Chapter 24

1.1K 124 0
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 24 ဝူမိသားစု လုပ်ငန်းစု

“အဲ့အပိုဇာတ်ကောင်က သခင်လေးဝူကို ရိုက်ရဲတယ်ဆိုတော့ ရူးနေတာပဲ ဖြစ်မယ်”
“ယီးပဲ ငါတို့တော့ ကံဆိုးပြီ၊ ငါတို့တော့ ကံဆိုးပြီ၊ ဝူမိသားစု လုပ်ငန်းစုဆီကို သတင်းက ပြန့်သွားပြီးပြီ၊ အခု ဒီကို လူတွေ အများကြီး လာနေပြီ”
“အဲ့ကန်ချက်က တော်တော်လေး အညှာအတာမဲ့တယ်၊ သခင်လေးဝူက လုံးဝ ဒီအတိုင်း ထားမှာ မဟုတ်ဘူး”
“တစ်ခုခု အပြစ်ရမယ်ဆိုရင် အဲ့ကံဆိုးတဲ့ အပိုဇာတ်ကောင်ရဲ့ ကံကြမ္မာကို အပြစ်တင်ရမှာပဲ”
လူအုပ်ကြီးသည် ဖြစ်ပျက်လာနိုင်သည်ကို ဆွေးနွေးရင်း အလုပ်များနေကြသည်။ ရဲ့လင်းချန် ဘေးနားမှ ကတုံး ဒါရိုက်တာမှာမူ သွေးပျက်နေပြီးသား ဖြစ်ပြီး တစ်ခေါင်းလုံး ချွေးများ ရွှဲနစ်နေ၏။
သခင်လေးဝူသည် သူ့ရိုက်ကွင်း၌ ရိုက်နှက်ခံခဲ့ရသည်။ သူတို့သာ ဤကိစ္စကို စုံစမ်းပါက သူလည်း ကံဆိုး သွားနိုင်သည်။
“မင်း မဆင်မခြင် လုပ်လွန်းတယ်”
ကတုံး ဒါရိုက်တာက ရဲ့လင်းချန်ကို ကြည့်လိုက်သည်။
“မင်း ကန်လိုက်တဲ့လူက ဘယ်သူလဲ သိလား”
“ဘယ်သူလဲ”
“ဝူချန်၊ ဝူမိသားစု လုပ်ငန်းစုက ဝူဖုန်းရဲ့ တစ်ဦးတည်းသောသား”
ကတုံး ဒါရိုက်တာက စိုးရိမ်တကြီး ပြောလိုက်သည်။
“ဝူဖုန်းက လေ့ကျင့်ထားတဲ့ သိုင်းသမား၊ သူ ဆယ်ကျော်သက် အချိန်တွေတုန်းက ရှောင်လင်မှာ နှစ်တော်တော် ကြာအောင် လေ့ကျင့်ခဲ့တာ၊ သူက ဟမ်တန်း စတူဒီယိုတစ်ခုလုံးမှာ နာမည်ကြီး တိုက်ခိုက်ရေးသမားပဲ”
“ဟမ်တန်း စတူဒီယိုက စတန့်သမားတွေနဲ့ သရုပ်ဆောင်တွေအားလုံး သူ့ဆီက နည်းပေးလမ်းပြမှုတွေ ရကြတာ၊ ဝူမိသားစု လုပ်ငန်းစုက မဟုတ်တဲ့လူတွေဆို ခွဲခြား ဆက်ဆံခံရပြီးတော့ တဖြည်းဖြည်းနဲ့ သူတို့က လက်ဝါးကြီး အုပ်လာတာ၊ နာမည်ကြီး ဒါရိုက်တာတွေတောင် သူ့ကို လေးစားမှု ပြရတယ်၊ သူက တော်တော်လေး အဆင့်အတန်း မြင့်တာ”
“သူ သရုပ်ဆောင်နေတဲ့ဟန်ထဲမှာ တကယ် ချတာတွေ ပါနေတယ်လေ”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲကွာ၊ ဝူမိသားစု လုပ်ငန်းစုက ဘယ်တုန်းက တိုက်ခိုက်ခန်းကို ဟန်ဆောင်ရုံသက်သက် လုပ်ဖူးလို့လဲ”
