Chapter 12 - သွေး

357 43 0
                                    

မေမေ့ရှေ့မှာရိုရိုကျိုးကျိုးသနားကမားပုံလေးတွေနဲ့ သစ်သီးစားနေကြတဲ့သူ၂ယောက်အား ရတီစိတ်ထဲကနေဘယ်ပြန်ညာပြန်တီးနေမိသည်။ အားသစ်ကနဂိုအကြည်ဓာတ်လေးပေမယ့် မြတ်ဘုန်းခနဲ့တွဲတွေ့လာဖန်များတော့ အနှောက်ဓာတ်လေးရောလာဟန်တူသည်။ တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးမဟုတ်ပါလား။

" သားမြတ်ဘုန်းခကိုအန်တီသိပေမယ့် ဒီကကလေးကသမီးပြောနေကျ အားသစ်ဆိုတာလား။ လူချောလေးပဲ။ "

" ဟုတ်ကဲ့ခင်ဗျ။ "

ယဉ်ကျေးလိမ္မာကျောင်းဆင်းအသံနဲ့ အားသစ်ပြန်ဖြေလေသည်။ လှုပ်ကုလားထိုင်မှာပန်ကာလေခံရင်း စာဖတ်နေသောဖေကြီးက အားသစ်ကိုကြည့်နေရင်းသဘောကျစွာပြုံးနေသည်။ မြတ်ဘုန်းခရဲ့မိဘတွေနဲ့အရင်ကတည်းကမိတ်ဆွေရင်းတွေမို့ မြတ်ဘုန်းခနှင့်ဖေကြီးရင်းနှီးခဲ့သည်။ အားသစ်ကိုတော့ဒီနေ့မှပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်း။ ရတီမီးဖိုချောင်မှာသစ်သီးတွေသွားယူနေတုန်း ဖေကြီးကုလားထိုင်မှထလာပြီး ဟို၂ယောက်နဲ့အတူစကားသွားပြောနေလေတော့သည်။ ယောကျာ်းတွေရဲ့စကားဝိုင်းမှာ ရတီဝင်မပြောချင်တော့တာကြောင့် အပေါ်ထပ်ကိုသာတက်သွားလိုက်သည်။ အခန်းတံခါးဖွင့်လိုက်သော် ယခင်ကထက်သပ်ရပ်သန့်ရှင်းနေသော အိပ်ခန်းငယ်ကသူ့အားကြိုဆိုနေသည်။ အဝတ်တွေကအစီအရီခေါက်ထားလျက်၊ ကျောင်းစာအုပ်တွေနှင့်ပြင်ပဗဟုသုတစာအုပ်တွေက လူ့တစ်ရပ်စာစာအုပ်စင်ပေါ်မှာ သူ့အပိုင်းနဲ့သူခွဲ၍စီထားသည်။ ရတီ့စိတ်ကြိုက်စီထားသည့်ပုံစံက သူ့အကြောင်းအားလုံးသိနေသူတစ်ယောက်ရဲ့လက်ချက်တွေသာဖြစ်လိမ့်မည်။

" သမီး သူငယ်ချင်းတွေကအိမ်ပြန်တော့မယ်တဲ့ လာနှုတ်ဆက်လိုက်ဦး။ "

မေမေ့ရဲ့အသံကြားတော့ ရတီအခန်းထဲကနေထွက်ဖို့တံခါးကိုအဖွင့် စားပွဲခုံပေါ်မှာတဲတဲလေးတင်ထားသည့်လေ့ကျင့်ခန်းစာအုပ်ကိုတိုက်မိကာ အောက်ကိုပြုတ်ကျသွားသည်။ စာအုပ်ကပွင့်လျက်ကျသွားပြီး ရတီပြန်ကောက်ယူလိုက်ပြီးနောက် အထဲမှာရေးထားတဲ့စာတွေကိုဖတ်ကြည့်လိုက်သည်။ ပျက်ကွက်ခဲ့သောကျောင်းစာတွေကို ရတီ့လက်ရေးအတိုင်းရေးထားသည်မှာ ကာယကံရှင်ကလွဲ ဘယ်သူမှရိပ်မိမယ်မထင်။ ရတီ့ရဲ့လက်ရေးကလက်ရေးလှသည့်အထဲပါသည်။ ငယ်စဉ်ကတည်းကလက်ရေးလှသင်တန်းမှာဆရာမနဲ့တကွ သင်ကြားခဲ့ဖူးတာကြောင့်ပုံနှိပ်စာလုံးအတိုင်း ညီညာဝိုင်းစက်နေ၏။ ထို့အတွက်လည်းရတီမိခင်ဖြစ်လာချိန်မှာတော့ သားကြီးကိုလက်ရေးလှလေ့ကျင့်စေခဲ့လေသည်။

My Beloved StrangerWhere stories live. Discover now