00

218 14 2
                                    

[ U N I C O D E ]

လေအဝှေ့မှာ နဖူးပေါ်ဝဲကျလာတဲ့ ဆံစညိုညိုတွေကို လက်နှင့်သပ်တင်လိုက်တော့ နက်မှောင်တဲ့ မျက်ခုံးနှစ်ဖက်က ထင်းခနဲပေါ်လာတယ်။ စင်းကျနေသော နှာတံနှင့် ပိရိသေသပ်သော နှုတ်ခမ်းတစ်စုံ။ လျှပ်တပြက်ပြုံးလိုက်တဲ့တစ်ချက်မှာ သွားစွယ်ဖြူဖြူလေးတွေက လှစ်ခနဲ ပေါ်လာတယ်။

ဆောင်းဦးရဲ့ နေခြည်နွေးနွေးအောက်မှာ လက်သွယ်သွယ်ရှည်ရှည်တွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက ဆွယ်တာမီးခိုးရောင်ထဲမှာ စုန်းစုန်းမြုပ်နေတယ်။ နယ်မြို့လေးရဲ့ လမ်းဘေးတစ်ဖက်တစ်ချက်က ဂျုံခင်းစိမ်းစိမ်းတွေက ထိုသူရဲ့ ကြည့်ကောင်းမှုကို နောက်ခံရှူခင်းအဖြစ် ပါဝင်အားဖြည့်တော့ ပြည့်စုံနေတဲ့အလှတရားက နှစ်ဆတိုးတယ်။

ဆေးရောင်ခြယ်ထားသော ခုံတန်းပေါ်မှာထိုင်၍ ခြေထောက်နှစ်ဖက်ကို တွဲလွဲချပြီး လှုပ်ရမ်းနေတယ်။ လက်ထဲက နေကြာပန်းစည်းသေးသေးကို ကြည့်လိုက် ၊ နာရီကိုကြည့်လိုက်၊ လမ်းဘက်ကို မျှော်ကြည့်လိုက်နှင့် တစ်ယောက်တည်း အလုပ်များနေပြန်တယ်။

တခဏအကြာ အဝေးက စက်ဘီးဖြူဖြူလေးတစ်စီးကို ပျပျလှမ်းမြင်ရတော့ ဆတ်ခနဲထရပ်လိုက်တယ်။ လက်တစ်ဖက်က နေကြာပန်းစည်းကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဆွယ်တာအနားစကို ခပ်ဖွဖွဆုပ်တယ်။စက်ဘီးဖြူဖြူလေးက တရွေ့ရွေ့နီးလာတယ်။ နီးလာတယ်။ အနီးဆုံး...။ အနီးဆုံး...။

အရှိန်မသတ်သော ထိုစက်ဘီးက သူ့ဘေးကဖြတ်၍ သူ့ကိုပင် ကျော်သွားတော့မည်။ ခဲထားသော သတ္တိအစုံကိုထုတ်ကာ လှမ်းအော်လိုက်တယ်။

"ထျန်ရွှီးနင်"

........................................................................

ပေါင်မုန့်နှစ်ချပ်ကို စတော်ဘယ်ရီယိုသုတ်ကာ ပါးစပ်ထဲ ထည့်ဝါးလိုက်တော့ ချိုအီအီအရသာရတယ်။ သူကြိုက်တယ်။ ရေခဲသေတ္တာထဲမှ ရေဘူးကိုထုတ်ကာ ဖန်ခွက်ထဲပြောင်းထည့်မနေပဲ ဒီတိုင်းမော့သောက်လိုက်တော့ လည်ပင်းမှ အာဒံပန်းသီးလေးက လှုပ်ရှားသွားတယ်။

နေရင်းထိုင်ရင်း မနက်က အဖြစ်ကိုပြန်တွေးမိတော့ သူပြုံးမိပြန်တယ်။

XU XU RU SEN [ 栩栩如森 ]Where stories live. Discover now