ကတုံး ဒါရိုက်တာက ခေါင်းခါလိုက်သည်။
“လွန်ခဲ့တဲ့ သုံးရက်တုန်းက အပိုဇာတ်ကောင် တစ်ယောက်က ဝူချန်ကို မတော်တဆ စိတ်တိုအောင် လုပ်မိသွားတယ်၊ သူ သေလုနီးပါး အရိုက်ခံလိုက်ရတာ၊ အပြင်လောကက သိသွားမှာစိုးလို့သာ သူတို့က ရိုက်ကူးတုန်း ဒဏ်ရာရတယ်လို့ သတင်းလွှင့်လိုက်ရော၊ အဲ့ကိစ္စကိုလည်း မေ့ထားလိုက်ရတယ်”
“ဒေါက် ဒေါက် ဒေါက်”
ထိုသို့သောအချိန်၌ မာန်ပါသော ခြေသံများ ထွက်ပေါ်လာပြီး လူတိုင်း သတိအနေအထား ဖြစ်လာကြသည်။ သူတို့ လှမ်းကြည့်လိုက်သောအခါ ရှေ့ဆုံးမှ လျှောက်လာသူက သန်မာသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့လက်မောင်းတွင် ဖုဖောင်းသော ကြွက်သားများဖြင့် ပြည့်နှက်နေ၏။
ထင်းခနဲ မြင်သာသောအချက်မှာ သူ၏ တစ်ရာ့ကိုးဆယ် စင်တီမီတာနီပါး မြင့်သော အရပ်ပင်။ အရပ်အမောင်း မြင့်မား၍ သန်မာသော သူ့ပုံစံက ခြေလှမ်းတိုင်းတွင် အလွန် ဖိအားပေးနိုင်သော မာန်များ ပါနေသည်။
“နွားသိုးတစ်ကောင်၏ ခွန်အား” ဟူသော စကားမျိုးက ဤသို့သော လူစားမျိုးကို တင်စားပြောဆိုခြင်း ဖြစ်နိုင်ပေသည်။
အတိတ်တုန်းကဆိုလျင် ရိုက်ကူးရေးအတွက် ဝူဖုန်းကိုယ်တိုင် ပေါင်ငါးရာနီးပါး အလေးချိန်ရှိသည့် ကျောက်တုံးကို လူမြင်ကွင်း၌ မပြခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ ကျော်ကြားမှုက တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။
ဝူဖုန်း၏ အနောက်၌ လူနှစ်ဆယ်ကျော် ပါလာသည်။ သူတို့အားလုံးသည် ခြွင်းချက်မရှိ သိုင်းပညာတစ်ချို့ကို လေ့ကျင့် သင်ကြားထားသူများ ဖြစ်လေသည်။
“အဖေ အဲ့ကောင်ပဲ၊ အဖေ သူ့ကို သတ်ရမယ်၊ သူ့ကိုသတ်ပေး”
ဝူချန်က ရဲ့လင်းချန်ကို စူးစူးရဲရဲ စိုက်ကြည့်၍ အလွန် အံကြိတ်ထားသဖြင့် ကျိုးလုနီးပါး ဖြစ်နေသည်။
“ခွေးမသား မင်း အသေပဲ”
ဘေးပတ်လည်မှ ကျိတ်၍ ပြောဆိုသံများ ထွက်ပေါ်လာသည်။
“ဝူဖုန်းကိုယ်တိုင် ရောက်လာတာပဲ၊ ဒီကိစ္စကတော့ အဆုံးသတ် ကောင်းမယ် မထင်ဘူး”
“ဝူချန်က ဝူဖုန်း ရတနာလို တအား တန်ဖိုးထားတဲ့ တစ်ဦးတည်းသောသားဆိုတာကို သူ မသိဘူးလား”
