အစပြုခြင်း

2 0 0
                                    

ကောင်းကင်ယံတစ်ခုလုံး တိမ်ကင်းစင်နေခဲ့တယ်။ နေကလည်း ခြစ်ခြစ်တောက်ပူနေခဲ့တာကြောင့် အရမ်းကိုပျင်းရိဖွယ်ရာ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ ပြတင်းပေါက်ကနေ တစ်ဆင့် ကျောင်းဝန်းအလယ်ရှိ ကွင်းပြင်မှာ ဆော့ကစားနေကြတဲ့ အငယ်တန်းကျောင်းသားလေးတွေကိုပဲ ငေးနေခဲ့မိတယ်။ စာသင်ခုံတွေရဲ့ရှေ့ဆုံးရှိကျောက်သင်ပုန်းအနီးစားပွဲကနေ စာရှင်းပြနေတဲ့ဆရာရဲ့ စကားသံတွေကိုလည်း နားမဝင်ခဲ့မိဘူး။ ဘာကြောင့်လဲဆိုရရင် ဇီဝဗေဒအချိန်ဖြစ်နေခဲ့လို့ပါ။ နားလည်ရအလွယ်ဆုံးဘာသာဖြစ်တဲ့အပြင် ကျက်ရမှတ်ရလည်း အလွယ်ဆုံးဖြစ်နေတာကြောင့်ပါပဲ။
" ကဲ နောက်ဆုံးခုံတန်းက ဇွန်နံ့သာဝင့်ထည်...ထစမ်း"
နာမည်ခေါ်သံကြားလို့သတိပြန်ဝင်လာပြီး မတ်တပ်ထရပ်လိုက်မိတယ်။
"ဟုတ်ကဲ့ဆရာ"
ဆရာကြီး မျက်မှောင်ကုပ်နေတာမြင်လိုက်ရတော့ ကျွန်မ စာထဲအာရုံမရှိတာကို သူသိသွားပြီမှန်း ရိပ်မိလိုက်တယ်။ ဆရာကြီးက ကျွန်မကိုကြည့်ရင်း
" အခုရှင်းပြသွားတဲ့ ဝတ်မှုန်ကူးခြင်းအကြောင်းကို နားလည်သလို ဖွင့်ဆိုပြစမ်းပါဦး"
ဆရာကြီးကတော့ မေးခွန်းထုတ်နေပြီ။ မဖြေနိုင်ရင်တော့ တစ်တန်းလုံးရှေ့မှာ အဆူခံရမှာပဲ။
ကံကောင်းတာတစ်ခုကတော့ နဝမတန်းအောင်ပြီး ဒသမတန်းမတက်မှီ စပ်ကြားကာလကျောင်းပိတ်ရက်တုန်းက ဒသမတန်း ဇီဝဗေဒ သင်ရိုးစာအုပ်ကို ပျင်းပျင်းရှိတာနဲ့ ဖတ်ကြည့်ခဲ့မိတာကြောင့် တစ်အုပ်လုံးကို ခြုံငုံပြီး နားလည်သဘောပေါက်ထားလေရဲ့။ ဒါကြောင့် ဆရာကြီးရဲ့မေးခွန်းကို အလွယ်တကူပဲဖြေနိုင်ခဲ့ပါတယ်။ ဆရာကြီးက ကျေနပ်စွာ ခေါင်းငြိတ်လိုက်ပြီး
"ဇွန်နံ့သာတို့ကတော့ စာသာလိုက်မကြည့်တာ စာတော့ရသားပဲ"
ဆရာကြီးရဲ့ ဆူတစ်ဝက်ချီးကျူးတစ်ဝက်စကားကြောင့် စပ်ဖြီးဖြီးနဲ့ ရယ်ပြလိုက်ပြီး ခုံမှာပြန်ထိုင်လိုက်တယ်။
"ကဲ ကလေးတို့ စာကို အာရုံပြန်စိုက်ကြ"
