09

22 5 0
                                    

[ U N I C O D E ]

My cup cafe ကို ပန်းစည်းတွေဝင်ပို့ပြီးတာနဲ့ သူတန်းပြန်ခဲ့လိုက်တယ်။ ခပ်မြန်မြန်ရောက်မယ့်လမ်းကိုမရွေးပဲ မြို့ပတ်လမ်းကနေပတ်ပြန်မိတာကတော့ မသိစိတ်ရဲ့ရွေးချယ်မှုပါပဲ။
သူ့မှာထိန်းချုပ်နိုင်စွမ်းမရှိဘူးလေ။

ခုံတန်းပေါ် မှာ ငြိမ်ငြိမ်လေးထိုင်ပြီး တစ်ယောက်တည်း လမ်းတစ်ဖက်က လယ်ကွင်းတွေကို အကြောင်းမဲ့ထိုင်ငေးမိတယ်။ လမ်းမပေါ် တစ်ချက် ၊ တစ်ချက်ဖြတ်သွားတဲ့ ယာဥ်တွေကိုတော့ သိပ်အာရုံမစိုက်မိပါဘူး။ မြင်နေကျမြင်ကွင်းတွေဆိုပေမယ့် သူ့အတွက်တော့ ရိုးမသွားခဲ့။ တကယ်ပါ...။
ဟောင်းနွမ်းမှုတွေနဲ့ တောက်ပြောင်မှုတွေကို ဖယ်လိုက်ရင် ဘာမှပြောင်းလဲသွားတာမရှိဘူးပဲ။

လယ်ကွင်းစိမ်းညို့ညို့တွေ...။
လတ်ဆတ်တဲ့ လေပြည်အေးတွေ...။
ညဆို နီ​ကြင့်ကြင့်လင်းတဲ့ လမ်းမီးတိုင်တွေ...။
နောက်ထပ်...အရောင်လွင့်နေတဲ့ခုံတန်းရှည်လေးတစ်ခုလည်း ဒီနေရာမှာရှိခဲ့တယ်။

အဲ့ဒီနေ့က သူ အခုလိုပဲ ဒီနေရာမှာ တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်နေခဲ့တာ...။

ပြီးတော့...ပြီးတော့... တစ်စုံတစ်ယောက်က သူ့ဘဝထဲကို ချဥ်းနင်းဝင်ရောက်လာခဲ့တော့တာပါပဲ။

                              ×××××

"ရှင့်အတွက် ကျွန်မနဲ့ကျွန်မသားက အဲ့လောက်တောင်အရေးမပါတော့တာလား...
၊ဖြေလေ...ဖြေစမ်းပါ"

ဆိုဖာပေါ်မှာထိုင်ရင်း ဒေါသတကြီးအော်ဟစ်နေတဲ့ မားကိုကြည့်ရင်း သူ အပြစ်ရှိသလိုခံစားလိုက်ရတယ်။ သူ မရည်ရွယ်ပါဘူး။

"အဲ့လိုမဟုတ်ဘူးလို့ မင်းကို ပြောပြီးပြီလေ...၊
ဒီအစည်းအဝေးက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ..."

"တော်စမ်းပါရှင် ၊ ရှင့်အတွက် မိသားစုကလွဲရင် အားလုံးက အရေးကြီးနေတာပဲမလား၊
ကလေးက သူ ပထမဆုယူရမှာမို့ ဒီတစ်ခါ​လေးပဲ ကျောင်းပွဲကိုခေါ်မိတာကို...၊
ရှင်လုပ်ပုံကောင်းသေးရဲ့လား"

မားစကားကို ဒီတစ်ခေါက်တော့ ပါးက ဘာမှပြန်မပြော။

"ရှင့်ကိုမေးကြတဲ့ မိတ်ဆွေတွေ ၊ဆရာတွေကို ကျွန်မမှာ ဟန်ဆောင်ပြုံးပြီးဖြေရလွန်းလို့ ပါးတွေတောင် ညောင်းနေပြီရှင် "

XU XU RU SEN [ 栩栩如森 ]Where stories live. Discover now