“ဒီကိစ္စအပြီးမှာ အဲ့ကောင် အသက်ရှင်နေသေးရင်တောင် ကံကောင်းလှပြီ”
“ဝူဖုန်းက ဝူချန်ကို ဇာတ်လမ်းမှာပါအောင် တမင်လုပ်ပေးပြီး အကြီးအကျယ် ထောက်ပံ့ထားတာ၊ အခု သူ အနိုင်ကျင့်ခံရတော့ အဖေက ဘယ်လိုလုပ် ဒီအတိုင်း ထားတော့မှာလဲ”

ရဲ့လင်းချန်က နေရာမှာ ရပ်မြဲရပ်၍ အမူအရာ မပြောင်းလဲသွားပေ။
“ငါ့သားကို ဒဏ်ရာရအောင်လုပ်တာ မင်းလား”
ဝူဖုန်းက ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ လှမ်းလာသည်။
“ကျွန်တော်ပဲ”
“မင်းလက်တစ်ဖက်ကို ချိုးပြီး တောင်းပန်လိုက်”
ဝူဖုန်းက ရက်စက်စွာ အမိန့်ပေးလေသည်။ သူ့စကားလုံးများ၌ အမိန့်အာဏာ ပြည့်နှက်နေ၏။ ဝူဖုန်း၏ ခြိမ်းခြောက်စကားကို ကြားလိုက်ရသည်နှင့် ဘေးလူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကာ ရင်တဒိန်းဒိန်း ခုန်လာကြသည်။
*လက်ချိုးရမယ်၊ တောင်းပန် ဟုတ်လား*
*လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို စကားလေး တစ်ခွန်းနဲ့ ဆုံးဖြတ်လိုက်တာပဲ*
*ဝူဖုန်းက ဖိနှိပ်ညှဉ်းပန်းတာပဲ*
ဝူဖုန်းက နိုင်လိုမင်းထက် ပြုမူနေသော်လည်း မည်သူမှ ရဲ့လင်းချန်ဘက်က ဝင်မရပ်တည်ရဲကြချေ။ ရဲ့လင်းချန်က ဝူဖုန်းကို တည်ငြိမ်စွာ စိုက်ကြည့်၍ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။
“ဘာလဲ … မင်းက ငါကိုယ်တိုင် လုပ်စေချင်တာလား”
ဝူဖုန်းက ထပ်၍ အမိန့်ပေးလာသည်။ ယခုတစ်ခေါက်တွင် အသံက ပိုကျယ်လာပြီး သားရဲတစ်ကောင်ကဲ့သို့ မာန်ပါပါ ကြုံးဝါးလေသည်။
“ယီးပဲ၊ ခွေးမသား မင်း ခုနကပဲ မာနကြီးသလိုလို ဂုဏ်ရှိသလိုလို လုပ်နေတာ မဟုတ်ဘူးလား၊ အခု ဘာလို့ ကြောက်ပြီး စကားတောင် မပြောနိုင်ရတာလဲ”
ဝူချန်သည် ဒေါသကြောင့် နီမြန်းနေသော မျက်နှာဖြင့် ရဲ့လင်းချန်ကို စူးစိုက်ကြည့်၍ အော်ငေါက်လေသည်။ ရဲ့လင်းချန် သူ့ရှေ့၌ ဒူးထောက်၍ ခွင့်လွှတ်ပေးရန် ခခယယ တောင်းပန်သည်ကို သူ မြင်ချင်လှသည်။
“ထွက်သွား”
ဘာလှုပ်ရှားမှုမှမရှိသော တိတ်ဆိတ်နေသည့် ကွင်းပြင်၌ ရဲ့လင်းချန်က ရုတ်တရက် အော်ငေါက်လိုက်သည်။ သူ၏ ရိုးရှင်းသော စကားတစ်ခွန်းကြောင့် ကွင်းပြင်တစ်ခုလုံး အခြေအနေ တင်းမာသွားရသည်။
