ဒီနေ့ အသံတိတ်သပိတ်မို့ မနက်စာစားပြီးတာနဲ့ အိပ်ယာပေါ်မှာ ပြန်လှဲနေမိသည်
မျက်လုံးထဲဝယ် မမမေ၏ပုံရိပ်များက တရိပ်ရိပ်
ကျွန်မကို လှည့်ကြည့်လိုက်တဲ့ မျက်ဝန်းတွေ
ကျေနပ်လို့ ပြုံးလိုက်တဲ့ အပြုံးလေးတွေ
တကယ်ဆို မမမေနဲ့ နောက်ထပ် ထပ်ဆုံချင်သေးရဲ့
စိတ်ကတွေးပြီဆိုတာနဲ့ လက်ကလည်း ရောက်ပြီးသား
Facebook မှာ အမရာမေ လို့ ရိုက်ရှာလိုက် မမမေ လို့ရိုက်ရှာလိုက်နဲ့ အလုပ်များနေတော့သည်'ဖုန်းနံပါတ်လေးတောင် မတောင်းခဲ့မိဘူးပဲ '
ဟူး ......."မိုးပွင့်ရေ ထမင်းစားမယ်လေ"
အောက်ထပ်မှ မေမေ့ခေါ်သံကြောင့် သတိပြန်ဝင်လာရသည်
"နေ့လည်တောင် ရောက်ပြီပဲ"
မေမေက ဒီနေ့ ဈေးသည်မလာလို့ ပဲကုလားဟင်းနဲ့ ဘလချောင်ကြော် ချက်ထားသည်
မေမေက ဘာချက်ချက် အမြဲစားကောင်းနေတော့တာပဲဟု တွေးရင်း မမမေကို သတိရလိုက်သေးသည်ထမင်းစားပြီး အခန်းထဲပြန်ဝင်လာတော့ ကလုံ
Facebookမှ noti ဝင်လာတော့
Fri request တစ်ခု
Mary May တဲ့ ဝင်ကြည့်လိုက်တော့ PP မှာ တင်ထားတဲ့ပုံက ဂျူတီကုတ်နဲ့ အမျိုးသမီး ဘေးတစောင်းပုံလေး
ဒီအမျိုးသမီးကို မြင်လိုက်တာနဲ့ ဘယ်သူလဲ ကျွန်မတန်းမှတ်မိတာပေါ့
မယုံနိုင်သလို အိမ်မက်သလိုနှင့် ကျွန်မ ၁မိနစ်ခန့် ကြောင်ကြည့်နေမိသည်
Confirm နှိပ်ပြီးသော်လည်း သူမရဲ့ accထဲ ဝင်ကြည့်ဖို့တောင် ကြောင်နေမိသည်
သတိထားမိလိုက်တော့ မမမေက လိုင်းပေါ်ကဆင်းသွားပြီ 1min ago တဲ့
သူမ Acc ထဲဝင်ကြည့်တော့ ထူးအိမ်သင်ရဲ့ သီချင်းအချို့ share ထားသည်ကလွဲလို့ ဘာမှမတင်ထား
ဆေးပညာဆောင်းပါးအချို့နဲ့ သီချင်းအချို့သာရှိသည်။
မမမေက သီချင်းတွေကို ချစ်တတ်သည်လား
ထူးအိမ်သင်သီချင်းတွေ နားထောင်ဖူးပေမယ့် သိပ်ပြီးသတိမထားမိခဲ့
အခုတော့ မမမေ share ထားသည့် သီချင်းတွေကို နားထောင်မိနေသည်မှာ ဘယ်နှကြိမ်ရှိပြီမသိချစ်သူ့လက်ဆောင်၊မင်းမရှိတဲ့နောက်၊အခါလွန်မိုး
သီချင်း၃ပုဒ် အဆွေးသီချင်းလေးတွေ
ဒါဆို မမမေက အသည်းကွဲနေသည်လား
မမမေလို မြင်လိုက်တာနဲ့ မြတ်နိုးစရာကောင်းတဲ့သူကို ဘယ်လိုလူမျိုးကများ ထားသွားတာလဲ
တော်တော်ညံ့တဲ့လူပဲဟု ကျွန်မ မှတ်ချက်ပြုလိုက်မိသည်
~~~~~~~~~
မမမေနဲ့ Fri ဖြစ်ပြီးတော့လည်း ဘာမှမပြောဖြစ်ပါ
