ဂျူလိုင်လ၏မိုးရေများကြားထဲ ရန်ကုန်မြို့ကိုကျောခိုင်းကာ သူ့ကိုစောင့်နေမည့်သူများရှိရာသို့ ခရီးနှင်လာခဲ့သည်။ လေဆိပ်ကို လာကြိုပါ့မယ်ဆိုပေမယ့် ချစ်ရသူ၏ နောက်ဆုံးခရီးမှာ လစ်ဟင်းနေမည်စိုးသဖြင့် နာရေးကိစ္စတွေကိုသာ အာရုံစိုက်ဖို့တိုက်တွန်းလိုက်သည်။ သူအနေနဲ့ကတော့ တကိုယ်တည်း ရွက်လွင့်နေရတာ အဆန်းမဟုတ်။ အခုလို အေးချမ်းသော မွေးရပ်မြေဆိုတော့ အထူးအထွေပြောစရာပင်မရှိ။ အောက်ပြည်လို့ခေါ်တဲ့ မြန်မာပြည်အောက်ပိုင်း မွန်ပြည်နယ်ရှိ မြို့ကလေးသည် သူအတွက် ထာဝရအေးငြိမ်းရာ မေတ္တာရိပ်မြုံ။ ထိုနေရာမှာ သူပျော်ခဲ့သည် ငိုခဲ့သည် ချစ်ခဲ့သည် မုန်းခဲ့သည် စသဖြင့် ခံစားချက်တွေစုံလို့ပေါ့။
“ငါတို့တွေ အကောင်းဆုံးလမ်းကို ရွေးချယ်ခဲ့တယ်လို့ယုံကြည်နေတာလေ အဆုံးသတ်မှာ ဒီလိုဖြစ်လာရတာ ငါ တကယ် ဝမ်းနည်းတယ် နောင်ခန့် အကယ်၍ ငါသာ အဆုံးထိ အတူရှိခဲ့ရင်… နင့်ဘေးနားမှာ အဆုံးသတ်ထိ ငါရှိနေပေးခဲ့ရင် နင်ဒီလို လူ့လောကကြီးကနေ ထွက်ခွာသွားရမှာမဟုတ်ဘူး တောင်းပန်ပါတယ် နောင်ခန့် ငါ အတ္တကြီးသွားခဲ့လို့ပါ ငါ ပြန်ပေးဆပ်ပါ့မယ် သူငယ်ချင်းရယ် ”
အငြိုးနဲ့ရွာလေသလားထင်ရတဲ့ မိုးစက်တွေကြားထဲမှာပဲ သူ အနှစ်နှစ်အလလနေထိုင်ဖူးတဲ့ အိမ်လေးကို ရောက်လာခဲ့ပြီ။ ပတ်ပတ်လည်မှာ သီဟိုဠ်ပင်တွေ ဝန်းရံနေသည့် ခြံကျယ်ကြီး တစ်ခုအတွင်း မှာ နာရေးကျင်းပနေသည်။ ပျော်စရာမှာ နတ္ထိဆိုရမလို ဤ ခြံဝင်းအတွင်းရှိ လူအားလုံး၏ မျက်ဝန်း၌ မျက်ရည်စများ ကိုယ်စီဖြင့်။
နှင်းဆီရောင်စုံများအဓိကပါသည့် လွမ်းသူ့ပန်းခွေများခြံရံထားသော နေရာကို ဦးတည်လာနေသည့် သူ့ကို မြင်တော့ ရှိနေသူများမှာ သွားလေသူ၏ အမည်ကို တလျှက် ငိုကြွေးကြသည်။ သူကိုယ်တိုင်ကတော့ အနက်ရောင်နောက်ခံ၌ အဖြူရောင် စာလုံးများဖြင့် ရေးထားသည့် ကွယ်လွန်သူ၏ အမည်နှင့် အသက်ကို ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေဆဲ။
“တကယ်ပဲလား ” လို့ သွေးပျက်စွာ တခြားသူတွေကို အော်ဟစ်မေးလိုက်ချင်ပေမယ့် မျက်စိရှေ့က မှန်ခေါင်းတလားထဲ လှဲနေသူ၏ ရုပ်သွင်က တိတ်ဆိတ်စွာ အတည်ပြုပေးလိုက်သည်။ တခြားသူတွေ ဘာလုပ်နေလဲ သူ့ကိုဘာတွေပြောနေလဲ မစဥ်းစားမိခင် သူကိုယ်တိုင် မှန်ခေါင်းတလားကို ဖွင့်ကာ တိတ်ဆိတ်စွာလှဲလျောင်းနေသူအား နောက်ဆုံးကြည့်ခြင်းဖြင့် နှုတ်ဆက်လိုက်သည်။ တကယ်ပါ ဟိုးတုန်းကလိုပဲ ရုပ်သွင်က နည်းနည်းမှ မပြောင်းလဲပါလား။ နဂိုဖြူသော အသားရောင်က အခု အနည်းငယ် ဖွေးဆွတ်နေရုံသာ။
YOU ARE READING
She's sweet like candy.(GL)
Romanceကွာရှင်းထားတဲ့ခင်ပွန်းဟောင်းရဲ့ လက်ဆောင်က တိတ်တိတ်ပုန်းမယားနဲ့ လူမမယ်ကလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့မထင်ထားဘူး