“ရူးနေပြီ၊ သူ တကယ် ရူးနေပြီ”
“မယုံနိုင်စရာပဲ၊ မယုံနိုင်စရာကြီး၊ ဒါကို ငါ့မျက်လုံးနဲ့သာ မမြင်ခဲ့ရင် တစ်ယောက်ယောက်က ဝူဖုန်းကို ထိပ်တိုက် တွေ့ရဲလိမ့်မယ်လို့ လုံးဝ ယုံမှာ မဟုတ်ဘူး”
လူတိုင်း သူတို့အတွေးများ ဗလာဖြစ်သွားပြီး ရင်ဘတ်ပေါ်သို့ ဗုံးတစ်လုံး ကျလာသည်ဟု ခံစားမိကာ အသက်မရှူနိုင် ဖြစ်သွားလေသည်။
*ဒီအပိုဇာတ်ကောင်က မြန်မြန်ဘဝကူးချင်နေတာလား*
“ဟဲဟဲ … ငါ့အာရုံကို ဖမ်းစားနိုင်လို့ မင်း ဂုဏ်ယူသင့်တယ်”
ထိုသို့ပြောပြီး ဝူဖုန်းက သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထို့နောက် အုတ်ခဲသဖွယ် မာကြောသော လက်သီးကို ဆုပ်၍ ရဲ့လင်းချန်၏ မျက်နှာကို အားဖြင့် ထိုးနှက်လေသည်။ သားရဲတစ်ကောင်ကဲ့သို့ ကြံ့ခိုင်သော ခန္ဓာကိုယ်မှ အားထုတ်သုံးထားသည့် လက်သီးတစ်ချက်က မတွေးဝံ့စရာပင်။
ထိုလက်သီးကို မြင်သောအခါ ရဲ့လင်းချန်ကလည်း လက်ကိုမြှောက်၍ ပြန်ထိုးနှက်လိုက်သည်။
“ဒီကောင် အကြောက်လွန်ပြီး ရူးမိုက်နေတာ ဖြစ်မယ်၊ ဒီလို အားပြင်းတဲ့ လက်သီးကို သူ ရင်ဆိုင်နိုင်မယ်လို့များ ထင်နေတာလား”
နှိုင်းယှဉ်မရအောင် ခြားနားသည့် လက်သီးနှစ်လုံး ထိုးနှက်မိသွားချိန်တွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး အရိုးအက်သွားသည့်အသံကိုပင် ကြားလိုက်ရလေသည်။
“ဟားဟားဟား … ခွေးသား မင်း သေပြီပဲ၊ ငါ မင်းကို သေအောင် လုပ်ပစ်မှာ”
အရိုးအက်သံက ဝူချန်၏ နားထဲတွင် သာယာသော တေးသံလိုပင်။ သူ့မျက်နှာတွင် ကြောက်စရာကောင်းသော အပြုံးတစ်ခု ဖြစ်ပေါ်နေ၏။ သို့သော် တစ်ခဏအတွင်း သူ့ရယ်သံ ရပ်တန့်သွားသည်။
ဝူဖုန်း၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး နောက်သို့ သုံးလှမ်း ဆုတ်လိုက်ရသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က နောက်သို့ ယိုင်သွားပြီး မြေကြီးပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသည်။ သူ ထိုးလိုက်သည့် လက်တစ်ဖက်က ချည့်နဲ့စွာ ညွတ်ကျနေ၏။
*ဒါ … ဘယ်လိုဖြစ်ရတာလဲ*
ဤမြင်ကွင်းက ဘေးလူတိုင်းကို ဆွံ့အသွားစေသည်။
