(8)

4K 346 6
                                    

တောင်ပုံယာပုံဖြစ်နေသော အလုပ်ကိစ္စများကြောင့် ကလျာ ညသန်းခေါင်ထိတိုင် မအိပ်စက်ရသေးပေ။ စည်းစနစ်ကျတဲ့ နောင့်ရဲ့ အလုပ် တွေက တရက်ဆို တရက်ကလေးမကြည့်မိရင် အကြွေးတွေပုံသွားတာမို့ ကလျာ သိမ်းကျုံးလုပ်နေရသည်။ အကယ်၍ အိမ်မှာရောက်နေတဲ့ ကလေးအမေက တကယ်ပဲ နောင့်ရဲ့ သွေးသားကို လွယ်ပေးခဲ့သူဆိုပါက ကလျာသူမတို့ကို  စီးပွားရေးလုပ်ငန်းတွေအကုန်လွှဲပေးမည်ဖြစ်သောကြောင့် အခုထဲက အဲ့ဒီမိန်းကလေး အဆင်ပြေအောင် စီစဥ်ပေးနေရသည်။ ခဏတဖြုတ်အနားယူဖို့ ဝရံတာဖက်ကို  ထွက်လာခဲ့သည်။ လေတဖြူးဖြူးတိုက်နေသော ညခင်းအလှကို အခုလို ဝရံတာမှ စိတ်အေးလက်အေးကြည့်ရှု့ရခြင်းသည် သူမအနှစ်သက်ဆုံးအလုပ်ပင်။ ကိစ္စတွေ အားလုံးရှင်းပြီးလို့ Hallstattကို ပြန်လျှင် ဒီအိမ်နဲ့ တပုံစံထဲတူသည့် အိမ်ဆောက်ဖ်ို့ စိတ်ကူးမိသည်။

ဝရံတာဖက်ဆီသို့ ရုတ်တရက်ရောက်လာသော အသံက ကလေးငိုသံ။  ဒုတိယထပ်မှာ သူ့အခန်းရယ် နောင့် အခန်းရယ်ပဲ ရှိတာမို့ ဘာရယ်ညာရယ်မှန်းမသိသေးခင် ခိုင်နှင်းဆီတို့ သားအမိကို တတိယထပ်က ဧည့်သည်တည်းခိုဖို့အခန်းမှာပဲ ထားရသည်။ အိမ်ဒီလောက်အကျယ်ကြီးကို အပေါ်ထပ်ကနေ အောက်ထပ်ထိ ကြားအောင် ငိုနေသည့် ကလေးပေါက်စက ဘာဖြစ်လို့ပါလိမ့်။

“ကျစ်…  ကလေးအမေက မချော့ဘူးလားမသိဘူး ”

အာခေါင်ခြစ်အော်နေသော ကလေးပေါက်စနေမကောင်းတာများလားဟု ကလျာစိုးရိမ်တာကြောင့် အပေါ်ထပ်ကို ကတိုက်ကရိုက်ပြေးတက်သွားသည်။ အခန်းတခါးကို ဆွဲမဖွင့်ခင် ကြားလိုက်ရတာက ကလေးနှင့်အပြိုင် ငိုနေသည့် ကလေးအမေရဲ့ အသံ။  အထဲရောက်တော့ ကလေးပေါက်စက မွေ့ယာပေါ်မှာ လူးလိမ့်နေပြီး ဘေးနားကအမေဖြစ်သူကတော့  ခေါင်းစုတ်ဖွားနှင့် မတ်တပ်ရပ်ကြည့်နေသည်။  စိတ်လေပါရဲ့ ဘယ်ဘဝက ရေစက်တွေပါလိမ့်။

“ဘာဖြစ်နေတာလဲ ကလေး ဘာလို့ငိုနေတာလဲ ”

“ဘယ်သိမလဲ… ဟဲ့ နင်ဘာလို့ငိုနေတာလဲလို့ ”

သူမေးတာကို ဘောက်ဆတ်ဆတ်ဖြေပြီး စကားမပြောတတ်သေးသည့်ကလေးကို  ငေါက်မေးနေသူကြောင့် ကလျာ ဒေါသတွေ ထွက်သွားရသည်။ သို့သော်လည်း ဘာမှမထူးနိုင်တာမို့ ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး ကလေး ခန္ဓာကိုယ်ကို စစ်ကြည့်လိုက်သည်။

She's sweet like candy.(GL)Where stories live. Discover now