ခြောက်ခမ်းသွားတဲ့မျက်ရည်တွေကို
စသတိထားမိချင်းပဲ ဆွဲနှုတ်ပစ်လိုက်တာ
မျက်လုံးတွေအစား မျက်တောင်အကပ်လိုက်ကြီးတွေဖြစ်နေတယ်
လိပ်ပြာတွေရဲ့ အတောင်ပံကိုမချိုးနဲ့ဆိုလို့
ခေါင်းကိုပဲတွန်းဓားလေးနဲ့လှီးတယ်
ဆောင်းကုန်တာတောင် နှုတ်ခမ်းတွေခြောက်နေသေးလို့
ပန်းရောင်သန်းဖို့ဆွဲခွာလိုက်တာ အနီရောင်တွေသန်းကုန်တယ်
သေတော့မယ် ပြောတဲ့လူကို သေလိုက် လို့ပြောရင်း
ငါကတော့ ရှင်တုန်းပဲ
စိတ်မကြည်ရင်ပတ်ပတ်ဆဲပြီး စိတ်ကြည်ရင်မုန့်လိုက်ဝေတယ်
ချစ်တဲ့အခါ လက်ဖမိုးကိုတယုတယနမ်းပြီး
မချစ်တဲ့အခါ မင်းကစိတ်ပျက်စရာ ဆိုတဲ့စကားကိုတသွင်သွင်သုံးတယ်
လူမဖြစ်လာသင့်တဲ့ကောင်က လူဖြစ်ရကျိုးနပ်အောင်
အရာရာကိုအမှန်အတိုင်းပဲ ချပြခဲ့တယ်
Death note ကတကယ်မရှိဘူး
ဒါပေမဲ့လက်ညှိုးရဲ့လက်တစ်ဆစ်ကိုဖြတ်ပြီး
မင်းမကြိုက်သူရဲ့နာမည်ကိုရေးရင်တော့လည်း မပြောတတ်ဘူး
အဲ့အိမ်ကိုမီးလောင်ဖို့ ငါဆုတောင်းခဲ့တာ
သူတို့မိသားစုထဲက အဲ့တစ်ယောက်တည်း
အသက်ရှင်ကျန်ရစ်ဖို့ငါဆုတောင်းခဲ့တာ
တကယ်တော့အသက်ရှင်ပါလို့ငါပြောခဲ့သူတိုင်းဟာ
သေစေချင်သူတွေဖြစ်ကြောင်း
နင်လုပ်ချင်တာလုပ်ပါ လို့ပြောခဲ့သူတိုင်းဟာ
အဲ့ဒီ့ချောက်ထဲကို ကိုယ့်ခြေထောက်နဲ့ကိုယ်ဆင်းစေချင်ခဲ့တာဖြစ်ကြောင်း
အီဗယ်နဲ့ အိန်ဂျယ်မှာ
အီဗယ်က ပိုအားသာခဲ့တယ်
သွေးမြင်ရင်ကြောက်တတ်တဲ့ဘက်ခြမ်းနဲ့
ငါကိုယ်တိုင်အဲ့လူရဲ့လည်ပင်းကိုအချွန်နဲ့ထောက်ခဲ့တဲ့ဘက်ခြမ်း
နောက်တစ်ခါပြန်တွေ့ရင် လက်သည်းခွံတွေခွာပြီး
ဖြေးဖြေးချင်းသတ်မယ်လို့ စဉ်းစားဖူးတဲ့လူကို
ဒီနေ့အထိပြန်မတွေ့ခဲ့တာ
သူကံကောင်းတယ်ပြောမလား ငါကံကောင်းတယ်ပြောမလား
တိမ်တွေ ကော်ဖီတွေ စာအုပ်တွေပြီးရင်
တစ်ရပ်ကွက်လုံးကိုမီးကွင်းထဲပတ်ပြေးစေချင်တဲ့စိတ်ဟာ
တကယ်ရှိတယ်
မကြောက်ပါနဲ့ အစ်မကမင်းထင်သလိုမဟုတ်ပါဘူး လို့
ပြောနေရင်း သကြားလုံးကမ်းပေးမိမလား ဓားကမ်းပေးမိမလား
နေကြာတွေစိုက်ချင်သေးတယ်
အဲ့အောက်မှာလူသေလောင်းတွေမြှုပ်မိမှာစိုး
ဒီလောက်နဲ့ရပ်လိုက်တော့ လို့သူကထအော်တော့
ခိုတွေထပျံကုန်တာ ငါမှတ်မိတယ်
အဲ့တုန်းက ဒီလိုနွေရာသီပေါ့
လူတစ်ယောက်ကိုငါ့လက်နဲ့ ပထမဆုံးအကြိမ်
သွေးထွက်အောင်လုပ်မိတုန်းက
ငါကဒီအသက်ရဲ့ ထက်ဝက်လေး
သူကငယ်သံပါအောင်အော်နေခဲ့ပြီး
လူတွေဟာ သူ့ဆီကိုပဲပြေးနေခဲ့
ငါမှတ်မိတာပေါ့
အဲ့တုန်းက ဒီလိုနွေရာသီ
ငါ့နားကခိုတွေထပျံကုန်တာ သေချာပေါက်ငါမှတ်မိတာပေါ့
သူ့အော်သံကြောင့်လား ငါ့လုပ်ရပ်ကြောင့်လားပဲမမှတ်မိတာ
သေချာပေါက်ခိုတွေဟာ ထပျံခဲ့တာ
သူတို့တွေဘာကိုများလန့်ဖြန့်နေခဲ့မှာ ။
YOU ARE READING
ညှိုး
Poetry_ဘာတွေလဲမေးတဲ့အခါ ညှိုးငယ်နေတဲ့ပန်းတွေလို့ ပြန်ဖြေဖြစ်မှာပဲ ။ Published date_ 08012022 ( Sat )