Chapter 3

1.9K 190 2
                                    

ကျုပ်က ပါရမီရှင်
I am a prodigy
Author Rugao Under The Bridge
ဘာသာပြန် Han Shin

Chapter 3 ကမ္ဘာ့ အကြီးစားငတုံး

ရဲ့လင်းချန်သည် ယခုထိ တိုက်ရိုက် ထုတ်လွှင့်ခြင်းမှ ပိုက်ဆံရှာနိုင်သည်ဟူသည့် အကြံကို မယုံသေးပေ။ သို့သော် သူ၏ မယုံကြည်မှုက သူ့အား တိုက်ရိုက်ထုတ်လွှင့်ခြင်းအား စမ်းသပ်ချင်စိတ်ကို မတားဆီးနိုင်ပေ။ ဤသည်က ပါရမီရှင် စနစ်ကို စမ်းသပ်ရန် အခွင့်ကောင်းပင်။
သူ၏ဖခင်သည် တရုတ် တိုင်းရင်းဆေးဆေးရုံမှ ဆရာဖြစ်ပြီး မကြာခဏ လူနာများကို ခွဲစိတ်ကုသပေးရသည်။ သူ၏ဖခင်သည် မနက်စောစောထပြီး နောက်ကျမှ အိမ်ပြန်လာနိုင်သော်လည်း တစ်လလျင် ယွမ်နှစ်သောင်း စွန်းစွန်းမျှသာ ရရှိသည်။ သူ၏မိခင်သည် သာမန် အရောင်းသမားတစ်ဦးသာ ဖြစ်သည်။ သူမသည် ကြိုးကြိုးစားစားနှင့် တာဝန်ကျေပွန်စွာ အလုပ်လုပ်သော်လည်း တစ်နှစ်လျင် ယွမ်ခြောက်သောင်းမှ ခုနစ်သောင်း အထိသာ ရရှိလေသည်။
*တိုက်ရိုက်ထုတ်လွှင့်သူက အဖေတို့ထက် ဘယ်လောက် ပိုက်ဆံ ပိုရမှာမို့လို့လဲ*
ရဲ့လင်းချန်က ကွန်ပျူတာကို ဖွင့်၍ တိုက်ရိုက် ထုတ်လွှင့်သူ ဖြစ်လာရန် လိုအပ်သည့် အဓိက အချက်များကို ရှာဖွေလိုက်သည်။ ထို့နောက် သူသည် iHuyu ထုတ်လွှင့်ခြင်း ပလက်ဖောင်းကို ကွန်ပျူတာထဲ ထည့်သွင်း၍ DotA ဂိမ်းဆော့သူအဖြစ် စာရင်းသွင်းလိုက်သည်။
DotAကို သူ ရွေးလိုက်ရသည့် အကြောင်းရင်းမှာ ထိုဂိမ်းက အွန်လိုင်း တိုက်ခိုက်ခြင်း ဂိမ်းများထဲ၌ နံပါတ်တစ်အဖြစ် တည်ရှိနေသောကြောင့်ပင်။ ထို့အပြင် ဂိမ်းဆော့သူများ၏ အဆိုအရ DotAသည် ၎င်း၏ ယေဘုယျ ခက်ခဲနက်နဲမှုနှင့် ထုတ်လုပ်မှု အရည်အသွေးက LoL နှင့် ယှဉ်နိုင်သည်ဟု ချီးကျူးခြင်း ခံရသည်။ ရလဒ်အားဖြင့် ဗွီဒီယိုဂိမ်းက ပရိသတ်များကို ပိုဆွဲဆောင်နိုင်၏။
ဆေးရုံမှ အင်တာနက်လိုင်းက အလွန်မြန်ဆန်သည်။ ဂိမ်းအား ထည့်သွင်းရန် ဆယ့်ငါးမိနစ်သာ ကြာလိုက်သည်။ ရဲ့လင်းချန်သည် iHuyu ၌ အကောင့်ဖွင့်ပြီး ဂိမ်းထဲဝင်လိုက်လေသည်။ အသုံးပြုသူနာမည် ဖြည့်ရမည့်အချိန်၌ သူ တစ်ခဏမျှ ငြိမ်သွားသည်။ နောက်ဆုံးတွင် ဝိုင်နတ်ဘုရား ဟူသော အမည်ကို ရိုက်ထည့်လိုက်၏။
ဝိုင်သည် သူ၏မျိုးရိုးနာမည်မှ အစစကားလုံး ဖြစ်သည်။ ပါရမီရှင်စနစ်ကို သူ ရပြီးသဖြင့် သူ၏ ခြယ်လှယ်ဗိုလ်ကျတတ်သော ပုံစံကို ပြသမှ ဖြစ်ပေမည်။ သူ၏ ခြယ်လှယ်တတ်မှုကို ပြသနိုင်မည့် အခွင့် အရေးက သူ နည်းနည်းလေးမျှ လက်လွှတ်မခံနိုင်ပေ။
