Chapter 5 - ချိန်းဆိုမှု

783 90 4
                                    

စက်ဘီးကျေးဇူးဖြင့် ကျောင်းကို၁၂မိနစ်ခန့်ဖြင့် ရောက်ရှိလာခဲ့သည်။ အရင်က ကျောင်းတံခါးပိတ်မှရောက်လို့ နိုင်ငံတော်သီချင်းကို ကျောင်းဂိတ်တံခါးအပြင်မှာမတ်တတ်ရပ်ဆိုခဲ့ရသည့်သူက အခုတော့ဆရာမတွေထက်တောင် စောရောက်နေသည်လေ။ ကျောင်းဂိတ်စောင့်ဆရာမက ရတီကိုမြင်တော့မျက်လုံးပြူးကာ အထူးအဆန်းဖြစ်နေ၏။ ရတီလက်အုပ်ချီကာနှုတ်ဆက်လိုက်သည်။

" မင်္ဂလာပါ တီချယ် "
" အေးအေး မင်္ဂလာပါသမီး"

စက်ဘီးကိုကျောင်းဧရိယာထဲမှာ အများနည်းတူသော့ခတ်ထားခဲ့ကာ ရတီ၁၀တန်းဆောင်ထဲ ခုန်ပေါက်ပြေးလာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဆောင်လှေကားမှာ မြတ်ဘုန်းခ၊ လမင်းငွေစင်နှင့်မင်းရဲပိုင်တို့အုပ်စု စကားပြောနေတာနှင့် ဆုံမိသည်။ ရတီ မျက်မှောင်ကြုံ့ကာ မျက်ဆံကိုအပေါ်ပင့်၍ စိတ်ဆင်းရဲသွားသည်။

( ဖီ !! မနက်ကတည်းက ကျက်သတုန်း၁ကောင် မဟုတ်ဘူး ကျက်သတုန်း၂ကောင်နဲ့ ယောင်စိန်၁ကောင်နဲ့မှ ဆုံမိလေခြင်း )

သူတို့ကိုမမြင်ချင်ပေမယ့်လည်း ရတီ့စာသင်ခန်းက လှေကားဘက်မှတက်လျှင် ပထမဆုံးအခန်းမို့ မတက်လို့မရ။ ထို့ကြောင့်ရတီ စိတ်ထိန်းကာလှေကားဘက်ကနေ ခပ်တည်တည်တက်လာလေသည်။ သူတို့ကိုဖြတ်သွားပြီးနောက် စိတ်လျော့ကာသက်ပြင်းချမည်လုပ်နေတုန်း မြတ်ဘုန်းခက သူ့အားလှမ်းခေါ်၏။

" ရတီ ငါတို့စကားပြောကြရအောင် "
" ....... "
" ဟေ့ ငါပြောတာကြားတယ်မဟုတ်လား။ စကားပြောကြရအောင်လို့။ "

မကြားချင်ယောင်ဆောင်ပြီး ရတီဆက်တက်သွားတော့ မြတ်ဘုန်းခက ရတီ့လက်ကိုဖမ်းကိုင်လိုက်ရာ ရတီလန့်ပြီး အထစ်ကျော်တက်မိလေတော့သည်။ ယိုင်လဲသွားသောသူ့လက်ကို အပေါ်ကနေလှမ်းဆွဲလိုက်သူက ရတီမသိသည့်ကျောင်းသားတစ်ဦး။ လက်တစ်ဖက်ကို ထိုသူကဆွဲထားပြီး ကျန်တစ်ဖက်ကို မြတ်ဘုန်းခကဆွဲထားတာကြောင့် ရတီ မဟော်သဓာထဲကသားလုခန်းလို ဖြစ်နေ၏။ ရတီ ရုတ်တရက်ငိုချင်လာတာမို့ မျက်ရည်စမ်းစမ်းဖြင့် မြတ်ဘုန်းခဘက်လှည့်ကာ ပြောလိုက်သည်။

My Beloved StrangerWhere stories live. Discover now