Chapter - 35

4.1K 386 38
                                    

Unicode

အပိုင်း ၃၅။ ပြီးမြောက်အောင်မြင်သွားသောမစ်ရှင်

ဆောင်းကုန်၍ နွေဦးကို တစ်ဖန်ပြန်လည်ရောက်ရှိလာ၏။ သစ်ပင်များတွင်လည်း ယခင်ကဲ့သို့ နှင်းများနှင့် ဖုံးအုပ်မနေတော့ဘဲ စိမ်းစိုနေကြသည်။

ရာသီဥတုက အေးချမ်းပါသော်လည်း ရှောင်းကျန့်၏ နှလုံးသားကတော့ မအေးချမ်းနိုင်ပါချေ။ မင်းသားဝမ်က ယခုနောက်ပိုင်းမှ သူ့ကို ချစ်ကြိုက်ကြောင်းပြောချင်နေပုံရပြီး ဝန်ခံဖို့ မကြာခဏကြိုးစားနေသောကြောင့် ရှောင်းကျန့်က စကားလမ်းကြောင်းလွှဲ၍ ရှောင်ထွက်နေရသည်မှာ နှစ်ခေါက်မြောက်ရှိနေပြီ။ ထိုအခြေအနေမျိုး နောက်တစ်ခေါက် ကြုံလာရပါက မင်းသားဝမ်က သူ့ကို သံသယဝင်ပြီး စိတ်ခုသွားမည်လားပင်မပြောတတ်ပါပေ။

လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားလောက်သည်အထိ အတွေးများနေသည့် ရှောင်းကျန့်က မင်းသားဝမ်ဝင်လာသည်ကို သတိမထားမိလိုက်သောကြောင့် ရုတ်တရက် အဖက်ခံလိုက်ရချိန်တွင် ထိတ်လန့်သွား၍ အာမေဍိတ်သံလေးပါ ပြုမိသည်။

" ဝမ်ဖေးက ဘာအကြောင်းတွေးနေလို့ ကိုယ်လာတာတောင် မသိရတာလဲ ဟမ် "

စိတ်ဆိုးသည့်လေသံကို လုပ်ယူပြောနေသည့် မင်းသားဝမ်ကြောင့် ရှောင်းကျန့်က ရယ်လိုက်ပြီး အနောက်သို့လှည့်ကာ မင်းသားဝမ်ကို ချော့ခန်းဝင်ရပါတော့သည်။

" ညီလာခံသွားတဲ့ မင်းသားဝမ်အကြောင်း တွေးပြီး လွမ်းဆွတ်နေမိလို့လေ "

" အတတ်လေးပဲ "

မင်းသားဝမ်က သူ့အ​ဖြေကို နှစ်ခြိုက်ပုံနှင့်ရယ်ရင်း သူ့နဖူးပေါ်သို့ အနမ်းတစ်ပွင့်ခြွေသည်။

" ကိုယ် တကယ် မင်းကို... "

" နေ့လည်စာစားချိန်ရောက်ပြီ "

ရှောင်းကျန့်၏ မျက်ဝန်းများကို လေးလေးနက်နက်စိုက်ကြည့်လာသည်မို့ ပြောလာမည့်စကားကို ခန့်မှန်းမိသည့် ရှောင်းကျန့်က စကားလမ်းကြောင်း လွှဲသည့်အခါ မင်းသားဝမ်က မျက်မှောင်ကြုတ်သွား၏။

မျက်နှာလွှဲသွားသည့် ဝမ်ဖေးဖြစ်သူကို ဝမ်ရိပေါ်က နားမလည်စွာ ကြည့်မိသည်။ သူ့ဝမ်ဖေးက သူ၏အချစ်ကိုဝန်ခံခါနီးအချိန်တိုင်းတွင် ဘာကြောင့်များ ရှောင်ဖယ်နေရပါသနည်း။ ပထမနှစ်ခေါက်တွင်လည်း နည်းလမ်းအမျိုးမျိုးနှင့် စကားလမ်းကြောင်းလွှဲခံရပြီး ယခုတွင်လည်း ထိုသို့ထပ်လုပ်ရန် ကြိုးစားနေပြန်ပြီ။ သူ့ကို စိတ်ဆိုးနေသည်လည်းမဟုတ်၊ မကျေနပ်သည်မျိုးလည်းမဟုတ်သည့် သူ၏ဝမ်ဖေးက သူ၏ ချစ်စကားများကိုတော့ ကြားချင်ပုံမရပေ။ ဝမ်ရိပေါ်က ထိုအတွက် အကြောင်းပြချက်တစ်ခုတော့ လိုချင်ပါသည်။

Forced to Woo Prince Wang ⟪Completed⟫Where stories live. Discover now