ထို့နောက် … တွဲဖက်ကစားသမားများ ရွေးချယ်သည့် စတင်လေသည်။ ဂိမ်းကစားသူများအား ဆက်သွယ် ပေးသည့် နည်းစနစ် တစ်ခုပြီးတစ်ခု ပေါ်လာပြီးနောက် ထည့်သွင်းနေသော စာမျက်နှာ ပေါ်လာ၏။
ထည့်သွင်းနေသော စာမျက်နှာက ရင်သက်ရှုမောဖွယ် ကောင်းလှသည်။ မျိုးနွယ်မတူသော ဟီးရိုးများစွာ၏ တစ်ယောက်နှင့် တစ်ယောက် ရန်စောင် တိုက်ခိုက်သောအသံများလည်း ထွက်ပေါ်နေသည်။
စာမျက်နှာက တစ်မိနစ်ကျော်မျှ ပေါ်နေပြီးနောက် ဂိမ်းထဲသို့ ရောက်သွားလေသည်။ ဖန်သားပြင်က အစကတည်းက အနည်းငယ် မှိန်နေသည်။ ဖန်သားပြင်၌ ဘားတန်းသုံးခု ပေါ်လာ၏။ ကစားသမားက ထိုဘားတန်းသုံးခုထဲမှ ဟီးရိုးတစ်ခုကို ရွေးရသည်။
“လခွမ်း၊ အဲ့ဒါ ရေခဲနတ်သမီးပဲ၊ ရေခဲနတ်သမီး ဟုတ်တယ်မလား”
ဂိမ်းထဲရှိ သူ့အဖွဲ့ထဲမှ တစ်ယောက်က ထိုစကားကို ရေးလာသည်။
“ရေခဲနတ်သမီး ကျွန်တော်တို့ကို သင်ပေးပါဦး”
မကြာခင်မှာပင် တစ်ယောက်ပြီး တစ်ယောက် စကားစလာလေ၏။ တစ်ခဏကြသော် အနီရောင် စာသားများ ပေါ်လာ၏။ ရန်သူအဖွဲ့မှလူက ဝင်ရေးလာခြင်းပင်။
“ရေခဲနတ်သမီးလေး ကျွန်တော်တို့ကို ညှာပါနော်”
“ငါ တိုက်ရိုက်ထုတ်လွှင့်တာတွေ ကြည့်လာတာ ကြာပြီ၊ ဒါက ရေခဲနတ်သမီးဆိုတာ ငါ ကျိန်းသေ ပြောရဲတယ်၊ အခု ရေခဲနတ်သမီးကြောင့် ငါ ရှုံးမယ်ဆိုရင်တောင်မှ နောင်တမရဘဲ သေရဲပြီကွာ”
“ရေခဲနတ်သမီး ကျွန်တော့်ကို ညင်ညင်သာသာလေး အပြစ်ပေးပါနော်”
သူ့အဖွဲ့ထဲ၌ “ကိုလ်း-ဗွီ” ဟူသော လူတစ်ယောက် ပါနေသည်ကို ရဲ့လင်းချန် သတိပြုမိသွားသည်။ ထိုသူ သည်လည်း တိုက်ရိုက် ထုတ်လွှင့်သူ ဖြစ်ပုံရသည်။ ထို့အပြင် ထိုသူက အလွန် နာမည်ကြီးသော တိုက်ရိုက် ထုတ်လွှင့်သူ ဖြစ်သောကြောင့် မိန်းကလေး ဖြစ်လိမ့်မည်ဟု ယူဆမိသည်။
*သူက မိန်းမချောလေးများ ဖြစ်နေမလား*
“ကိုလ်း-ဗွီက မာနကြီး၍ အေးစက်စက်ဖြစ်သော်လည်း ယုံကြည်မှုရှိဟန်ဖြင့် ပြန်ဖြေလာသည်။
“ကစားသမားတို့ ငါတို့ ဒီပွဲကို ကောင်းကောင်းဆော့ရင် နိုင်နိုင်တယ်၊ ဒီနေ့ ငါက တစ်ယောက်တည်း ဆော့တာ၊ အဲ့ဒါကြောင့် ငါနဲ့အတူ ကြိုးစားပေးတဲ့အတွက် ကစားသမားတွေကို ကျေးဇူးတင်ပါတယ်”
ကိုးလ်၏ စကားက ရဲ့လင်းချန်၏ အဖွဲ့အား ချက်ချင်း စိတ်အားတက်ကြွသွားစေသည်။ ကစားသမားများက ကြက်သွေး ထိုးသွင်းခံလိုက်ရသကဲ့သို့ ချက်ချင်း အောင်ပွဲခံရမည်ဖြစ်ကြောင်း အာမခံလာ၏။ တစ်ချိန်လုံး ငြိမ်နေသည့်သူဟူ၍ ရဲ့လင်းချန်သာ ရှိလေသည်။ သူ့ကြောင့် သူတို့အဖွဲ့ ကျိန်းသေပေါက် နိုင်မည်မဟုတ်ကြောင်း ရိပ်မိနေသောကြောင့် ငြိမ်နေခြင်း ဖြစ်သည်။