နာရီဝက်အကြာမှာ ဇီဝဗေဒအချိန်ပြီးလို့ ကာယအချိန်မို့လို့ ကျောင်းဝန်းအလယ်ရှိ ကွင်းပြင်ဆီကို တစ်တန်းလုံးဆင်းလာခဲ့ကြတယ်။ ကာယဆရာ ရောက်မလာသေးတာမို့ ကွင်းထဲမှာပဲ ကျောင်းသား ကျောင်းသူတွေ ကိုယ့်အဖွဲ့နဲ့ကိုယ် ဝိုင်းဖွဲ့ပြီး လေပစ်ရင်း အနားယူနေကြတယ်။ အိတ်ကပ်ထဲ ထည့်လာတဲ့ ဂျယ်လီဖျော်ရည်ထုတ်လေးကို ထုတ်ယူပြီး အရိပ်ရတဲ့ သစ်ပင်အောက်မှာ တစ်ယောက်တည်းသွားထိုင်နေမိတယ်။ ကွင်းပြင်ထဲမှာ တချို့ ဂျူနီယာအတန်းကကျောင်းသားတွေဘောလုံးကန်နေကြတယ်။ ကြက်တောင်ရိုက်နေတဲ့ ကျောင်းသားငယ်လေးတွေလည်းမြင်ရပါရဲ့။
ကျောင်းယူနီဖောင်းမဟုတ်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အရောင်မတူတဲ့ အားကစားဝတ်စုံကို ဝတ်ဆင်ထားကြတယ်။ ကြည့်ရတာ ကျောင်းပေါင်းစုံအားကစားပွဲအတွက် တခြားမြို့နယ်တွေက လာရောက်ယှဥ်ပြိုင်တဲ့ ကျောင်းသားတွေဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း သိပ်စိတ်မဝင်စားတာမို့ ကောင်းကင်ပေါ် မော့ကြည့်ရင်း တိမ်တိုက်တွေရဲ့ ပုံသဏ္ဌာန်တွေကို စိတ်ကူးနဲ့ပုံဖော်နေမိတယ်။ ကိုယ့်အာရုံနဲ့ကိုယ်ရှိနေတုန်း
"ဟဲ့ ဇွန် "
ကျွန်မရဲ့နာမည်ကိုခေါ်ပြီး ကျမဘေးကို မိန်းကလေးတစ်ယောက် ရောက်လာတယ်။ သူ့ကို လှည့်ကြည့်လိုက်ပြီး
"ဘာလဲ အေမီ...ဂျယ်လီစားချင်လို့လား..."
ငယ်ငယ်ကတည်းက ခင်မင်ရင်းနှီးလာခဲ့ရတဲ့ ငယ်သူငယ်ချင်း အေမီသော်က ကျွန်မရဲ့ ပြောင်ချော်ချော်အမေးစကားကြောင့်
"ကောင်မနော် အဲ့ဂျယ်လီက ငါဝယ်ကျွေးထားတာမဟုတ်ဘူးလား ဟွန်း"
သူဟန်လုပ်စိတ်ကောက်တဲ့ပုံစံကိုကြည့်ပြီး ရယ်မောလိုက်မိတယ်။ အေမီသော်က အားကစားသမားတွေဘက်ကို ခိုးကြည့်လိုက်ပြီး
"ဟိုမှာမြင်လား ကြက်တောင်ရိုက်နေကြတာ"
"အေး မြင်တယ်လေ...အဲ့ဒါ ဘာပြုလို့တုန်း"
"သူတို့က ရွှေဘိုနယ်တို့ စစ်ကိုင်းနယ်တို့က အဆင်လေးတွေဟဲ့ အားကစားလာပြိုင်ရင်း ဒီမှာတည်းကြမှာတဲ့"
"အဲဒီတော့"
"မချောဘူးလားအေ ကြည့်ကြစမ်းပါဦး"
အေမီသော့်စကားကြောင့် ရယ်မောလိုက်ရင်း
ကောင်မနော် အတော်ရွနေ...ညည်းကဆယ်တန်းနော်...တခြားအာရုံရောက်နေ"
အေမီသော်က သက်ပြင်းချလိုက်ပြီး
"အေးဟယ် ကျမက ရှင့်လိုဥာဏ်မကောင်းတော့ ခက်တယ်"
"အပိုတွေပြောမနေနဲ့ အဆောင်မှာ ဆရာတွေက အသင်အပြကောင်းတဲ့အပြင် အားတဲ့အချိန်တွေမှာ ငါလည်းဒီလောက်တောင်ရှင်းပြနေတာကို ညည်းဟာညည်း ရည်းစားတွေလျှောက်ထားပြီး အာရုံလွင့်နေလို့ စာမရတာ ဟွန်း"
ကျွန်မရဲ့ ရန်တွေ့မှုကြောင့် အေမီသော်က စပ်ဖြီးဖြီးနဲ့လုပ်နေပါရော။ စကားပြောနေတုန်းမှာပဲ ကာယဆရာ ရောက်လာခဲ့ပါတယ်။
