမယ့် ၊ ကိုယ့်အပေါ် ကလန်ကဆန်နိုင်လွန်းတဲ့ အချိန်တွေလည်း ရှိခဲ့ပေမယ့် ။



အဆုံးမဲ့ ပန်းခင်းတစ်ခုလုံးကို ငေးမောကြည့်မိတယ် ။ အသိအမှတ်ပြုပေးဖို့ လုံလောက်တယ်ဆိုပေမယ့် ။



" တစ်ခြားတစ်ယောက်ကိုပဲ ငေးကြည့်နေတဲ့သူကို ဘေးမှာထားပြီး ပြန်ငေးကြည့်နေရတဲ့ ဦးလေးလိုအဖြစ်မျိုး သမီးကိုတော့ မဖြစ်စေချင်ဘူး အဲ့ဒါကြောင့် Chaeyoung ကို ရွေးချယ်ခွင့်ပေးနေတာပါ "



ကိုယ် သတ်မှတ်မိတယ် ။ Haein ကံကောင်းပါတယ်လို့ ။ ဖခင်မေတ္တာကို အပြည့်အဝပုံအောပေးနိုင်တဲ့ ဒီလိုမိဘမျိုးဆီမှာ Haein နားခိုခွင့်ရသည်မဟုတ်ပါလား ။



" ကျွန်မရဲ့ အချစ်က Haein ပေးနိုင်တဲ့ ချစ်ခြင်းမျိုးထက် နိမ့်ပါးချင် နိမ့်ပါးနေလိမ့်မယ် ဒါပေမယ့် သူ့အပေါ်အမြဲတမ်း အေးချမ်းစေချင်တဲ့ နက်ရှိုင်းတဲ့ မေတ္တာမျိုးပါ "



" . . . . . . "



" ကျွန်မ Haein ကို ဘယ်တော့မှ မမုန်းဘူး . . . ဘယ်တော့မှနော် "




ခေါင်းတစ်ဆက်ဆက်ငြိမ့်လို့ နားထောင်နေခဲ့တဲ့ Haein ဖေဖေဟာ ကိုယ့်မျက်ဝန်းတွေဆီ မော့ကြည့်လာတယ် ။ အဆုံးသတ်အဖြေအတွက် ဘာကိုမျှော်လင့်ထားလိမ့်မလဲ မသိပေမယ့် ကိုယ့်အဖြေဟာတော့ အမြဲတမ်းအတွက် မပြောင်းမလဲ ။





" ဒါပေမယ့် ကျွန်မ Lisa ကို ချစ်တယ် ကျွန်မရဲ့ ရွေးချယ်မှုက အမြဲတမ်း အမြဲတမ်း Lisa ပဲ "




******************* 

Crazy In Luv Where stories live. Discover now