ep 26

2.9K 256 40
                                    

Unicode

"ရတယ် ကိုယ့်ဘာသာ ပြန်မယ် ...."

"မရဘူး ကိုယ်လိုက်ပို့မယ်...."

လေဆိပ်ရှေ့တွင် ဆွဲလားရမ်းလားဖြစ်နေကြသော ထိုနှစ်ယောက်ကို ဖြတ်သွားဖြတ်လာများ အကြည့်ပို့သွားကြသည်။ ဆေးရုံမှ အလောသုံးဆယ်လာခဲ့သော နှိုင်းမှာ Taxiဖြင့်လာခြင်းကြောင့် အပြန်တွင် မင်းတိုင်းဆက လိုက်ပို့မယ် တကဲကဲလုပ်နေလေသည်။ နှိုင်းကလည်း လက်မခံ။ အတင်းသာ ကိုယ့်ဘာသာပြန်မည်ဟု ချေပနေသည်။ နှိုင်းလက်ကိုမလွှတ်တမ်းဆွဲကာ အတင်းလိုက်ပို့မည်ပြုနေသူအား နှိုင်းကအတင်းရုန်းနေသည်။ ဦးလေးမင်းနန်းဦးခိုက်မှာ အစောကတည်းကပြန်သွားပြီမို့ သတိုး၊ မြတ်ဇာတာနှင့် သက်ကမ္ဘာရှင်တို့မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။ မျက်လုံးပြူးမျက်ဆံပြူးဖြင့်သာ ရပ်ကြည့်နေရသည်။

"ခင်ဗျား...အစ်ကိုသက်ကမ္ဘာရှင်ကို လိုက်ပို့ရအုန်းမယ်လေ...."

"ကိုသက်က သူ့ညီမတို့နဲ့ ပြန်လိမ့်မယ် .....ဟုတ်တယ်နော် ကိုသက်..."

သက်ကမ္ဘာရှင်ဘက်လှည့်၍ မေးငေါ့မေးလာပြန်သည်။ သက်ကမ္ဘာရှင် မချိတင်ကဲပြုံးပြရသည်။ ဒါကို မင်းတိုင်းဆက သူ့ပဲထောက်ခံလိုက်သလိုလိုနှင့်။

"တွေ့လား ကိုသက်က သူ့ညီမနဲ့ပြန်မှာ...."

"ဟိုက ဘာမှတောင် မပြောရသေးဘူး...."

တစ်ဖန် သက်ကမ္ဘာရှင်ထံ နှစ်ဦးသားလှည့်ကြည့်လာပြန်သည်။ မင်းတိုင်းဆကလည်း ပြောလိုက်လေ ဟူသော အမူအရာနှင့်ဖြစ်ပြီး နှိုင်းကလည်း ကယ်ပါအုန်းဟူသော အမူအရာဖြင့်။ သက်ကမ္ဘာရှင် ချွေးစေးပြန်ရပြန်သည်။ *ဟင်းးးးးသိပ်ကံဆိုးတဲ့ငါလေး....*

"ဟုတ်ပါတယ်....ကိုယ် ညီမလေးနဲ့ပဲ ပြန်လိုက်မှာပါ...."

မင်းတိုင်းဆက အောင်နိုင်သူပြုံးပြုံးရင်း နှိုင်းကိုလှည့်ကြည့်သည်။ တလော တမှိုင်မှိုင်တထွေထွေဖြစ်နေရခြင်းမှာ နှိုင်းကြောင့်ဖြစ်လောက်မည်ဟု သက်ကမ္ဘာရှင် တွေးမိသည်။ မင်းတိုင်းဆ ဖွင့်ဟတိုင်ပင်ဖူးသော အကြောင်းအရာမှာလည်း နှိုင်းကိုသာ ဗဟိုပြုလိမ့်မည်ဟု တွေးမိသောကြောင့် မင်းတိုင်းဆဘက်လိုက်ကာ ဖြေလိုက်ရခြင်းဖြစ်သည်။ နှိုင်းကတော့ ငိုမဲ့မဲ့လေးဖြစ်နေသည်။

You own Maung's world (completed)Où les histoires vivent. Découvrez maintenant