[U] Chapter 3

2.3K 102 2
                                    

ညနေခင်းမှာ ပုံမှန်ထက်ပိုပြီး စည်းကားနေသည်။ နှစ်ကုန်ရန် တရက်သာလိုတော့သည့်အတွက် ကျီးငှက် ၃ ကောင်ကစီနိုမှာ အရင်ထက် ၂ ဆ လူပိုကျနေသည်။ နှစ်သစ်ကူး၏ အငွေ့အသက်များမှာ နေရာအနှံ့ ပြန့်နှံ့နေသည်။ သျှားခက်လျှံအခန်းဘေးပြတင်းပေါက်မှ ကြည့်လိုက်တဲ့အခါ ၂ လမ်းကျော်လောက်မှ သစ်ရွက်ခြောက်များကိုမီးရှို့ပြီး တက်လာသည့် မီးခိုးနံ့သဲ့သဲ့ကို ခံစားမိသည်မှာ ဒီဇင်ဘာလ၏ ဆောင်းအငွေ့အသက်တခုလို့ ဆိုရမည်။ လမ်းမထက်တွင်မူ ရောင်စုံမီးဆိုင်းများ၊ မီးပုံပွဲများ၊ စားသောက်ဖွယ်ရာ အစုံအလင်ပြင်ဆင်နေကြသည်ကို တွေ့ရသည်။ မနက်ဖြန်ဆိုလျှင် သျှားခက်လျှံ ပိုင်ဟွားမြို့သို့ရောက်တာ တနှစ်နှင့် ၆လပြည့်ပြီဖြစ်သည်...

မနေ့မနက် အစောပိုင်းက ခေါင်းတွင်ဒဏ်ရာရထားသော်လည်း ဒီနေ့ည အလုပ်နားဖို့ရာ နည်းလမ်းမရှိ။ သည်ထက် ဆိုးရွားသော အခြေအနေတွေကို ဖြတ်ကျော်ခဲ့ဖူးသည့်အတွက် ဒီနေ့အလုပ်ဆင်းရမှာလည်း သျှားခက်လျှံအတွက်တော့ သိပ်ကြီးကြီးမားမားကိစ္စမဟုတ်ပါ။ ဒါပေမယ့် အခြားသူတွေ သောက်စားပျော်ပါးနေတာကို မြင်ရတာ စိတ်ထဲမှ တလိပ်လိပ်မကျေမခြမ်းဖြစ်တာမိတာတော့ အမှန်ပင်။ ဆေးထည့်ပေးပြီး အန်နာကိုယ်တိုင်လည်း တညလုံး မအိပ်ရသေးသဖြင့် သူ့အခန်းသို့ပြန်သွားပြီဖြစ်သည်။

အလုပ်ချိန်မှာ ပုံမှန်ဆို ညနေ ၆ နာရီမှစသော်လည်း နှစ်ကုန်ရက်ဖြစ်၍ ဒီတပတ်လုံး ၂ နာရီစောဆင်းရသည်။ အလုပ်ဆင်းရန် ၂ နာရီလိုသေးသည်။ ရေမိုးချိုးမုန့်စားပြီး ပြန်အိပ်ပျော်သွားသည်မှာ နေ့လည်မှနိုးလာတော့သည်။ သျှားခက်လျှံသည် နဂိုတည်းက နေ့လည်ခင်းဆို ခေါင်းကိုက်တတ်သည်။ အခု ဒဏ်ရာရထားသည့်အတွက် ပုံမှန်ခေါင်းကိုက်တာထက် ၂ ဆ ပိုဆိုးနေသည်။ မနက်က ကော်ဖီတထုပ် အမြန်ဖျော်သောက်ထားလိုက်လို့ တော်သေးသည်။ ကော်ဖီသာမသောက်ရသေးရင် လူသတ်ဖို့တောင် ဝန်မလေးလောက်အောင် စိတ်တိုနေမိမှာအမှန်ပင်။

အပြင်လည်းထွက်လို့မရ၊ အခန်းထဲတွင် ဘာမှလုပ်စရာမရှိတာနှင့် သျှားခက်လျှံတယောက် ပြတင်းပေါက်ဘောင်ပေါ် လက်တင်ကာ ဟိုးအဝေးရှိတောင်တန်းများကို ငေးမောနေမိသည်။ သူဌေး မျက်နှာသာရအောင်..ဟင့်အင်း အခုလို အညှိုးထားမခံရအောင် အရင်လို ဘယ်လိုပြန်လုပ်ရမလဲ စဉ်းစားနေသည်။ ဒီနေရာတွင် ဘယ်လောက်ကြာကြာ ဆက်ရှိနေရမယ်မှန်း ကောင်းကင်ကြီးသာ သိမည်။ ဒါပေမယ့်လည်း လူဆိုတာ အသက်ရှင်နေသမျှပတ်လုံး ဘယ်လောက်ပဲ ရွံမုန်းတီးနေတဲ့သူဖြစ်ပါစေ မလွန်ဆန်နိုင်သ၍တော့ အဆင်ပြေအောင် ကြည့်ပေါင်းရတာပဲ.. အသက်ဆက်ရှင်နေဖို့အတွက် စိတ်ဓါတ်မပြိုလဲသွားဖို့အတွက် ကိုယ့်အတွက်ကိုယ် စဉ်းစားရတာပဲမဟုတ်လား..?

Silent White Lies (Complete)Wo Geschichten leben. Entdecke jetzt