တစ်ခဏကြာသော် အဖွဲ့သားများက ‘ကျပန်း’ဟူသော စကားကို ရေးလာသဖြင့် အားလုံး ကြုံရာ ဟီးရိုး တစ်ကောင်စီ ခွဲဝေယူလိုက်ကြပုံရသည်။
တစ်ချိန်တည်းမှာပင် အနည်းငယ် အေးစက်၍ မာနကြီးပုံရသော မိန်းမလှလေးက တိုက်ရိုက် ထုတ်လွှင့်နေသော ကင်မရာရှေ့၌ မိုက်ပါသော နားကြပ်ကို တပ်၍ ထိုင်လိုက်သည်။
“ဟဲလို ကျွန်မက ကိုးလ်ပါ၊ DotA ဂိမ်းထဲမှာ အဆင့်မတင်တဲ့ပွဲ ကစားမှာမို့ ကျွန်မ တစ်ကိုယ်တော် ဆော့တာပါ၊ ပထမပွဲမှာ ဘာမှ အံ့ဩစရာ ရှိမျာ မဟုတ်ပါဘူး၊ ကျွန်မတို့ ငတုံးတွေကို ရှုံးအောင် နှိပ်စက်သွားမှာပါ”
(ဟားဟားဟား … အဲ့ငတုံးတွေ အချင်းချင်း ချကြမှာကို ကြည့်ရတာ ပျော်စရာပဲ)
(ရေခဲနတ်သမီးလေးရဲ့ အသံက ချိုသာလိုက်တာကွာ၊ ငါ့နားတွေတောင် ဗိုက်ကြီးသွားပြီ ထင်တယ်)
(ဆောရီးပဲဗျာ၊ ကျုပ်က အဆင့်မတင်တဲ့ တစ်ကိုယ်တော် ကစားပွဲကို ကြည့်ဖို့လာတာ မဟုတ်ဘူး၊ မိန်းမလှလေး တိုက်ရိုက် ထုတ်လွှင့်နေတာကို ကြည့်ဖို့လာတာ)
(ရေခဲနတ်သမီးလေး၊ မင်းက အတော်ဆုံးပဲ၊ ပြိုင်ဘက်အသင်းကို ချပစ်လိုက်စမ်းပါ၊ စကားစမြည် ပြောဖို့ မလိုပါဘူး၊ ဆုတွေ စသိမ်းလိုက်တော့)

သို့သော် ထိုသို့သောအချိန်၌ ဂိမ်းမျက်နှာပြင်၏ ဘယ်ဘက်ထောင့် အောက်နားမှနေ၍ ‘ဝိုင်နတ်ဘုရားက ရှဲဒိုးဖီးန်ကို ရွေးချယ်လိုက်သည်’ ဟူသော စာသား ပေါ်လာ၏။
(လခွမ်း၊ တစ်ယောက်ယောက်က ရှဲဒိုးဖီးန်ကို တကယ် ရွေးလိုက်တာလား)
(ငါတို့တော့ သွားပြီ၊ ကိုးလ်တော့ အစကတည်းက ကံဆိုးပြီနဲ့ တူတယ်၊ ရှဲဒိုးဖီးန် ဆယ်ကောင်မှာ ကိုးကောင်က ချီးလိုတွေ၊ နောက်ဆုံးတစ်ကောင်ကတော့ ချီးထိပ်ခေါင်ပဲ)
(အဲ့ကောင်က သူ့ကိုယ်သူ ဝိုင်နတ်ဘုရားလို့ ပေးထားတာပဲ၊ နာမည်ကလည်း တင်စီးသလို ရှဲဒိုးဖီးန်ကိုလည်း ရွေးရဲသေးတယ်၊ သူက ပရို ဖြစ်မှာပဲ၊ ရေခဲနတ်သမီးတော့ ဒီပွဲကို အေးအေးလူလူ နိုင်လောက်တယ်)

ရှဲဒိုးဖီးန် ပေါ်လာခြင်းက ကိုးလ်၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ်၌ ပွက်လောရိုက်သွားစေသည်။ လှောင်ပြောင် သရော်စရာ ခေါင်းစီးအသစ်တစ်ခု ဖြစ်လာလေသည်။
ရှဲဒိုးဖီးန်သည် DotA ၌ ကြည့်အကောင်းဆုံး ဟီးရိုးဟု ဆိုနိုင်ပေသည်။ ၎င်း၏ ပုံပန်းသွင်ပြင်သည် နက်မှောင်ပြီး ပြင်းထန်သော အရှိန်အဝါများ ရစ်ဝဲနေ၏။ ထို့အပြင် ၎င်းသည် ပြိုင်ဖက်အား အလွန် ထိခိုက်မှုများအောင် ပြုလုပ်နိုင်သည့် အရည်အချင်းများလည်း ပိုင်ဆိုင်ထားသဖြင့် အခြားသူများ၏ အလွယ်တကူ ပစ်မှတ်ထားခြင်း ခံရသည်။ ထို့ကြောင့် ကျွမ်းကျင်သော ကစားသမားမှလွဲ၍ ရှဲဒိုးဖီးန်အား ကစားသမားများ ရွေးချယ်ခဲသည်။
