ပန်းတစ်ပွင့်

19 1 0
                                    

အဲ့ဒီနေ့က ကောင်းကင်အာကာယံတစ်ခွင်လုံး ကြည်လင်တောက်ပနေခဲ့တယ်။ လွင့်မြောနေတဲ့ တိိမ်လိပ်တိမ်တောင်တွေက အပြာရောင်ကောင်းကင်ကို အမြင်တင့်တယ်အောင် ဖော်ဆောင်ပေးနေလျက်။ နေရောင်ဖြန့်ကျက်ရာနေရာတိုင်းမှာ အရောင်စုံတဲ့ဖြစ်တည်မှုမျိုးစုံရှိနေတယ်။အဖြူရောင်၊အဝါရောင်၊အပြာရောင် အစရှိတဲ့ ရောင်စုံတိုက်အိမ်အဆောက်အဦးတွေ၊အစိမ်းရောင်သစ်ပင်ပန်းမန်တွေ၊ဝါစိမ်းနီသုံးရောင်နဲ့မီးပွိုင့်တွေ၊မော်ဒယ်အစုံအရောင်စုံနဲ့ သွားလာရေးယာဥ်တွေ၊အကြောင်းအမျိုးမျိုးနဲ့ ကူးသန်းသွားလာလှုပ်ရှားနေကြတဲ့ အသားအရောင် အမျိုးမျိုးနဲ့လူသားတွေ အစရှိသဖြင့်ပေါ့။ မြို့တွင်းပန်းခြံတစ်ခုမှာလည်း လာရောက်အပန်းဖြေသူ သူငယ်ချင်းအုပ်စုတွေ၊ ချစ်သူစုံတွဲတွေနဲ့ အသက်ဝင်လှုပ်ရှားလျက်။ ပန်းခြံအတွင်း ခုံတန်းအပြာရောင်တစ်ခုအပေါ်မှာ အဖြူရောင်ရှပ်လက်ရှည်ကို အမည်းရောင်ပန့်အရှည်နဲ့တွဲဝတ်ထားတဲ့ ၁၇နှစ်အရွယ် လူငယ်လေးတစ်ယောက်ထိုင်နေခဲ့တယ်။ လက်ထဲမှာ နှင်းဆီပန်းစည်းလေးကိုင်ထားလျက်။ သူ့မျက်စိရှေ့က မြင်ကွင်းတွေကို ငေးမောကြည့်ရှုနေတယ်။ ချစ်သူများနေ့မို့ထင်ပါရဲ့ ပန်းခြံအဝန်းအဝိုင်းအတွင်းမှာ သမီးရည်းစားစုံတွဲတွေက အများစုဖြစ်နေတယ်။ ပျော်ရွှင်နေကြတဲ့လူငယ်လူရွယ်လေးတွေပေါ့လေ။ ထိုလူငယ်လေးမှာလည်း သူကြိုတွေးထားတဲ့စိတ်ကူးယဥ်မှုတွေအပြည့်နဲ့ပြုံးပျော်လို့ပါပဲ။ ကမ္ဘာလောကကြီးက အချစ်မေတ္တာတွေနဲ့ထုံလွှမ်းနေသရွေ့ စိမ်းစိုလှပနေမှာ အမြဲမဟုတ်လား။
အဲ့ဒီလူငယ်လေးကတော့ ကောင်းဆက်လို့အမည်ရတဲ့ ကျနော်ပါပဲ။