*လက်သီးချင်း တစ်ခါပဲ ယှဉ်ထိုးရသေးတာကို အပိုဇာတ်ကောင်က နိုင်သွားတာလား*
*သူ ဘယ်လိုလုပ်လိုက်တာလဲ*
ဝူဖုန်း၏ မျက်နှာက ဝေဒနာကြောင့် ဖြူရော်နေသည်။ သူ့မျက်နှာက ဆိုးရွားသော အမူအရာမျိုး ဖြစ်နေပြီး ရဲ့လင်းချန်အား ကြောက်လန့်တကြား လှမ်းကြည့်ကာ နှလုံးဖောက်မတတ် ဖြစ်နေလေသည်။
*သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ*
“သူ့ကိုဝိုင်းစမ်း”
ဝူဖုန်း အံကြိတ်၍ ပြောလိုက်သည်။ သူ့အမိန့်အဆုံးတွင် သူ့နောက်မှ လိုက်လာသောလူများက ချက်ချင်း ရဲ့လင်းချန်၏ ပတ်လည်၌ နေရာယူလိုက်သဖြင့် ရဲ့လင်းချန်က အလယ်ရောက်သွားသည်။
“လူများများ ခေါ်လာခဲ့၊ လက်နက်ပါ သယ်လာ”
ဝူဖုန်းက ဖြည်းဖြည်းချင်း ပြန်ရပ်လိုက်ပြီး ရဲ့လင်းချန်အား ဝံပုလွေသဖွယ် စူးစူးရဲရဲ စိုက်ကြည့်လေသည်။
“မင်းက ကိုယ်ခံပညာ တတ်တယ်ပေါ့၊ ငါ မင်းကို ကိုယ်အင်္ဂါချို့တဲ့အောင် လုပ်ပစ်မယ်ကွ”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး ပခုံးကိုလျှော့ကာ စိတ်ရှိသလို တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ထိုအခါ သူ့ဖုန်းက ရုတ်တရက် ထမြည်လာသည်။ သူ တစ်ဒင်္ဂမျှ စဉ်းစားပြီးမှ ဖုန်းကိုင်လိုက်သည်။
“ဟဲလို အစ်မဖေးဖေး”
“နင် ဘယ်မှာလဲ၊ မိန်းမလှလေးတွေကို လိုက်ငမ်းနေတာလား”
ရဲ့လင်းချန်က နှာခေါင်းပွတ်၍ ပြန်ဖြေလိုက်သည်။
“အစ်မဖေးဖေး ကျွန်တော် ဒီမှာ နည်းနည်း ပြဿနာ တက်နေလို့”
“ခဏစောင့် ငါ အဲ့ကို လာခဲ့မယ်”
“ခွေးသား၊ မိုးနတ်မင်းတောင် မင်းကို ဆင်းမကယ်နိုင်စေရဘူးကွ၊ ငါ မင်းကို လူဖြစ်လာတာ နောင်တရအောင် လုပ်ပေးမယ်”
ဝူချန်၏ မျက်နှာက ကြည့်ရဆိုးလှသည်။
“မင်းတို့ ဘာတွေစောင့်နေတာလဲ၊ သူ့ကို ချလေ”
“နေဦး”
တစ်ချိန်တည်းမှာပင် ဒါရိုက်တာလီနှင့် ရှောင်ဖေးဖေးတို့ ရောက်လာကြသည်။
“ဒါရိုက်တာလီ၊ အစ်မ ဖေးဖေး”
*ဖေးဖေးကို … အစ်မတဲ့လား*
လူတိုင်း ရဲ့လင်းချန်ကို တွေဝေစွာ ကြည့်နေကြလေသည်။
*ဒီကောင်က အေအဆင့် စူပါစတားနဲ့ ရင်းနှီးတာလား*
*ဒီလိုနောက်ခံမျိုး ရှိတာတောင် အပိုဇာတ်ကောင်နေရာမှာ ဝင်ပါတယ်လား*
“နင် ဒဏ်ရာ မရပါဘူးနော်”