ထိုသို့ဖြစ်ရခြင်းမှာ ရှဲဒိုးဖီးန်ကို ရွေးလိုက်သည်နှင့် ပြိုင်ဘက်အသင်း၏ ပစ်မှတ် ဖြစ်သွားသောကြောင့်ပင်။ DotA လောက၌ ဆိုရိုးစကားတစ်ခု ရှိသည်။ ပြိုင်ပွဲကို ရှုံးနိုင်သော်လည်း ရှဲဒိုးဖီးန်တော့ သေမှရမည်ဟူသော ဆိုရိုး စကားပင်။
ကစားသမား အသစ်ဖြစ်သော ရဲ့လင်းချန်သည် ရှဲဒိုးဖီးန်၏ အရည်အချင်းကို သတိမပြုမိချေ။ ရှဲဒိုးဖီးန်ကို သူ ရွေးလိုက်ရသည့် အကြောင်းရင်းမှာ ၎င်းက ပရိသတ်အာရုံကို အလွယ်တကူ ဖမ်းစားနိုင်သည်ဟု သိလိုက် သောကြောင့်ပင်။
ရဲ့လင်းချန်သည် အလယ်လမ်းကြောကို မသွားခင် ရှဲဒိုးဖီးန်၏ ပထမစွမ်းရည်ဖြစ်သော အရိပ်ဖြိုစွမ်းရည်ကို ရွေးချယ်လိုက်သည်။
ရဲ့လင်းချန်သည် ယှဉ်ရမည့် ဟီးရိုးမှာ ခြင်္သေ့၊ မိစ္ဆာစုန်းမ ဖြစ်သည်။ ထိုကစားသမား၏ အမည်မှာ သွေးစွန်းဓား ဖြစ်သည်။
ရဲ့လင်းချန်သည် သူ၏စွမ်းရည်နှင့် အရင် အကျွမ်းဝင်အောင် ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ရဲ့လင်းချန်သည် ဤဂိမ်းအကြောင်း တစ်စက်ကလေးမှ မသိသဖြင့် စွမ်းရည်များကို တစ်ခါတည်း ထုတ်သုံးရန် ဆုံးဖြတ် လိုက်ပြန်သည်။
ဤသည်က ရဲ့လင်းချန်အား ရှဲဒိုးဖီးနစ်အား ထိန်းချုပ်ရန် လိုအပ်သော လေ့ကျင်မှုကို သိမြင်စေသည်။ ရဲ့လင်းချန်၏ အရိပ်ဖြို မန္တန်သည် သုံးခါလုံး လွဲသွားသဖြင့် ပြိုင်ဘက်၏ ဆံပင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ချေ။
သူ၏ချန်နယ်အား တစ်ယောက်မှ ဝင်မကြည့်သေးသောကြောင့် ကံကောင်းသွားသည်။ ရဲ့လင်းချန်သည် လမ်းကြောင်း၌ အရှက်မဲ့စွာဖြင့် ခပ်အေးအေး ဆက်၍ဆော့နေသည်။
“ပထမဆုံး သတ်ဖြတ်ခြင်း”
“သွေးစွန်းဓားက ဝိုင်နတ်ဘုရားကို သတ်လိုက်ပါပြီ”
ရဲ့လင်းချန်၏ ရှဲဒိုးဖီးန်ထံမှ မလိုလားသော အသံ ထွက်လာသည်။ သူသည် တစ်ခြားသူ၏ ပထမဆုံး သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ကိုးလ် မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။ ပွဲစသည်မှာ တစ်မိနစ်သာ ရှိသေးသော်လည်း သူမဘက်မှ ရှဲဒိုးဖီးန်သည် အလယ်လမ်း၌ အခြားသူ၏ ပထမဆုံး သတ်ဖြတ်ခြင်း ခံရသူ ဖြစ်သွားပါတကား။
“မတုန်လှုပ်ကြနဲ့၊ ဒါ သွေးတစ်စက်ပဲကိုး၊ ငါတို့ ဒီပွဲကို နိုင်နိုင်ပါသေးတယ်”
ကိုးလ်က သူမချန်နယ်မှနေ၍ အားပေးစကား ပြောလိုက်သည်။ သို့သော် သူမစကားအဆုံး၌ ရှဲဒိုးဖီးန် ထပ်အသတ်ခံလိုက်ရကြောင်း သတိပေးချက် ထွက်ပေါ်လာ၏။ သိပ်မကြာခင်မှာပင် အလယ်လမ်းမှ သတိပေးချက်များ ဆက်တိုက် ထွက်လာလေသည်။
“ဆက်တိုက် သတ်ဖြတ်ခြင်း”
“သွေးစွန်းဓားက ဝိုင်နတ်ဘုရားကို သတ်လိုက်ပါပြီ”
“ချုပ်ကိုင်ခြင်း”