"ကဲ အားလုံး ကိုယ့်နေရာနဲ့ကိုယ်တန်းစီ ဒီနေ့လည်း အခြေခံ ကိုယ်လက်လေ့ကျင့်ခန်းတွေပဲလုပ်ကြမယ်...ဇွန်နံ့သာဝင့်ထည်ကတော့ အတန်းထဲက အမှိုက်တောင်းသွားပစ်ပြီး အတန်းထဲမှာ စာပြန်လုပ်ချေ"
"ဟုတ်ကဲ့ဆရာ"
ကျွန်မက လေ့ကျင့်ခန်းလိုက်မလုပ်တဲ့သူမို့ ကာယအချိန်ဆိုရင် အမြဲတမ်းဒီလိုပါပဲ။အတန်းထဲရှိ ပြည့်လျှံနေတဲ့ ပလတ်စတစ်အမှိုက်တောင်းကို မနိုင့်တနိုင်သယ်ပြီး အမှိုက်ကျင်းရှိရာ ကျောင်းဝန်းတောင်ဘက်ထောင့်ကို ထွက်လာခဲ့တယ်။ အမှိုက်ကျင်းနားရောက်ခါနီးတော့ မောပြီး ရင်တုန်နေပြီမို့ အမှိုက်တောင်းကို ချပြီး ခနနားနေမိတယ်။
"ဆရာမကြီးက ဒီမှာလာပြီးရေသာခိုနေပါလား"
အသံလာရာဘက်ကို လှည့်ကြည့်လိုက်မိတော့ ကျွန်မနဲ့ ဆယ်တန်းဘော်ဒါဆောင် တစ်ဆောင်တည်းနေတဲ့ ဒသမတန်း(ခ)က မြတ်မင်းသူနဲ့ သူ့ငယ်ချင်းကောင်လေးနှစ်ယောက်။
"အေးဟယ် မောလွန်းလို့ပါ"
" ဟာ နင်ကလည်း ငါတို့ကူညီပေးမှာပေါ့"
ဆိုပြီး ကျွန်မဘေးက အမှိုက်တောင်းကိုကောက်ယူလိုက်ပြီး
"လို့ထင်လား" ဆိုပြီး လွှင့်ပစ်လိုက်တယ်။
အမှိုက်တွေက ပတ်ပတ်လည် ပြန့်ကျဲသွားလေရဲ့။ သူတို့သုံးယောက်က ကျွန်မကိုကြည့်ရင်း လှောင်ပြောင်ရယ်မောနေကြတယ်။ ချွေးဒီးဒီးကျအောင် သယ်လာခဲ့ရတဲ့ဟာကို အခုလိုလုပ်ပစ်လိုက်တော့ ဒေါသချောင်းချောင်းထွက်လာပါတော့။
ဒေါသနဲ့အတူပဲ ရင်ခုန်သံတွေအရမ်းမြန်လာပြီး ကျွန်မ မောဟိုက်လာတော့တယ်။ မျက်စိတွေပြာပြီး မူးလဲတော့မလိုဖြစ်လာတာမို့ ခန္ဓာကိုယ်ကို ဟန်ချက်မပျက်အောင်ထိန်းထားရတယ်။ အံကြိတ်ထားရင်း ဘာမှမဖြစ်တဲ့ဟန်နဲ့ မျက်နှာကိုတည်ထားလိုက်တယ်။ မြတ်မင်းသူက ကျွန်မကို မဲ့ပြုံးပြုံးပြီးကြည့်ရင်း
"ဘာလဲ ဆရာမကြီးက နှလုံးလား သုံးလုံးလားမသိတဲ့ ရောဂါ ဖောက်လာပြန်တာလား...အဲ့အကွက်တွေရိုးနေပြီနော်...အဆောင်မှာလည်း ဒီလိုဟန်တွေလုပ်ပြီး ဆရာတွေသနားအောင်လုပ်နေတာ ငါတို့မသိဘူးများမှတ်နေလား"
ဆက်ပြီး လှောင်နေတုန်းပါပဲ။ ဒေါသကြောင့် ကျွန်မမျက်ရည်တွေပါဝဲနေပြီ။
မြတ်မင်းသူက နှာခေါင်းရှုံ့လိုက်ပြီး
"မငိုပါနဲ့ဟာ နင်စာမေးပွဲအောင်မှာပါ...နောက်နှစ်ပြန်တက်ပြီးရင်ပေါ့လေ...နင့်အဖေကို ပြန်ထားခိုင်းပေါ့ဟာ နော် ဟားဟားဟား..."