ရှောင်ဖေးဖေး စိုးရိမ်တကြီ မေးလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်”
ရဲ့လင်းချန် ခေါင်းခါ၍ ပြန်ဖြေလိုက်လေသည်။ ရှောင်ဖေးဖေးက ရဲ့လင်းချန်ကို သံသယမျက်လုံးများဖြင့် ကြည့်လာ၏။
“ဒါရိုက်တာလီက နင့်ကို သရုပ်ဆောင်ဖို့ ပြောတာကိုတော့ ငြင်းပြီးတော့ ဒီကိုလာပြီး အပိုဇာတ်ကောင် လာလုပ် နေတာလား”
“ပြောရရင်တော့ ဇာတ်လမ်းက ရှည်တယ်”
ရဲ့လင်းချန် အောင့်သက်သက် ရယ်လိုက်သည်။ ဝူဖုန်း၏ အမူအရာ မည်းမှောင်သွားသည်။ သူ မျက်လုံးကို ကျဉ်း၍ လီထိုက်ကို ကြည့်လေသည်။
“လီထိုက် ဒီကောင်က တစ်ယောက်ယောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်၊ မင်း ဝင်ပါချင်တာ သေချာလား”
“ဝူမသိားစု လုပ်ငန်းက လူတွေက အပိုဇာတ်ကောင်တွေကို မဆင်မခြင် ရိုက်လွန်းတယ်ဆိုတဲ့ တိုင်စာတွေ ကျုပ် အများကြီး ရခဲ့ပြီးပြီ၊ မင်းတို့ လေသံနည်းနည်း လျှော့သင့်တယ်”
ဒါရိုက်တာလီ ပြန်တုံ့ပြန်လိုက်သည်။
“ငါတို့က ရုပ်ရှင်ကောင်းတစ်ခု လုပ်ဖို့အတွက် တကယ် ချတာပဲ၊ ငါတို့ လက်သီးတွေကို ဟန်လုပ်နေရင် ဘယ်လိုလုပ် ကွန်ဖူး ရုပ်ရှင်လို့ ခေါ်လို့ တော့မှာလဲ”
ဝူဖုန်းက အေးစက်စွာ ခနဲ့လိုက်သည်။
“အပိုဇာတ်ကောင်တွေက အရေးမပါတဲ့ အမှိုက်တွေပဲ၊ သူတို့ကို ငါတို့ ရိုက်တော့ ဘာဖြစ်လဲ၊ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ ဆေးကုသစရိတ် ပေးမယ်”
“ဒီလိုဆိုရင် ကျွန်မတို့လည်း ရှင်တို့ ဆေးကုသစရိတ်ကို ပေးမှာပေါ့”
ရှောင်ဖေးဖေး ဝင်ပြောလိုက်သည်။
“ကြည့်ရတာ မင်း ဒီမျိုးမစစ်ကောင်ကို မလျှော့တမ်း ကာကွယ်မယ့်ပုံပဲ”
ဝူဖုန်းက ရှောင်ဖေးဖေးကို ကြည့်နေရာမှ လီထိုက်ကို ပြန်ကြည့်၍ အေးစက်စက် သရော်လိုက်သည်။
“မင်းတို့ စောင့်နေလိုက်၊ ဒီကိစ္စ ဒီလိုနဲ့ ပြီးမသွားဘူး”
“အဖေ ဘာလို့ ကျွန်တော်တို့က ဒီလို ထွက်သွားရမှာလဲ”
ဝူချန်က သူ့အဖေနောက်ကို ခပ်သွက်သွက် လိုက်၍ မလိုလားဟန်ဖြင့် မေးလေသည်။
“တစ်ယောက်က စူပါစတား၊ နောက်တစ်ယောက်က နာမည်ကြီး ဒါရိုက်တာ၊ သူတို့နှစ်ယောက်လုံး အဲ့ကေင်ကို ကာကွယ်နေတာ ငါ ဘာလုပ်နိုင်ဦးမှာလဲ”