“သွေးစွန်းဓားက ဝိုင်နတ်ဘုရားကို သတ်လိုက်ပါပြီ”
“အကြိမ်ကြိမ် သတ်ဖြတ်ခြင်း”
“သွေးစွန်းဓားက ဝိုင်နတ်ဘုရားကို သတ်လိုက်ပါပြီ”
သတိပေးချက်များ ဆက်တိုက် ရလာပြီးနောက် ကိုးလ်တောင်မှ စိတ်မအေးတော့ပေ။ သူမသည် ဂိမ်းထဲမှ စကားပြောခြင်းကို နှိပ်၍ အော်လေတော့သည်။
“ရှဲဒိုးဖီးန်၊ နင် ဘယ်လိုကစားရလဲ မသိဘူးဆိုရင် နည်းနည်းလောက် အကြောက်ကြီးသလို လုပ်နေလည်း ရတယ်၊ အချိန်ဆွဲမနေနဲ့၊ ငါတို့ ဒီပွဲကို နိုင်နိုင်တယ်”
မကြာခင်မှာပင် သတိပေးချက်များ ဆက်ထွက်လာပြန်သည်။
“မရပ်မနား သတ်ဖြတ်ခြင်း”
“သွေးစွန်းဓားက ဝိုင်နတ်ဘုရားကို သတ်လိုက်ပါပြီ”
ရဲ့လင်းချန်သည် အမ်အမ်အာ ခေါင်းဆောင်အဖွဲ့သို့ ကြည့်လိုက်သောအခါ ခြင်္သေ့က ကြယ်ခုနစ်ပွင့်အဆင့်သို့ တက်သွားပြီး ရှဲဒိုးဖီးန်က ယခင်အတိုင်း ကြယ်တစ်ပွင့်၌သာ ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။
(လခွမ်း၊ ရှဲဒိုးဖီးန်က ဟန်လုပ်နေတဲ့ကောင်ပဲ ဖြစ်ရမယ်)
(မေတ္တာလက်ဆောင် ပေးတာကြီးကလည်း ကြမ်းလွန်းပါတယ်၊ လူယုတ်မာ၊ သူကများ ရေခဲနတ်သမီးကို ဒီလို လုပ်ရဲတယ်လား)
(သူ လုပ်နေတာဆိုလို့ ပြိုင်ဘက်အသင်းရဲ့ အလယ်လမ်းကို ချဉ်းကပ်နေတာပဲ ရှိတာကို၊ ဘာလို့ ဒီသောက်ဂိမ်းကို ကစားနေသေးလဲ)
(ဘာလို့ ဒီလူက ငတုံးဖြစ်နေရတာလဲ၊ ပိုဆိုးတာက သူ့ကိုယ်သူ ဒီလို တင်စီးတဲ့ နာမည်ပေးထားပြီးတော့ ရှက်တဲ့ပုံလည်း မပေါ်ပါလား)
(အဲ့ဒါအပြင်ကိုမှ သူက ရှဲဒိုးဖီးန်ကို ရွေးရဲတာပဲ၊ ဆိုးလိုက်တာကွာ၊ စောက်ရမ်းဆိုးတယ်)

ကိုးလ်၏ ချန်နယ်၌ ချက်ချင်း ဆူညံပွက်လောရိုက် လာသည်။ ကြည့်ရှုသူ တစ်ယောက်ပြီး တစ်ယောက်က ကိုးလ်အား နှစ်သိမ့်ပေးလာကြသည်။
ဂိမ်းထဲတွင် တစ်ဖက်အသင်းက ဆက်လက်၌ အလယ်လမ်းအား ဦးဆောင်နေသည်။ ကိုးလ်က ဆက်လက်၍ ခပ်ကြမ်းကြမ်း ခုခံနေသော်လည်း ပွဲအား ပြောင်းပြန်မလှန်နိုင်ပေ။ ဆယ်မိနစ် ကြာပြီးနောက် ကစားပွဲ ပြီးသွား လေသည်။
ကိုးလ်သည် တိုက်ရိုက်ထုတ်လွှင့်နေသော ကင်မရာရှေ့၌ ငေးငိုင်နေသော မျက်နှာထားဖြင့် ထိုင်နေ၏။ သူမသည် ငတုံးများကို ပညာပြရန် ရည်ရွယ်ထားသောလည်း မထင်မှတ်ဘဲ သူမကသာ ကမ္ဘာ့ အကြီးစားငတုံး၏ ထောင်ဖမ်းခြင်း ခံလိုက်ရသည်။
သူမ တစ်ကိုယ်တော် ကစားပွဲသည့် ပထမဆုံးပွဲက အရှုံးနှင့် အဆုံးသတ်သွားသည်။ သူမ စိတ်အခြေအနေ မကောင်းတော့ချေ။
“ထားလိုက်ပါတော့၊ ငါတို့ နောက်တစ်ပွဲ နိုင်နိုင်ပါသေးတယ်”
ကိုးလ်သည် အသက်ပြင်းပြင်းရှူ၍ ရဲ့လင်းချန်အား ကြိမ်းမောင်းချင်စိတ်ကို မျိုသိပ်လိုက်သည်။ သူမ တစ်ကိုယ်တော် ကစားသည့် ဒုတိယပွဲကို စလိုက်သည်။