ဖေဖော်ဝါရီ ၁၄ရက်နေ့ကို ကျနော့်ရဲ့ချစ်သူကောင်မလေးနဲ့အတူဖြတ်သန်းဖို့ စိတ်ကူးခဲ့ရတာ စတွဲခဲ့ကြတဲ့ အရင်နှစ်ဒီဇင်ဘာလကတည်းကပါပဲ။ သူ့ရဲ့လက်ဖဝါးနုနုသေးသေးလေးကို ဆုပ်ကိုင်ထားရင်း မြို့တွင်းအနှံ့ လျှောက်သွားဖို့ ကျနော်အရမ်းမျှော်လင့်ခဲ့တာ။ အခုတော့ ဆန္ဒတွေပြည့်ဝတော့မှာပဲ။ ကျနော့်ရဲ့နှုတ်ခမ်းတွေက နားရွက်ကိုတောင်ချိတ်မိတော့မယ်၊ ကိုယ့်အတွေးနဲ့ကိုယ်ပြုံးဖြီးနေလိုက်တာများဖြင့်။ နာရီကိုတစ်ချက်ကြည့်လိုက်မိတော့ မွန်းတည့်ချိန်တောင်ရောက်နေပြီ။ ချိန်းဆိုထားတဲ့အချိန်ကို တစ်နာရီတောင်လွန်နေပြီပဲ။ ဒီကောင်မလေးက တော်တော်ကိုမေ့လျော့တတ်တဲ့ကောင်မလေး။ ၁၁နာရီချိန်းထားတယ်ဆိုတာကို မေ့နေပြန်ပြီထင်ပါတယ်။ တစ်လလောက်အလိုကတည်းက ကြိုတင်ချိန်းဆိုထားမိတော့လည်း မေ့ကောင်းမေ့နိုင်ပါတယ်။ အဲ့ဒါနဲ့ဖုန်းဆက်ရမယ်ဆိုပြီး ဘောင်းဘီယာဘက်အိတ်ကပ်ထဲကိုနှိုက်လိုက်တော့ ဖုန်းကနေ တုံခနဲအသံထွက်လာတယ်။ လူမှုကွန်ယက်မျက်နှာစာက သတင်းပေးမှုတစ်ခုဖြစ်မယ်ထင်ပါတယ်။ ကြည့်လိုက်မိတော့ ကျနော့်ကောင်မလေးအကောင့်မှာ ပို့စ်တ်တစ်ခုတင်ထားတယ်ဆိုတဲ့အကြောင်းကြားစာ။ စိတ်ဝင်စားသွားတာနဲ့ ဝင်ကြည့်လိုက်မိတယ်။ တင်ထားတဲ့ပုံက သူ့ရဲ့အကြိုက်ဆုံးအရောင်ဖြစ်တဲ့ အဖြူရောင်ရှိတဲ့ ပွင့်ဖတ်တွေနဲ့ပန်းစည်းတစ်ခု။ ရေးထားတဲ့အကြောင်းအရာက သူကြိုက်တဲ့အရောင်ကိုသိပြီးတော့ ပန်းစည်းပေးတဲ့အတွက်အရမ်းပျော်ရွှင်နေတဲ့အကြောင်း၊ ပြီးတော့ ထိုလူက သူ့ဘေးမှာရှိနေပြီး သူပျော်နေတာကို ငေးမောကြည့်နေတဲ့အကြောင်း။ ပို့စ်တ်ဘေးမှာ တပ်ထားတဲ့လိပ်စာက နာမည်ကြီးစားသောက်ဆိုင်တစ်ခု။ သူတင်ထားတဲ့ပို့စ်တ်ကို မျက်တောင်မခတ်ဘဲအကြာကြီး ကြည့်နေမိတယ်။ ကျနော့်ပါးပြင်တွေ ရုတ်တရတ် ပူနွေးပြီးစိုစွတ်လာတယ်။ အသံအကျယ်ကြီး အော်ဟစ်ပစ်လိုက်ချင်မိတယ်။ သို့ပေမယ့် ကျနော့်နှုတ်ခမ်းတွေက တင်းကျပ်စွာနဲ့ စေ့နေခဲ့တယ်။ မပြတ်တမ်းကျနေတဲ့မျက်ရည်တွေ မျက်လုံးအိမ်အတွင်းများ ပြန်ဝင်သွားလေမလားဆိုပြီး ခေါင်းမော့ထားလိုက်မိတယ်။ အပြာရောင်ကောင်းကင်ကြီးကလှမြဲလှနေတုန်းပါပဲ။ ကျနော်သာ ငှက်တစ်ကောင်ဖြစ်နိုင်ရင်ကောင်းမယ်။ ကောင်းကင်ယံမှာ သံယောဇဥ်ကင်းရှင်းတဲ့ဖြစ်တည်မှုတစ်ခုအနေနဲ့ ခြေဦးတည့်ရာ လွတ်လပ်စွာ ပျံသန်းနေချင်မိတယ်။ ဒီအချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းချရင်ကောင်းမယ်။ ကျနော့်ရဲ့ဝမ်းနည်းမှုမျက်ရည်တွေကို မိုးရေစက်တွေနဲ့ ပုံမှားရိုက်လို့ရမှာပဲ။ ဒါမယ့်ရုပ်ရှင်တွေဇာတ်လမ်းတွေထဲကလိုအဖြစ်အပျက်တွေက လက်တွေ့လောကမှာ ကြုံတောင့်ကြုံခဲပဲမဟုတ်လား။မျက်နှာကို အင်္ကျီလက်နဲ့သုတ်ပြီး ပန်းခြံထဲကနေထွက်လာခဲ့တယ်။ ပျော်ရွှင်ရယ်မောနေတဲ့အသံတွေကို ကျနော်နားမခံစားနိုင်တော့ဘူး။ ကြည်နူးနေကြတဲ့ ချစ်သူစုံတွဲတွေကို ကျနော်ကြည့်မြင်မခံစားချင်တော့ဘူး။ မနာလိုမုန်းတီးတာတော့မဟုတ်ပါဘူး။ ကျနော့်အဖြစ်ကြောင့်ကျနော်သိမ်ငယ်လာလို့ပါ။ ဘောင်းဘီဘယ်ဘက်အိတ်ကပ်ထဲက စီးကရက်ဗူးကို ဆွဲထုတ်ပြီး တစ်လိပ်ထုတ်ကာ ရှိုက်လိုက်တယ်။ ဝေဒနာတွေကို နီကိုတင်းဓာတ်နဲ့ လျော့ပါးအောင်ပြုလုပ်ရင်းခြေဦးတည့်ရာလျှောက်လာခဲ့မိတယ်။ ဘေးဘီဝဲယာမှာ သွားလာလှုပ်ရှားနေကြတဲ့လူတွေရဲ့အသံတွေ၊ သွားလာရေးယာဥ်တွေရဲ့အသံတွေကို ဘာတစ်ခုမျှကျနော်မကြားတော့ဘူး။ ကျနော်ဟာအထီးကျန်ကမ္ဘာထဲမှာ ရောက်နေခဲ့ပြီ။ပလက်ဖောင်းပေါ်ကနေ လမ်းမတစ်လျှောက် လမ်းလျှောက်လာခဲ့တာ ဘလောက်ကြာခဲ့တယ်မသိ၊ စီးကရက်ခုနစ်လိပ်တောင်ကုန်သွားပြီ။

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now