ဝူဖုန်းက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
“ဒါဆို ကျွန်တော် ဘာမှမလုပ်ရဘဲ အရိုက်ခံလိုက်ရတာပေါ့”
ဝူချန်၏ မျက်နှာ ရှစ်ခေါက်ချိုး ဖြစ်သွားသည်။
“ဘယ်ဟုတ်မလဲ”
ဝူဖုန်း၏ မျက်နှာတွင် မကောင်းတာ လုပ်တော့မည့် အရိပ်အယောင် ထင်ဟပ်နေ၏။
“သခင်လေးလူက ရှောင်ဖေးဖေးကို သဘောကျနေတာ မဟုတ်လား၊ ဒီကောင်က ရှောင်ဖေးဖေးနဲ့ ပတ်သက်မှု ရှိသလိုလိုပဲ၊ ဒါကိုသာ သခင်လေးလု သိသွားရင် အဲ့ကောင်ရဲ့ အေးချမ်းတဲ့ နေ့ရက်တွေ အဆုံးသတ်သွားပြီ”
“ဟားဟားဟား … အဖေက တကယ် ချီးကျူးစရာပဲဗျာ”
ဝူချန် ဝမ်းသာအားရ ပြောလိုက်သည်။
“ကျွန်တော် သခင်လေးလုကို ချက်ချင်း ဆက်သွယ်လိုက်ဦးမယ်”

“အစ်မဖေးဖေး ကျွန်တော် ခင်ဗျားကို ပြဿနာ တက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”
ရဲ့လင်ချန် တောင်းပန်လိုက်သည်။
“ဒီကိစ္စက နင့်အမှားမှ မဟုတ်တာ”
ရှောင်ဖေးဖေး ရယ်လေသည်။
“နင်က ဝူဖုန်းကိုတောင် အနိုင်ယူနိုင်တဲ့အထိ ကိုယ်ခံပညာ ကျွမ်းမယ်လို့ ငါ ထင်မထားမိဘူး”
“ကျွန်တော် အရင်တုန်းက နည်းနည်းပါးပါး သင်ခဲ့ဖူးတယ်”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ ရိုက်ကွင်း၌ လူတော်တော်များများက အထုပ်သိမ်း၍ ပြန်သွားကြသဖြင့် လူတစ်ချို့သာ ကျန်ခဲ့လေသည်။ မကြာခင်မှာပင် လီထိုက်က အောက်သိုးသိုး မျက်နှာထားဖြင့် အနားသို့ ခပ်သွက်သွက် လျှောက်လာ၏။
“ဒါရိုက်တာလီ ဘာဖြစ်လို့လဲ”
“ဝူမိသားစု လုပ်ငန်းစုက ပြဿနာ ရှာနေပြီ”
လီထိုက် သက်ပြင်းချလိုက်သည်။
“ငါတို့က ဝူရှဇာတ်လမ်းတွဲ ရိုက်နေတာလေ၊ ငါတို့ ဇာတ်လမ်းအတွက် စီစဉ်ညွှန်ကြားသူတွေနဲ့ ကိုယ်ခံပညာ တတ်တဲ့ စတန့်သမားတွေ အများကြီး လိုတာ၊ ဒါပေမဲ့ အဲ့လူတော်တော်များများက ဝူမိသားစု လုပ်ငန်းစုကလေ”
“ခုနတုန်းက ဝူဖုန်းက ဝူမိသားစု လုပ်ငန်းစုက ဒဏ္ဍာရီလာ အမျိုးသမီး သူရဲကောင်း ဇာတ်လမ်းအတွက် လူတွေ မလွှတ်ပေးတော့ဘူးလို့ ကြေငြာသွားတယ်”
“ဒါ လွန်သွားပြီ”
အစ်မလင်းလည်း မတရားမျှတမှု မရှိသဖြင့် ဝင်ပြောလိုက်မိသည်။
