အပိုင်း(၁၁)

305 15 4
                                    

အပိုင်း (၁၁)

ကျွန်မပြောပြရင် ယုံကြမလား။အဖြစ်အပျက်တွေက အင်မတန်တိုက်ဆိုင်လွန်းနေ၏။အစ်ကိုနှင့် ကျွန်မတို့သည် နွေဦးတွင် စတင်ခင်မင်သိကျွမ်းခဲ့ကြပါ၏။အစ်ကိုနှင့် ကျွန်မ ကွဲကွာသွားသော အချိန်သည်လည်း နွေဦး၌ပင် ဖြစ်သည်။ယခု ပြန်လည်ဆုံတွေ့ကြသော အချိန်မှာလည်း နွေဂိမာန်တွင် ဖြစ်ပါ၏။
သြော် နွေဂိမာန်...နွေဂိမာန်...၊
ချစ်သော နွေဂိမာန်တွင် ချစ်ဦးသူနှင့် တဖန်ပြန်လည်ဆုံတွေ့ခဲ့ရလေပြီ။

သို့သော် ကျွန်မတို့သည် အရင်ကလို ဆယ်ကျော်သက် လူငယ်ကလေးများ မဟုတ်ကြတော့ပါ။ကျွန်မ၏ အသက်ပင် ၃၅ နှစ် ပြည့်ခဲ့လေပြီ။နှစ်အနည်းငယ်ကြာလျှင် လူလတ်ပိုင်းမှ လူကြီးပိုင်းသို့ ကူးပြောင်းရတော့ပေမည်။

အသက်အရွယ်များ တဖြည်းဖြည်းရလာခဲ့သည့်အပြင် လောကဓံ၏ ရိုက်ခတ်ခြင်းကိုလည်း အတော်အသင့် ခံစားလာခဲ့ရပြီးပြီဖြစ်သောကြောင့် ယခင်လို ရင်ခုန်သံများလည်း မလတ်ဆတ်နိုင်တော့ပါ၊ အင်း...မလတ်ဆတ်နိုင်တော့ပါလေ....။

ယခင်လို ရင်ခုန်သံများ မလတ်ဆတ်နိုင်တော့ပါသော်လည်း အစ်ကို့ကို ပြန်တွေ့ရသောကြောင့် ကျွန်မပျော်မိပါ၏။မိတ်ဟောင်းဆွေဟောင်း အချစ်ဟောင်း အဖြစ် ပျော်မိပါ၏။ဟုတ်ပါရဲ့။အစ်ကိုသည် ကျွန်မ၏ အချစ်ဟောင်းပင်...ရက်စက်လေသူ အချစ်ဟောင်းပါပေ။

"ထက်ဝေ..."

ကြင်နာမှု အပြည့်ဖြင့် ညင်ညင်သာသာ ခေါ်လိုက်သော အစ်ကို့အသံကြောင့် ကျွန်မ အတွေးစပျက်သွားရပါတော့သည်။ကျွန်မဘေးတွင် ထိုင်နေသော အစ်ကို့ဘက်သို့ စောင်းငဲ့ကြည့်မိလိုက်သည်။

အစ်ကို့မျက်နှာမှာ ပကတိ တည်ငြိမ်အေးချမ်းနေ၏။လူငယ်ကလေးတစ်ဦး၏ နုပျိုမှုများအစား ခန့်ညားတည်ကြည်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။ယောက်ျားဆန်သော အသားရည် ခပ်လတ်လတ်မှာလည်း ပြောင်းလဲမသွားပါချေ။မေးရိုးများကတော့ အနည်းငယ်ကားပြီး ပိုမိုခိုင်မာလာပါ၏။ထင်ရှားသော မျက်ခုံး မျက်လုံး များနှင့် ပိရိသေသပ်သော နှုတ်ခမ်းအစုံကတော့ ယခင်အတိုင်းပါပင်။အရပ်အမောင်းနှင့် ခန္တာကိုယ်မှာလည်း ပိုမိုတောင့်တင်း သန်မာလာ၏။

ချစ်သောနွေဂိမာန်Where stories live. Discover now