Unicode
မေလ ၊ 2020"ဘယ်လိုလဲ သဘောတူလား?"
ခေါက်ဆွဲကို ပလုပလောင်းစားနေတဲ့ သူ့အရှေ့က ကောင်လေးကို မေးလိုက်သည်။ သူ့ခမျာ ဘယ်လောက်တောင် ဗိုက်စာနေလဲမသိ။ ကားရပ်သံကြားတာနဲ့ ချက်ချင်းဆိုပြီး မုန့်ထုပ်တွေကို အပြေးအလွှားနဲ့ ဆွဲယူသွားသည်။
"ရ ရေခွက်"
စပ်လို့ဆိုပြီး ရေခွက်တခွက်ပြီးတခွက်လည်းသောက်သေး။ ကောင်လေးနဲ့ လက်လှမ်းမမှီတဲ့ အရှေ့က ဖန်ခွက်ကိုယူပြီး လက်ထဲထည့်ပေးလိုက်သည်။
လက်ထဲရောက်လာတဲ့ရေခွက်ကို ယူပြီးအငမ်းမရသောက်ပြီးတဲ့အခါမှ စကားစပြောတော့သည်။
"အဲ့တော့ အကိုအခုပြောတာ ကျွန်တော်က စမ်းပေးရမယ် အဲ့လိုလား"
"မင်း အဆင်ပြေမှပါ အဆင်မပြေရင် တခြားတယောက်ရှာလို့ရတာပဲ"
ခေါက်ဆွဲတချို့ကို ပါးစပ်ထဲပြွတ်ကနဲ သွင်းလိုက်ပြီး 'ရပ်' လို့ လက်ပြလိုက်သည်။
"ရတယ်မရှာနဲ့ ကျွန်တော်လုပ်ပေးမယ်"
နမ်ဂျွန်းက အသိမှတ်ပြုနဲ့အနေနဲ့ 'အင်း' ဆိုပြီးခေါင်းငြိမ့်ပြကာ စားပွဲပေါ်မှာတင်ထားတဲ့ အအေးဗူးကို လှမ်းယူလိုက်သည်။ ဂတ်(စ်)ပါတဲ့ အချိုရေ အေးအေးတွေက ပါးစပ်ထဲစီးဝင်သွားတော့ လျှာပေါ်မှာ ခပ်စူးစူးဖြစ်ပြီး လန်းစန်းသွားသည်။
"ဒါနဲ့ ပစ္စည်းကရပြီမို့လို့လား"
ကောင်လေးရဲ့ မေးခွန်းကြောင့် ဘောင်းဘီအိတ်ကပ်ထဲက လော့ကဒ်သီးလေးကို ဆွဲထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
ဂျောင်ကုလည်း အစားကို ခဏရပ်ကာ လော့ကဒ်သီးကို သေချာတစူးတစိုက်ကြည့်လိုက်သည်။
နှစ်တွေ၊ လတွေ ကြာအောင် ကြိုးစားခဲ့တာ နောက်ဆုံးတော့ ဒီပစ္စည်းလေးက တကယ်ပဲမျက်စိရှေ့ကို ရောက်လာပြီပေါ့။
ဆွဲသီးကို ယူလိုက်ပြီး အတွင်းထဲကိုဖွင့်ကြည့်လိုက်သည်။ နာရီလို ငွေမျှင်ရောင်လက်တံနှစ်ချောင်းရှိပြီး လက်တံနှစ်ချောင်းရဲ့ အောက်ဖက်က ဒီဇိုင်းက သံလိုက်အိမ်မြှောင်တွေမှာပါသည့် ကြယ်ပုံသဏ္ဍာန်အဆင့်ဆင့်ပါရှိသည်။ ဘေးနားမှာတော့ နာရီတွေမှာ တွေ့ရတဲ့ ကဏ္ဏာန်းတွေ။