ကျွန်မ ခံပြင်းဒေါသထွက်လွန်းလို့ မျက်ရည်တွေပါ စီးကျလာတယ်။ မွေးရာပါနှလုံးရောဂါက ကျွန်မလိုချင်လို့ရခဲ့တာမို့လို့လား။ ဘယ်သူက သာမန်လူအဖြစ်နဲ့ မနေထိုင်ချင်မှာလဲ။ ပြီးတော့ ကျမဖေဖေ၊ သူဟာ ကျွန်မလူမှန်းသိတတ်စအရွယ်ကတည်းက မေမေနဲ့ ကွဲပြီး နောက်အိမ်ထောင်ပြုသွားတယ်ဆိုတာ သူတို့သိရဲ့သားနဲ့ ဘာကြောင့် ခုလိုပြောဆိုလာရတာလဲ။
စာကောင်းကောင်းလုပ်နိုင်လို့ ဘော်ဒါဆောင်က ဆရာတွေရဲ့ ချီးကျူးအရေးပေးမှုတွေရရုံနဲ့ ဒီလောက်ထိ ရက်ရက်စက်စက်ပြောစရာလိုရဲ့လား။ သူကျွန်မကို မနာလိုလို့ အနိုင်ကျင့်တာ ခနခနပေမယ့် ကျွန်မ သည်းခံနိုင်ခဲ့ပါတယ်။ အခုအခါကတော့ ဖေဖေ့ကိုပါထည့်ပြီး ပြောဆိုလာတာကတော့ ရက်စက်လွန်းပါတယ်။ ဝမ်းနည်းဒေါသဖြစ်လွန်းလို့ အသက်ရှူကျပ်လာပြီး ခန္ဓာကိုယ်ကိုမထိန်းနိုင်တော့ပဲ မြေပြင်ပေါ်ထိုင်ချလိုက်ရတော့တယ်။ ခေါင်းငုံ့ပြီး မျက်နှာကို လက်နဲ့အုပ်ထားရင်း ငိုနေခဲ့မိတယ်။
ဒီအချိန်မှာ ဆရာမတစ်ယောက်ယောက်ရောက်လာရင် ကောင်းမှာပဲ။ ဒါပေမယ့်လည်း ကျောင်းဆောင်တွေနဲ့ ခပ်လှမ်းလှမ်းမှာမို့ ဘယ်သူမှ သတိထားမိမယ်မထင်ပါဘူး။ ကျွန်မ အလွန်ကိုအထီးကျန်စွာနဲ့ ငိုနေခဲ့မိတယ်။
"ကဲ ဟေ့ကောင်တွေသွားစို့...အွတ်"
တဖြောင်းဖြောင်း တအွတ်အွတ်နဲ့အသံတွေကြားရလို့ ထိတ်လန့်သွားပြီး မော့ကြည့်လိုက်တော့၊ ရွှေဝါရောင်အားကစားဝတ်စုံနဲ့ကောင်လေးတစ်ယောက် ကောက်ကွေးနေတဲ့ ကြက်တောင်ရိုက်တံကို ကိုင်ထားပြီး ကျွန်မရှေ့ မလှမ်းမကမ်းမှာ ကျောပေးလျက် ရပ်နေတယ်။
မြတ်မင်းသူတို့ဘက်ကိုကြည့်လိုက်တော့ သုံးယောက်လုံး မြေပြင်မှာလဲလျောင်းရင်း ညည်းညူနေကြတယ်။ ကျွန်မ အံ့သဩထိတ်လန့်သွားမိတယ်။ အားကစားဝတ်စုံနဲ့ကောင်လေးက
