ပိုင်မင် အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်မိသည်။သူဒီလိုဖွင့်ဟဝန်ခံချက်မျိုးကိုတစ်နေ့နေ့တစ်ချိန်ချိန်တော့ကြားရလိမ့်မယ်ဆိုတာ ခန့်မှန်းမိပြီးသားဖြစ်၏။ရှုရင် သူ့အပေါ် ဘာလို့ဒီလိုအပြုအမူမျိုးတွေလုပ်နေတာလဲဆိုတာကို မသိရလောက်အောင်အထိ သူမတုံးအသေးပေ။ပိုင်မင် မြေပြင်ပေါ်ပြုတ်ကျသွားသူအားစိုက်ကြည့်ပြီး ထပ်မံကာအသက်ပြင်းပြင်းရှူသွင်းလိုက်မိပြန်သည်။
ဟုတ်ပြီ စိတ်အေးအေးထား။မင်းဒီကိစ္စကိုရအောင်ဖြေရှင်းမယ်လို့ပြောခဲ့တယ်လေ...အခုဝေ့လည်ကြောင်ပတ်လုပ်နေတာတွေကို ရပ်တန်းကရပ်တော့မယ်... ပြန်ရောက်ရင်ဒီဝန်ခံချက်နဲ့ပတ်သက်ပြီးဖြေရှင်းရမယ်...
"မင်းဘာလို့အဲ့မှာဆက်ပြီးလှဲနေသေးတာလဲ? သွားကြမယ်။" ပိုင်မင် သူ့စိတ်ထဲကအတွေးတွေကိုဖုံးကွယ်ထားရင်း ပြောလိုက်သည်။
ပြန်ဖြေတာကိုပဲဖြစ်ဖြစ် တုန့်ပြန်မှုတစ်ခုခုကိုပဲဖြစ်ဖြစ် ပိုင်မင်စောင့်နေခဲ့သော်လည်း သူဘာမှပြန်မရခဲ့ပေ။ထို့ကြောင့် အောက်သို့ဆောင့်ကြောင့်ထိုင်ချကာ ရှုရင်ကိုစစ်ဆေးလိုက်သည်။သူ့မျက်နှာတစ်ဖက်က ကြမ်းပြင်နှင့်ထိကပ်နေပြီး မျက်လုံးများမှိတ်ကာ အသက်ကိုလေးလံစွာရှူသွင်းနေပုံမှာ...
"အယုတ်တမာကောင်လေး မင်းကတကယ်ကြီးအိပ်ပျော်နေတာပေါ့လေ!" သူ လှုပ်ကာနှိုးတော့မည်အပြု ဒီကောင်လေးသည် တစ်လလောက်နီးပါး အစာရေစာသောက်စားခြင်းမပြုဘဲဒူးထောက်နေခဲ့ကြောင်း သတိရသွားသည်။သူ သက်ပြင်းချကာ ထီးကိုသိုလှောင်လက်စွပ်ထဲပြန်ထည့်လိုက်ပြီး စိတ်စွမ်းအင်သုံး၍ သူတို့နှစ်ယောက်အပေါ်နားတစ်ဝိုက်တွင် အကာအကွယ်တစ်ခုပြုလုပ်လိုက်သည်။ရှုရင်၏ခန္ဓာကိုယ်ကြီးကိုဆွဲမလိုက်ချိန်တွင် 'အင့်'ခနဲမြည်သံပင်ထွက်သွားရပြီး ထိုကောင်လေးအား သူ့ပခုံးထက်တင်လျက် လက်မောင်းနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။သူတို့၏အခုပုံစံက ကုန်းပိုးထားသလိုမျိုးဖြစ်နေသည်...အပေါ်တွင်အသယ်ခံထားရသည့်လူက အပင်ပန်းလွန်ပြီးသတိလစ်နေတာလေးကလွဲရင်ပေါ့လေ။
YOU ARE READING
A Lotus Born Of Mud (Completed)
Fantasy"လုရှစ်စွင်း...ကျွန်တော်ရှစ်စွင်းကိုသဘောကျတယ်" "ငါလည်းမင်းကိုသဘောကျပါတယ်,ရှောင်ရင်" "ကျွန်တော်ပြောလိုက်တဲ့ *သဘောကျတယ်* ဆိုတာက အိပ်ရာထဲမှာတစ်နေ့လုံးတစ်ညလုံးလူးလှိမ့်ချင်တဲ့သဘောကျမှုမျိုးပါ ရှစ်စွင်း" *ဆန့်ကျင်ဘက်အရပ်သို့ ကမန်းကတန်းထွက်ပြေးသွား ...