ကျွန်မဘက်က စကားသွားစပြောသင့်လား မပြောသင့်လား ကျွန်မစဉ်းစားမရပါ
ဘာလို့ဆို ကျွန်မ မိန်းကလေးတွေကိုသာ စိတ်ဝင်စားတတ်တာ ကျွန်မကိုယ်ကျွန်မသိသည်
ပညာရေးကောလိပ်တက်တုန်းကရော
ပညာရေးတက္ကသိုလ် တက်တုန်းကရော
ကိုယ့်ထက်အသက်ကြီးပြီး ရင့်ကျက်တဲ့ အစ်မတွေကိုဆို အမြဲစိတ်ဝင်စားနေမိလို့ပါ
ယောက်ျားလေးတွေ ရည်းစားစကားလာပြောရင် ရင်မခုန်ဘဲ စိတ်ညစ်ရသလောက်
စိတ်ဝင်စားတဲ့ အစ်မကြီးတွေနဲ့ အကြည့်ချင်းဆုံရင်တော့ ရင်တွေတအားခုန်ရသည်မဟုတ်ပါလား
အလုပ်ဝင်ပြီးကတည်းက ငြိမ်နေတဲ့ နှလုံးသားက မမမေနဲ့မှ ပြန်အသက်ဝင်လာရတယ်လို့
ကိုယ့်ကိုကိုယ် ဆရာမတစ်ယောက်မို့ သတိထားနေတဲ့ကြားက တစ်ခါသာဆုံခဲ့ဖူးသူနဲ့မှ
~~~~~~~
ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲကို ဖြိုခွင်းဖို့ရှိတယ်လို့ သတင်းရသည်မို့ အစစအရာရာ သတိထားရသည်
မမမေကို သတိတရလိုက်ရှာမိပေမယ့် မတွေရပါ
ဒီလောက် လူထောင်နဲ့ချီတဲ့အထဲ ရှာတာ အရူးပဲလို့ ကျွန်မကိုယ်ကျွန်မပြန်တွေးလိုက်မိသည်
"အရှေ့မှာ ရေကားတွေနဲ့ စဖြိုခွင်းနေပြီ ဆရာဆရာမတို့အဖွဲ့ တခြားလမ်းက ပတ်သွားကြတော့"
လူကြီးတစ်ယောက်က အော်၍သတိပေးသည်
ပညာရေးအဖွဲ့ ဦးဆောင်တဲ့အဖွဲ့က တိုင်ပင်၍ အခြားလမ်းက ပတ်ကြသည်
တစ်နေရာအရောက် အချုပ်ကားကြီးနှင့် စစ်တပ်ကား ရဲကားများ ရှေ့မှ ရုတ်တရက်ပေါ်လာသည်
ပညာရေးသပိတ်စစ်ကြောင်းက အင်အားအများဆုံးဆိုတော့ သူတို့က ပစ်မှတ်ထားနေကြသည်ကိုး
ရှေ့ဆုံးက တက်ကြွစွာ ဦးဆောင်နေတဲ့ ဆရာရဲနောင်ကို ဆွဲဖမ်းကြသည်
ကိုယ့်လူကိုယ်ပြန်ဆွဲ ဝင်လုံးတဲ့လူ
အနောက်ပြန်လှည့်ပြေးကြသူ ရှုပ်ယှက်ခတ်ကုန်သည်
"ဆရာမတို့ ပြေးတော့ ပြေးတော့ "
ဆရာတစ်ယောက်ကလမ်းညွှန်ပေးသည်
သူတို့ဘက်က ရော်ဘာကျည် အသံဗုံးဖြင့် စတင်တိုက်ခိုက်ပါတော့သည်
ကျွန်မ ခြေတလုံးမှာ စပ်ဖျည်းဖျည်း တစ်ချက်ဖြစ်သွားတာသတိထားမိလိုက်သည်
ခြံစည်းရိုးကျော်တက်စဉ်က သံဆူးကြိုးခြစ်မိလိုက်သည်ထင်သည်
ပြေးကြရင်း ကျွန်မလည်း ဘယ်ပြေးလို့ပြေးမိမှန်းမသိ
ရုတ်တရက် လက်ကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်မို့ ကြောက်လန့်ကာ ရုန်း၍လှည့်ကြည့်လိုက်မိသည်။
"မမမေ...."