သို့သော် ဂိမ်းထဲ၌ သူမအဖွဲ့ဘက်မှ ဝိုင်နတ်ဘုရား ဟူသော နာမည် ထပ်ပေါ်လာသဖြင့် သူမ အံ့ဩကာ စိတ်အခြေအနေ ပြောင်းလဲသွားလေသည်။
*မြတ်စွာဘုရား၊ ဘာလို့ သူက သရဲခြောက်သလို လိုက်ပါနေရတာလဲ*
ကိုးလ်သည် ထုတ်လွှင့်သူ တစ်ယောက်အနေဖြင့် သူမ၏ တည်ငြိမ်မှုကို ထိန်းထားသော်လည်း သူမ၏ မျက်နှာက ထိန်းမရအောင် သုန်မှုန်နေ၏။
ဒုတိယပွဲ စသည်နှင့် ဖန်သားပြင်ပေါ်သို့ ရင်းနှီးသော စာသားတစ်ကြောင်း ပေါ်လာသောကြောင့် ကိုးလ်၏ အကြည့်များက ဆောက်တည်ရာမရ ဖြစ်လာသည်။ ထိုစာသားမှာ ‘ဝိုင်နတ်ဘုရားက ရှဲဒိုးဖီးန်ကို ရွေးလိုက်သည်’ ဟူသော စာသားပင်။
“ရှဲဒိုးဖီးန်၊ ဘာမှမဟုတ်ဘဲ နင့်ကိုယ်နင် မေတ္တာလက်ဆောင်ထုပ်ကြီးလို ပေးမနေနဲ့၊ ဒီတစ်ခေါက် အလယ်လမ်းကို ငါ ရွေးမယ်၊ ငါတို့ နိုင်နိုင်တယ်”
ကိုးလ်သည် ထိုသို့ စာရိုက်ပို့ပြီးသည်နှင့် အလယ်လမ်းသို့ ဦးဆောင်တက်သွားလိုက်သည်။ ရဲ့လင်းချန်က ဘာမှမပြောဘဲ နာခံစွာဖြင့် အပေါ်လမ်းကို တက်လိုက်သည်။
ပထမတစ်ပွဲ ကစားပြီးနောက် ဂိမ်းတွင်း စွမ်းရည် တိုးတက်လာခြင်းက စာအုပ်ဖတ်ခြင်းမှ စွမ်းရည်တိုးသည်နှင့် မတူသည်ကို သိလိုက်ရသည်။
ဥပမာပြောရမည်ဆိုလျင် ဂိမ်းထဲ၌ ရှဲဒိုးဖီးန်ကို ရွေးပြီး ၎င်း၏ စွမ်းရည်များကို ထုတ်သုံးပြီးနောက် သူ၏ စွမ်းရည်က တစ်မှတ် တိုးလာသည်။ ခြင်္သေ့၏ မတူညီသော စွမ်းရည်အောက်၌ အကြိမ်ကြိမ် အသတ်ခံ ရပြီးနောက် သူ၏ ဂိမ်းစွမ်းရည်က တဖြည်းဖြည်း တိုးလာသည်။ သို့သော် ဤသည်က သူ၏စွမ်းရည်ကို နှေးကွေးစွာသာ တက်လာစေ၏။
တစ်ပွဲလုံး ပြီးသွားပြီးနောက် သူ၏စွမ်းရည်က ရှစ်ရာခိုင်နှုန်းအထိသာ တိုးလာသဖြင့် ငတုံးတစ်ကောင်အဖြစ် ဆက်ရှိနေလေသည်။
ဂိမ်းထဲမှ ဟီးရိုးများအကြောင်း နားလည်ပြီး ဟီးရိုးများကို ကောင်းကောင်း ထိန်းချုပ်နိုင်မှသာ သူ၏စွမ်းရည်က တိုးလာမည့်ပုံပင်။
ရဲ့လင်းချန်သည် မိမိအတွေ့အကြုံကို တိတ်တဆိတ် သုံးသပ်ပြီး ယခုပွဲ၌ သူ့ကိုယ်သူ မေတ္တာလက်ဆောင် ပေးသကဲ့သို့ အသေမခံရန် ဆုံးဖြတ်လိုက်သည်။ တစ်ခဏကြာသော် …
“ပထမဆုံး သတ်ဖြတ်ခြင်း”
“အရိုင်းဆန်သော လူငယ်လေးက ဝိုင်နတ်ဘုရားကို သတ်လိုက်ပါတယ်”
ကိုးလ် မျက်ခုံးလှုပ်သွားသည်။ ယခုပွဲတွင်လည်း တစ်မိနစ်ကုန်သွားတိုင်း တစ်ခါ အသတ်ခံရနေသည့်ပုံပင်။
“နှစ်ကြိမ် သတ်ဖြတ်ခြင်း”
“အရိုင်းဆန်သော လူငယ်လေးက ကိုးထဲကတစ်ကို သတ်လိုက်ပါတယ်၊ နှစ်ကြိမ် သတ်ဖြတ်ခြင်း ပြီးသွားပါပြီ”
ကိုးထဲကတစ် ဆိုသူသည် ရဲ့လင်းချန်ကြောင့် ဝန်ပိသွားခြင်း ဖြစ်သည်။ သူ ချက်ချင်း ကျိန်ဆဲလေတော့သည်။
