ဂျူတီကုတ်နဲ့ရှောင်းကျန့်က မျက်နှာထားခပ်တင်းတင်းနဲ့ နှုတ်ခမ်းကိုစေ့ပိတ်လို့ထားတယ်။ နောက်ပြီး သူကလက်နှစ်ဖက်ကိုဟန်ပါပါပိုက်ထားရင်း ထိုင်ခုံပေါ်မှာခပ်လျှောလျှောထိုင်ပြီး အပီအပြင်ဆုံးမတော့မယ့်ပုံစံနဲ့။သူ့ရဲ့ရှေ့မှာ မျက်တွင်းအနည်းငယ်ကျနေတဲ့ဝမ်ရိပေါ်က မျက်နှာငယ်လေးနဲ့ထိုင်နေတာ အပြစ်လုပ်ထားတဲ့ကလေးတစ်ယောက်လို။ ဘာအပြစ်လဲဆိုတာကတော့ ရှောင်းကျန့်ကသတ်မှတ်တယ်။
" တောင်းပန်ပါတယ်၊ ဒါပေမယ့် မင်းတစ်ယောက်ထဲတော့ ငါမလွှတ်ထားနိုင်ဘူး"
ဒါက ဝမ်ရိပေါ်ရဲ့မျက်နှာငယ်နဲ့ထွက်လာတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို အသိပေးတဲ့စကား။ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ခေါင်းမာမှုကို မတတ်နိုင်စွာသက်ပြင်းချတယ်။
" မင်း ငါ့ကိုအဲ့ဒီ့လောက်လိုက်ကြည့်နေစရာမလိုပါဘူး။ ငါက ကိုယ့်ကိုကိုယ်မစောင့်ရှောက်နိုင်တဲ့ကလေးလေးမဟုတ်သလို အမြဲတမ်းအန္တရယ်ရှိတာတွေလုပ်နေတာလည်း မဟုတ်ဘူးလေ။ အခြားသူအသက်တွေ ကယ်တင်ထားတဲ့အသက်လတ်ပိုင်းဆရာဝန်တစ်ယောက်ပါ "
ရှောင်းကျန့်က ဝမ်ရိပေါ်ကိုစိတ်မကောင်းစွာကြည့်ရင်း ချော့ပြောတယ်။ အမှန်တော့ မျက်တွင်းတွေကျပြီး အနည်းငယ်ပိန်သွားတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်ပယောဂတစ်စိတ်တစ်ပိုင်းပါဝင်တယ်။
" ဒါပေမယ့် ငါကမင်းအတွက် စိတ်ပူနေတာကိုတားလို့မရဘူး။ မင်းက ဆရာဝန်တစ်ယောက်၊ယောက်ျားလေးတစ်ယောက်ဆိုတာသိပေမယ့် မင်းကိုကာကွယ်ပေးချင်တဲ့စိတ်ကို ငါမထိန်းချုပ်နိုင်ဘူး "
တည်တည်ငြိမ်ငြိမ်နဲ့ထွက်လာတဲ့အကြင်နာစကားတွေက ရှောင်းကျန့်ရင်ကိုတော့လှုပ်ခတ်စေပါတယ်။ ဒါပေမယ့် ရှောင်းကျန့်ကိုကာကွယ်ဖို့ ဝမ်ရိပေါ်ထိခိုက်နေမှာကိုတော့ သူလည်းမလိုချင်ဘူးလေ။