"လာ...."
မမမေက ကျွန်မကို ဇရပ်တစ်ခုထဲခေါ်ခဲ့သည်။
ပရဟိတအဖွဲ့တစ်ဖွဲ့ နေရာယူထားသည့်နေရာ
လိုက်ကာတစ်ခုအထဲသို့ မမမေက ဆွဲခေါ်ခဲ့သည်။
အင်္ကျီနဲ့ဘောင်းဘီထုတ်ပေးကာ
"မြန်မြန်လဲလိုက်"
မမမေက ကျောပေးရင်း အပြင်ဘက်သို့ တစ်ချက်ချောင်းကြည့်လိုက်သည်
"လဲပြီးပြီ မမမေ"
ကျွန်မအသံက ပြေးရလွန်းလို့ မောဟိုက်နေသည့်အသံလား ကြောက်လန့်၍တုန်ရီနေသည့်အသံလား မသိတော့
မမမေက ကျွန်မအဝတ်အစားတွေကိုယူ၍ အိတ်တစ်အိတ်ထဲထိုးထည့်လိုက်သည် ပြီးမှကျွန်မကိုကြည့်ရင်း
"ဟင်း....."
သက်ပြင်းတစ်ချက်ချ၍ မမမေက ပြုံးလိုက်သည်
ကျွန်မဆီလှမ်းလာကာ
ကျွန်မရဲ့ ဆံထုံးကိုဖြေချလိုက်သည်
ပြီးမှ သူမဆီမှ ခေါင်းစည်းကြိုးဖြင့် စည်းပေးသည်
ကျွန်မမျက်နှာက ဘယ်လိုပုံစံဖြစ်နေမလဲ ကျွန်မသိသည်
"ရော့ ရေသောက်လိုက်ဦး"
မမမေ ကမ်းပေးသည့်ရေဘူးကို ကျွန်မတစ်ဝက်လောက်ထိသောက်ချလိုက်သည်
"ဒီကိုလာ"
မမမေ ဆွဲခေါ်ရာနောက်ကိုသာ လိုက်လာမိသည်
မမမေက ပရဟိတအဖွဲ့သားတွေ ဝတ်ထားသလို အပေါ်ကုတ်ကို ထပ်ဝတ်ပေးသည်
ထိုခဏ
ဇရပ်ထဲသို နံပါတ်တုတ်ကိုင်ဆောင်ထားသော
ရဲ၃ယောက်ဝင်လာသည်
"ဒီထဲကို ဆန္ဒပြတဲ့လူတွေ ဝင်လာသေးလား"
ရဲတစ်ယောက်ကမေးတော့
မမမေအသံက ပြတ်သားစွာထွက်လာသည်
"သေချာသိချင် ရှာကြည့်လေ ဒီမှာတော့ ကျွန်မတို့အဖွဲ့က လူတွေချည်းပဲ"
ရဲတစ်ယောက်က ကျွန်မကိုတစ်ချက်ကြည့်ပြီး ပြန်ထွက်သွားကြသည်
ကျွန်မနှလုံးခုန်သံတွေကျယ်လွန်းလို့ ဘေးနားက မမမေတောင် ကြားမည်ထင်သည်
မမမေက ကျွန်မလက်ကို ဆုပ်ကိုင်ရင်း ဖွဖွလေးညှစ်ကာ အားပေးသည်
မမမေလက်တွေက နွေးနေတာပဲ
ကျွန်မလက်တွေက ဘယ်လောက်တောင် အေးနေမလဲ ခန့်မှန်းလို့ရပါသည်။
~~~~~~
"အိုး.....မင်းခြေထောက်မှာ ဒဏ်ရာရထားတာလား ပြစမ်း"
YOU ARE READING
သစ္စာတရားကြောင့်သာ....
General Fictionနှလုံးသားထဲက စစ်မှန်သော သစ္စာတရားကြောင့်သာ ...... မျှော်လင့်သောရည်မှန်းထားသော နေရာလေးတစ်ခုမှာ .....