“ယီးပဲ၊ ရှဲဒိုးဖီးန်၊ မင်း ဘယ်လိုကစားရလဲရော သိရဲ့လား၊ ကြယ်တစ်ပွင့် အဆင့်လေးနဲ့ မင်း အရိပ်ဖြိုမန္တန်ကို ဘယ်လိုသုံးရမလဲ လေ့လာနေတာလား၊ မင်း အောက်အထိ ထိုးကျသွားချင်တာလား”
ရဲ့လင်းချန်သည် ယခုတစ်ခေါက် သူ့ကိုယ်သူ အသေမခံသော်လည်း သူ့ကြောင့် အဖွဲ့သား သေသွားလေသည်။
(ကြည့်ရတာ ရေခဲနတ်သမီးက ကမ္ဘာ့အကြီးစား ငတုံးရဲ့ ပစ်မှတ်ထားတာ ခံနေရတယ် ထင်တယ်၊ သူ့အတွက် ခဏလောက် ငြိမ်ပေးလိုက်ရအောင်)
(အဲ့ဝိုင်နတ်ဘုရားက ကျောင်းသားဖြစ်မယ်လို့ ငါ လောင်းချင်တယ်)
(ဂိမ်းက ငါးမိနစ်ပြည့်ဖို့ လိုသေးတယ်၊ ရေခဲနတ်သမီး မင်း ချက်ချင်း ထွက်လိုက်သင့်တယ်)
(ဟားဟားဟား … ငါ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို တွေ့ခဲ့ပြီကွ၊ ဝိုင်နတ်ဘုရားက တကယ်တော့ တိုက်ရိုက် ထုတ်လွှင့်သူအသစ်ပဲကွ၊ လူတိုင်း တစ်ချက်လောက် ဝင်ကြည့်သင့်တယ်၊ လင့်ခ်က ဒီမှာ)
(ငါလခွမ်း … ဒီအမှိုက်က အရှက်မရှိ တိုက်ရိုက် ထုတ်လွှင့်နေသေးတာလား၊ ရေခဲနတ်သမီးအစား ငါ သူ့ကို နာနာလေး ဆော်ပစ်လိုက်ချင်တယ်)
(အတူတူ သွားကြည့်ရအောင်၊ ငါလည်း ဝင်မယ်)

ဒုတိယပွဲတွင် ရဲ့လင်းချန်၏ ဦးဆောင်မှုကြောင့် ထပ်ရှုံးသွားပြန်သည်။ ရဲ့လင်းချန် မျက်မှောင်ကြုတ်လာ၏။
*ငါ့ဂိမ်းစွမ်းရည်က တက်တာ နှေးလွန်းနေသလိုပဲ၊ နှစ်ပွဲဆော့ပြီးတာတောင် ဆယ့်ငါး ရာခိုင်နှုန်းပဲ တိုးလာ သေးတယ်*
ရဲ့လင်းချန် ဂိမ်းထဲမှ ယာယီ ထွက်သွားလိုက်သည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုအား အမည်စာရင်းသွင်းသူ သုညမှနေ၍ လေးရာခြောက်ဆယ့်ငါးယောက်အထိ တိုးလာသဖြင့် အနည်းငယ် အံ့ဩသွားရသည်။ ဝင်ကြည့်နေ သူများကလည်း နှစ်ထောင်နီးပါး ရှိနေ၏။ သူ၏ ထုတ်လွှင့်နေသော ဖန်သားပြင်၌ မှတ်ချက်များဖြင့် ပြည့်နှက်နေသည်။
(ယီးပဲ၊ အမှိုက်ကောင်၊ ထွက်သွားစမ်း၊ DotA မှာ မင်းကိုယ်မင်း အရှက်ခွဲနေတာတွေ မတော်သေးဘူးလား)
(မင် အခြားသူတွေကိုပါ ဒုက္ခရောက်အောင် လုပ်ချင်နေတာလား၊ မင်းကများ ရေခဲနတ်သမီးကို ထောင်ချောက် ဆင်ချင်နေသေးတယ်၊ အယုတ်တမာကောင်)
(မင်း အရင်က DotA တစ်ခါမှ မဆော့ဖူးလို့ ဒီလို လုပ်နေတာ၊ ဒါက DotAရဲ့ တစ်ဆင့်ပြီး တစ်ဆင့် လမ်းညွှန်ချက်ပဲ၊ ဒါကို အရင်လေ့လာသင်ယူလိုက်ဦး)

ထိုသူများအပြင် ထောက်ခံသူ အချို့လည်း ရှိသေးသည်။
(ကိုယ့်လူ၊ ခင်ဗျား အဆင်ပြေလား၊ ရေခဲနတ်သမီး ဒီလို ဒေါသူပုန်ထတာမျိုး ကျုပ် တစ်ခါမှ မမြင်ဖူးဘူး၊ ဒီအတိုင်း ဆက်ကြိုးစားဦးဗျာ)