"မိန်းကလေးတစ်ယောက်ကို ဒီလောက်အနိုင်ကျင့်နေတာ မရှက်ကြဘူးလား...ဟေ့ကောင်တွေ ထစမ်း..အဲ့လောက်နဲ့ဟန်လုပ်မနေနဲ့ မင်းတို့မသေဘူးရယ်"လေသံမာမာနဲ့အမိန့်ပေးလိုက်တော့ မြတ်မင်းသူတို့အဖွဲ့က တစ်ယောက်ကိုတစ်ယောက် တွဲထူပြီး ထွက်ခွာသွားကြတယ်။ ထိုအားကစားဝတ်စုံနဲ့ကောင်လေးက ပြန့်ကျဲနေတဲ့ အမှိုက်တွေကို လိုက်ကောက်ပြီး တောင်းထဲပြန်ထည့်နေတယ်။ ကျွန်မ တအံ့တသြနဲ့ကြည့်နေခဲ့မိတယ်။
ဘယ်နယ်က ကျောင်းသားပါလိမ့်။ ဘယ်ကနေဘယ်လို ဒီနေရာကိုရောက်လာပါလိမ့်။ကျွန်မအမြင်တွေဝေဝါးနေခဲ့တာကြောင့် ရွေဝါရောင်အားကစားဝတ်စုံဝတ်ထားပြီး ရိုက်တံအကွေးအကောက်ကိုင်ထားတဲ့ သူ့ ပုံသဏ္ဌာန်က ကျွန်မအမြင်မှာတော့ ကျွန်မဒုက္ခရောက်နေတဲ့အချိန်မှာရောက်လာတဲ့၊ ဓားတစ်လက်ကိုင်ဆောင်ထားတဲ့၊ ရွှေရောင်ချပ်ဝန်တန်ဆာအပြည့်နဲ့ သူရဲကောင်းတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ အားကစားဝတ်စုံနဲ့ကောင်လေးက အမှိုက်တွေကို ကျင်းထဲသွားသွန်ပြီးနောက် ကျွန်မဘက်ကို ပြန်လျှောက်လာခဲ့တယ်။ ပလတ်စတစ်တောင်းကို ကျွန်မဘေးအသာအယာချလိုက်ပြီးနောက် သူ့ဘောင်းဘီအိတ်ကပ်ထဲကနေတစ်ခုခုကိုနှိုက်ယူလိုက်တယ်။
လက်ထဲမှာ အပြာရောင်ဆေးလိပ်တစ်ဗူး၊မီးခြစ်နဲ့ တစ်ရှူးထုတ်လေးတစ်ထုတ်ပါလာတယ်။ တစ်ရှူးထုပ်ကို ကျွန်မကို ကမ်းပေးပြီးနောက် ရှက်ကိုးရှက်ကမ်းအမူအရာနဲ့ ကျောင်းဆောင်တွေဘက်ကို ပြေးထွက်သွားခဲ့တယ်။ တော်တော်ရှက်တတ်တဲ့ကောင်လေးပဲ၊ ကျေးဇူးတင်စကားတောင်ပြောခွင့်မပေးဘူး၊ တစ်ချိုးတည်း ခြေကုန်သုတ်ပြီးပြေးသွားတယ်။ တစ်ရှူးထုတ်လေးကိုလက်မှာဆုပ်ကိုင်ထားလိုက်ပြီး မျက်နှာပေါ်မှာ စေးကပ်ခြောက်သွေ့နေတဲ့ မျက်ရည်တွေကြားထဲကနေ ပြုံးလိုက်မိတယ်။ ဒီတစ်ခါမှာတော့ ရင်တုန်ပန်းတုန်မဟုတ်ဘဲ စိတ်လှုပ်ရှားစွာနဲ့ ကျွန်မနှလုံးသားလေးက လျင်မြန်စွာခုန်နေခဲ့ပါတော့တယ်။

You've reached the end of published parts.

⏰ Last updated: Sep 18, 2022 ⏰

Add this story to your Library to get notified about new parts!

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now