“ဒါကို ဝူမိသားစု လုပ်ငန်းစု မရှိရင် မရိုက်နိုင်ဘူးလို့ ငါ မယုံဘူး၊ ဟမ်တန်း စတူဒီယိုက နေရာကြီးတစ်ခုပဲ၊ ငါတို့ ကိုယ်ခံပညာ တတ်တဲ့ ဆရာတစ်ယောက်ကို ရှာနိုင်မယ်လို့ ယုံကြည်တယ်”
“အဲ့ဒါ ခက်လိမ့်မယ်”
လီထိုက်က မျက်မှောင်ကို တင်းနေအောင် ကြုတ်ထားသည်။
“ဒီရုပ်သံဇာတ်လမ်းတွဲအတွက် ရိုက်ကူးရမယ့် အချိန်က စရိုက်ကတည်းက အလျင်လိုနေတာ၊ အချိန်တိုအတွင်း ငါတို့ အဲ့လိုလူတစ်ယောက်ကို ဘယ်က ရှာမလဲ”
“ကျွန်မ ဒါရိုက်တာတစ်ချို့နဲ့ သိတယ်၊ သူတို့ဆီကနေ လူငှားနိုင်မလား မေးကြည့်မယ်”
ရှောင်ဖေးဖေး အကြံပေးလာသည်။ လီထိုက်က ခေါင်းခါပြ၏။
“အခြားဒါရိုက်တာတွေဆီမှာ လုပ်နေတဲ့လူတွေကလည်း အများစုက ဝူမိသားစု လုပ်ငန်းစုကပဲ၊ ဒီနယ်ပယ်ထဲမှာ ဝူမိသားစု လုပ်ငန်းစုက နက်နက်ရှိုင်းရှိုင်း နေရာယူထားတာ”
ဝူမိသားစု လုပ်ငန်းစုသည် ဩဇာကြီးမားသူဟု မသတ်မှတ်နိုင်သော်လည်း သူတို့၏ လုပ်ငန်းနယ်ပယ်က လျစ်လျူရှုထား၍ မဖြစ်ပေ။ စူပါစတားတစ်ယောက်က မည်မျှ နာမည်ကြီးနေပါစေ ကူညီမည့်လူများ လိုအပ်ဆဲပင်။
ဤသည်က ဟမ်တန်း စတူဒီယိုထဲ၌ ဝူဖုန်း ရမ်းကားစွာ ပြုမူရဲသည့် အကြောင်းပြချက်လည်း ဖြစ်ပေသည်။
“တိုက်ခိုက်ခန်းအတွက်ဆို ကျွန်တော် နည်းနည်း ကူညီနိုင်မယ်လို့ ထင်တယ်”
ဘေး၌ ထိုင်နေသော ရဲ့လင်းချန်က ဝင်ပြောလာ၏။
“မင်းကလား”
လီထိုက်က ရဲ့လင်းချန်ကို ကြည့်လာသည်။
“ညီလေးရိုက်၊ မင်း တိုက်ခိုက်နိုင်တာကို ငါ သိပါတယ်၊ ဒါပေမဲ့ တိုက်ခိုက်ခန်းမှာ သိုင်းကွက် ထုတ်သုံးခန်း ရိုက်တာက တော်တော်လေး ကွဲပြားတယ်၊ သိုင်းပညာက လှုပ်ရှားမှုနဲ့ သိုင်းကွက်တွေ လိုအပ်တယ်၊ ပြီးတော့ ထူးခြားတဲ့ သိုင်းကွက်တစ်ချို့ လိုအပ်သေးတာ”
“ကျွန်တော် အရင်က တစ်ကွက်၊ နှစ်ကွက်လောက် သင်ဖူးတယ်၊ ကြည့်ကြည့်မလား”
ထိုသို့ပြောပြီး ရဲ့လင်းချန်က ကွင်းပြင်ထဲသို့ လျှောက်သွားပြီး ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သိုင်းကွက် ထုတ်လိုက်သည်။
*ဟမ်*
စိတ်ဓာတ်ကျစပြုလာသော လူအုပ်ကြီးက ရဲ့လင်းချန်ထံသို့ အကြည့်ရောက်လာကြသည်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Where stories live. Discover now