(ဘရို၊ ခင်ဗျားနောက်မှ ကျုပ် ရှိတယ်၊ ခင်ဗျားရဲ့ ကြိုးစားမှုနဲ့ တိုက်ရိုက် ထုတ်လွှင့်ရဲတဲ့အတွက် ဒီမှာ သကြားလုံး)

*ကြည့်ရတာ ငါ နည်းနည်းတော့ ဆွဲဆောင်မှု ရှိတယ်ထင်တယ်၊ ထုတ်လွှင့်သူတစ်ယောက် ဖြစ်လာပြီးတော့ ပရိသတ်တွေ ရဖို့ သိပ်မခက်ဘူးပဲ*
ရဲ့လင်းချန်သည် စော်ကားပြောဆိုနေမှုများကို လျစ်လျူရှု၍ အရှက်မရှိ ဆက်စဉ်းစားနေသည်။ သိပ်မကြာခင် မှာပင် သူသည် ထောင်ဂဏန်းမျှ ကြည့်ရှုနေသူများ၏ အာရုံစိုက်မှုအောက်၌ သူ၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ်ထဲမှ DotA၏ လမ်းညွှန်မှုကို နှိပ်၍ ဂိမ်းအကြောင်း လေ့လာလိုက်သည်။ သူသည် တိုက်ခိုက်ပုံ၊ လမ်းအကြောင်း၊ ဟီးရိုးအားလုံး၏ အရည်အချင်းများ၊ မြေပုံများနှင့် ထိန်းချုပ်ပုံများ အစရှိသည်တို့ကို လေ့လာနေ၏။
[ DotA ကျွမ်းကျင်မှုအား ကိုယ်တိုင်လေ့လာခြင်း၊ DotAစွမ်းရည် တစ်မှတ်]
[ DotA ကျွမ်းကျင်မှုအား ကိုယ်တိုင်လေ့လာခြင်း၊ DotAစွမ်းရည် တစ်မှတ်]

*ငါ ထင်တဲ့အတိုင်းပဲ၊ ငါ အချက်အလက်တွေ လေ့လာဖို့ လိုတာကိုး၊ ငါ စမ်းတဝါးဝါး ဖြစ်နေတဲ့အချိန် ငါ့စွမ်းရည် တိုးတက်နှုန်းက နည်းနည်း နှေးသွားတာပဲ*
“ငါ တောင်းပန်ပါတယ်၊ ပထမနှစ်ပွဲကို ငါ့ညီလေး ဆော့နေလို့ပါ၊ ငါ အခု တကယ် အလေးအနက်ထားပြီး ဆော့တော့မှာပါ”
ရဲ့လင်းချန်သည် သူ၏ စွမ်းရည်က ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်သွားသည်ကို မြင်လိုက်ရသဖြင့် ယုံကြည်မှု ရှိစွာ ပြောလိုက်သည်။ သူ့ချန်နယ်အတွင်း၌ ထိုသို့ပြောပြီးသည်နှင့် သူက ပွဲစမည်ဟူသော ခလုတ်ကို နှိပ်လိုက်သည်။
(မင်းပြောတာကို အရူးပဲ ယုံလိမ့်မယ်)
တိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ်၌ ကြမ်းတမ်းသော စကားများစွာ ပေါ်လာနေ၏။ ကမ္ဘာ့အကြီးစား ငတုံးတစ်ကောင်က တစ်ယောက်ယောက်အား ထပ်ထောင်ချောက်ဆင်ရန် ခြေလှမ်း စရွှေ့နေလေပြီ။
တစ်ချိန်တည်းမှာပင် ကိုးလ်သည်လည်း ဂိမ်းထဲသို့ ဝင်လာ၏။ သူ့မျက်လုံးတွင် ကြောက်စိတ်များ ယှက်သန်း နေသေးသည်။
“ငါ တစ်ကိုယ်တော် ဆော့တာ သုံးပွဲ ရှိပြီ၊ ငါ ဝိုင်နတ်ဘုရားဆိုတဲ့ ငတုံးနဲ့ မတွေ့အောင် ပွဲထဲ မဝင်ဘဲ စောင့်နေခဲ့တာ၊ ဒီတစ်ခါတော့ ငါ နိုင်မှာပါ”
သူမ ပြုံးလိုက်သော်လည်း တစ်ခဏအကြာ၌ သူမ အပြုံးက ချက်ချင်း အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ တွဲဖက် ကစားဖော်များဟူသော ဘောင်အတွင်း၌ ဝိုင်နတ်ဘုရားဟူသော စကားလုံး ပေါ်လာသော ကြောင့်ပင်။

ကျုပ်က ပါရမီရှင် (Chapter 1-200)Donde viven las historias. Descúbrelo ahora