Chapter - 24

3.9K 423 29
                                    

Unicode

အပိုင်း ၂၄။ အေးစက်သည့်ညတစ်ည

" ဟတ်ချိုး! ဟတ်ချိုး! "

အေးစက်သည့် နှင်းမှုန်များကြားမှာ ဒူးထောက်နေရသည့်အချိန်ကြာလာသည်နှင့်အမျှ ရှောင်းကျန့်၏ နှာချေသံများဟာ ပိုပို၍ စိပ်လာသည်။ ချမ်းစိမ့်နေသည့် လေထုကြောင့် သူ့ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးကျုံ့ထားသော်ငြား အအေးဒဏ်မခံနိုင်သည့်ကိုယ်က ဆိုးဆိုးရွားရွားကို တုန်ယင်နေသည်။ သို့သော် သူစိတ်လျှော့လို့မရပါချေ။ မင်းကြီးနှင့်မတွေ့ရမချင်း၊ မင်းသားဝမ်အသက်အန္တရာယ်မလုံခြုံမချင်း၊ သူစိတ်အေးနိုင်မည်မဟုတ်။ တစ်နေကုန် ဤကဲ့သို့ ဒူးထောက်အသနားခံနေရမည်ဆိုလျှင်တောင် သူမဆိုင်းမတွလုပ်မည်ဖြစ်သည်။

ရှောင်းကျန့်က သူ့လက်သီးဆုပ်လေးထဲမှ စာကို နှင်းမစိုသွားစေရန်အတွက် အနွေးခြုံထည်၏အောက်တွင် လုံခြုံစွာရှိနေစေရန် သေချာထွေးဆုပ်ထားသည်။ စာထဲမှအကြောင်းအရာများကို ပြန်လည်တွေးတောမိသည့်အခါ သူ၏နှလုံးအိမ်က လွန်စွာပင် တင်းကျပ်လာ၏။

မင်းသားဝမ်က အဆိပ်မြှားထိမှန်သွားသည်တဲ့လေ။ နယ်စပ်တိုက်ပွဲအောင်မြင်သည်နှင့် လမ်းတစ်လျှောက်ရှိ မြို့များကို တစ်ဆင့်ပြီးတစ်ဆင့် တက်သိမ်းသွားမည်ဖြစ်ကြောင်းလည်း ရေးထားသေးသည်။

ရှောင်းကျန့်၏ နှုတ်ခမ်းများက ဖျော့တော့နေပြီဖြစ်ပြီး တစ်ကြိမ်တစ်​ကြိမ်ထွက်လာသည့် အံကြိတ်သံများက မှောင်ရီသန်းလာ၍ ပိုမိုအေးစိမ့်လာသည့် ပတ်ဝန်းကျင်တွင် အထီးကျန်စွာ နေရာယူထားလျက်ရှိသည်။ မကြာခဏနှာချေခြင်းကြောင့် နှာထိပ်လေးမှာလည်း နီရဲနေလေသည်။

ဇွဲမလျှော့ဘဲ ခေါင်းမာလွန်းလှသည့် သူ့ကြောင့် အစောင့်များက အခက်တွေ့နေပုံရသည်။ အစောင့်နှစ်ယောက်က ခပ်တိုးတိုးနှင့် တိုင်ပင်မှုတစ်ခုလုပ်ပြီးနောက် တစ်ယောက်က နန်းတွင်းထဲသို့ ဝင်သွားခဲ့သည်။

" မင်း အခု ဝင်လို့ရပြီ "

ပြန်ထွက်လာသည့်အစောင့်က သူ့ကို ဝင်ခွင့်ပြုကြောင်း လာပြောသည့်အခါ ပျော်ရွှင်သွားသည့်ရှောင်းကျန့်က ထိုအစောင့်ကို ထပ်ခါထပ်ခါကျေးဇူးတင်သည်။ သတင်းကိုတင်ပြရန် မစောင့်နိုင်တော့သည့်ရှောင်းကျန့်က တောင့်တင်းကိုက်ခဲနေသည့် ခြေထောက်များကြောင့်​ နှောင့်နှေးလို့နေသည်။ ကျဉ်တက်နေသည့်ခြေထောက်ကြောင့် ကောင်းကောင်းမရပ်နိုင်ဘဲ မကြာခဏလဲကျနေသည့်သူ့ကို ကြင်နာမှုရှိသည့်အစောင့်က ကူတွဲပေးတာကြောင့် သူ့မှာ ထပ်ပြီး ကျေးဇူးတင်ရသေးသည်။ အချိန်တစ်ခု ကုန်ဆုံးသွားပြီးနောက်မှာ မင်းကြီးရှိရာ စာဖတ်ဆောင်ရှေ့သို့ ရောက်လာခဲ့ပြီ။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now