ကျိန်စာတစ်ခု၊ဒဏ်ရာတစ်ခု

2.3K 352 11
                                    

တပည့်ရွေးချယ်ပွဲကြီးပြီးဆုံးသွားသည့်နောက်မှာတော့ များစွာသောလူတွေကစိတ်ပျက်အားငယ်မှုတွေနှင့်အိမ်ကိုပြန်သွားကြသော်လည်း အရွေးချယ်ခံရလို့နေခွင့်ရသည့်လူတွေကတော့ အင်မတန်ပီတိဖြစ်စွာပျော်ရွှင်နေကြလေသည်။ရှုရင်ကလည်း သူတို့တွေထဲကတစ်ယောက်အပါအဝင်ပင်။အခုဆိုလျှင် သူသည် ပိုင်မင်၏အနားတွင် တစ်ချိန်လုံးတဝဲလည်လည်ရှိနေကာ တပည့်တစ်ယောက်ထက် အိမ်မွေးခွေးလေးတစ်ကောင်နှင့်ပင်တူနေသည်။

လအနည်းငယ်ကြာသွားသည့်နောက်မှာတော့ ပိုင်မင်တစ်ယောက် သူ့ရဲ့တရားဝင်တပည့်ကသင်ယူလေ့လာတာမြန်ဆန်သောလူတစ်ယောက်ဖြစ်ကြောင်းကိုကြွားလုံးထုတ်နိုင်လို့ အင်မတန်ဂုဏ်ယူနေမိသည်။တစ်လအတွင်းမှာပင် ရှုရင်သည် ကောင်းမွန်သောစိတ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်အတွင်းအဆက်မပြတ်စီးဆင်းစေပြီး ဘယ်လိုထိန်းသိမ်းရမယ်ဆိုသည့်အချက်ကို နားလည်သဘောပေါက်သွားကာ အခုဆိုလျှင် တရားထိုင်ပြီးစတင်ကျင့်ကြံနိုင်ပြီဖြစ်၏။နှစ်လအတွင်း ချီစွမ်းအင်တွေကိုထိန်းချုပ်လာနိုင်ကာ သူ့ခန္ဓာကိုယ်ပြင်ပသို့ထုတ်လွှတ်လာနိုင်လေပြီ။

တတိယမြောက်လမှာတော့ ပိုင်မင် ရှုရင်ကို ဝိညာဥ်လက်နက်တွေထား'ထားသည့် လက်နက်တိုက်ရှိရာဆီသို့ခေါ်သွားခဲ့သည်။

ဒီကောင်လေးဘယ်လောက်​ပဲအင်အားကြီးနေပါစေ လက်နက်မရှိဘဲနဲ့ ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာတဲ့လဲ။ပြီးတော့ သူတောင်ကိုအတက်အဆင်းလုပ်တိုင်းရှုရင်ကိုအမြဲမခေါ်သွားနိုင်ဘူး​လေ။အဲ့ဒီအချိန်တိုင်း ရှုရင်က အနောက်ကနေသူ့ကို သူ့အားကြီးနဲ့အတင်းဖက်ထားလွန်းတာမို့လို့ ကြာတော့သူ့ဗိုက်တွေတောင်အောင့်လာပြီ။ တိမ်ပေါ်မှာပျံသန်းနေတုန်း ယောကျာ်းတစ်ယောက်ကအခြားယောကျာ်းတစ်ယောက်ကိုဖက်ထားတာက တော်တော့်ကိုရှက်ဖို့ကောင်းတဲ့မြင်ကွင်းဆိုတာကိုတော့ ထည့်ပြောမနေတော့ပါဘူးလေ။

ပိုင်မင်နည်းနည်းလေးတောင်မသိတာက ရှုရင်သည် လုရှစ်စွင်းကိုဖက်ခွင့်ရသည့်အခိုက်အတန့်တွေတိုင်းကို မြတ်နိုးခုံမင်တယ်ဆိုတာကိုပင်။သူ့လက်မောင်းတွေဖြင့် သေးသွယ်ကျစ်လျစ်ပြီးခိုင်မာသောခါးလေးကိုပွေ့ဖက်ထားပြီး ပိုးသားကဲ့သို့နူးညံ့ပျော့ပြောင်းသောဆံနွယ်တွေကြားထဲမျက်နှာအပ်ထားရခြင်းဟာ သူ့အတွက်တော့ နူးညံ့သည့်ထိုင်စရာအခင်းထက်မှာအနားယူခွင့်ရနေသလိုပင်။ လုရှစ်စွင်းအပေါ်ထားသည့် သူ့ရဲ့ချစ်မြတ်နိုးစိတ်တွေက တစ်နေ့ပြီးတစ်နေ့ကြီးထွားလာကာ သူ့မျက်လုံးတွေက ထိုသူသွားရာနေရာတိုင်းကိုကြည့်နေမိပြီး ထိုလူ၏အာရုံစိုက်မှုတွေတိုင်းကိုရဖို့ အမြဲတစေကြိုးစားနေမိတာကို သတိထားမိလာသည်။တစ်ခါတစ်ရံတွင် လုရှစ်စွင်းအပေါ်ထားသည့်သူ့ခံစားချက်တွေအပေါ်မှာ ရှုပ်ထွေးလာမိသော်လည်း ထိုအရာတွေကိုချစ်ခင်လေးစားမှုအနေနှင့်သာသတ်မှတ်ပြီး ခေါင်းထဲကနေဖယ်ထုတ်လိုက်သည်။

A Lotus Born Of Mud (Completed) Where stories live. Discover now