အတိတ်ရဲ့ အကျဉ်းသား

4 1 0
                                    

"အမလေးတော် သူများကိုလူမှဟုတ်ရဲ့လားလေးဘာလေးနဲ့ ရှင်ဝင်လာတဲ့အခန်းလည်းရှင်သေချာကြည့်ပါဦး မိန်းကလေးအိမ်သာတွဲရှင့် ကိုကောင်းဆက်ရဲ့"
ဟာနာက နောက်ပစ်ထားတဲ့ သွယ်လျလက်မောင်းလေးနှစ်ဖက်ကို ခါးပြင်ထောက်လိုက်ရင်း ရွဲ့တဲ့တဲ့လေသံနဲ့ ရန်တွေ့ပါလေရော။ နှုတ်ခမ်းက စူလိုက်သေး။
"ဟာ ဟုတ်သားပဲ"
ဆန်းစစ်ကြည့်စရာကိုမလိုဘူး။ ဒီဘက်အခြမ်းရတ်စ်ရွန်းတွေက မိန်းကလေးတွေအခြမ်းဆိုတာ သိထားခဲ့ပြီးသား။ ခုနက အလျင်စလိုမို့သာ တွေ့ရာအခန်းကိုဝင်ပုန်းလိုက်မိတာ။ မျက်နှာပူပူနဲ့ပဲ အခန်းအပြင်ကို ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်မိတယ်။
ကံကောင်းတယ်လို့ဆိုရမှာပဲ၊ အိမ်သာတွဲထဲမှာ တခြားမိန်းကလေးတွေ မရှိလို့။ ခြေဆယ်လှမ်းခန့်မျှရောက်တော့-
"နေပါဦး ကိုကောင်းဆက်ရဲ့ ကျမကိုစောင့်ပါဦး"
ခြေလှမ်းတွေကို တန့်ပြီး နောက်ကို မရဲတရဲပြန်လှည့်ကြည့်မိတော့ နှင်းဆီဖူးနှုတ်ခမ်းလေးကိုရွဲ့ပြီး သေချာလုပ်ပြီးမှေးထားတဲ့မျက်ဝန်းလေးတွေနဲ့ မျက်စောင်းထိုးနေတဲ့ ဟာနာ၊ လက်နောက်ပစ်ထားရင်း ကျနော့်ဆီကို တစ်လှမ်းချင်း လျှောက်လာတယ်။
"ဘာလဲ ရှင်ကနှာဗူးလား"
ရွဲ့တဲ့လေသံက မပျောက်သေးဘူး။
"မ..မဟုတ်ပါဘူးဗျာ"
"ကဲအာ့ဆိုပြောစမ်းပါဦး တော်က ဘာလို့မိန်းကလေးအိမ်သာထဲရောက်နေတာလဲ ဟမ်"
ကျနော်ဘယ်လိုရှင်းရမှန်းမသိတော့ပြီ။
"အဲ့ဒါကလေ ဟို...ခများ..ခများထင်သလိုမဟုတ်ဘူး"
ကျနော်ရှက်လွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး။ အခြေနေက တော်တော်ဆိုးနေပြီ။ မျက်နှာဖုံးစွပ်ထားပြီးတော့ သူခိုးမဟုတ်ပါဘူး ငြင်းနေတဲ့အခြေနေမျိုး။
"ဟား ဟား ဟား ကိုယ်က မင်းကိုစနေတာပါကွာ ဘယ်လိုဖြစ်တယ်ဆိုတာ ကိုယ်သိပါတယ်"
"ဗျာ သိတယ်လား"
ခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ တော်သေးတာပေါ့ အခြေနေကို သူသိလို့။ နေစမ်းပါဦး၊သူဘယ်လိုလုပ် သိတာလဲ။
" မမေးနဲ့ ကိုယ်မင်းအကြောင်းတွေအကုန်သိတယ် ဟုတ်ပြီလား"
ဘာမှတောင်မမေးရသေးဘဲ သူကကြိုတင်ပိတ်ပြီးပြောနေတယ်။
ဒါပေမယ့်လည်း ကျနော်က မေးဖြစ်အောင်မေးလိုက်သေးတယ်။
"ဘယ်လိုလုပ်သိတာလဲ ကျနော်ကကိုယ်ရေးကိုယ်တာကို သိပ်ပြောတဲ့သူလည်းမဟုတ်ဘဲနဲ့"
"မပြောဘူး ဗြဲ"
လျှာထုတ်ပြောင်ပြရင်း ကျနော့်ကိုချန်ထားခဲ့ပြီး ရှေ့ကိုဆက်လျှောက်သွားတယ်။ ကျနော်က အမှီလိုက်ရင်း-
" ဟုတ်ပါပြီ ထားပါတော့ မပြောချင်ရင်လည်း...ကျနော်အရက်သောက်တာကရော ဘယ်လိုလုပ်သိတာလဲ အဲ့ဒါတော့ပြောပြ မပြောပြရင် ခများနဲ့မခေါ်တော့ဘူး"
"ဟားဟား မင်းကလည်းကွာ ကလေးကျနေတာပဲ စိတ်ကကောက်သေးတာ"
သူပြောလိုက်တဲ့စကားကြောင့် ကျနော် နည်းနည်းရှက်သွားတယ်။
"ဟုတ်တယ်ဗျာ ကလေးဆန်တယ် မပြောပြချင်လည်း နေ"
ကျနော်က စိတ်ဆိုးပြီး ခပ်သွက်သွက်လမ်းလျှောက်တော့မယ်အလုပ်
"နေပါဦးကောင်းဆက်ရဲ့ ပြောပြပါ့မယ်ကွာ ဟုတ်ပြီလား"
ပြောရင်း ကျနော့်လက်မောင်းကို လှမ်းဆွဲထားတယ်။ ရှက်ရမ်း ရမ်းတဲ့ကျနော့်မျက်နှာကိုကြည့်ရင်း ပြုံးစိစိနဲ့။ နောက်တော့ သူ မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်တော့တယ်။ ကျနော်ကြောင်သွားတယ်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးအများစုက "ခိ ခစ်" လောက်ပဲဟန်လုပ်ပြီး ရယ်တတ်ကြတာမလား။ သူကတော့ဖြင့် တဟားဟားနဲ့။
ဟန်ပဲမလုပ်တတ်တာလား၊ စိတ်လွတ်ကိုယ်လွတ်ပဲ နေတတ်တာလားဆိုတာ ကျနော်လည်းမသိတော့ဘူး။ ဒါပေမယ့် သူ့ရဲ့ ပွင်းလင်းလွတ်လပ်တဲ့ နေထိုင်မှုစရိုက်ကို ကျနော်အရမ်းသဘောကျသွားတယ်။ သူရယ်နေတာကိုကြည့်ရင်း ကျနော်ပါ အူမြူးလာပြီး သူနဲ့အတူ စိတ်လွတ်လက်လွတ်ရယ်လိုက်မိတယ်။ ဘေးက ဖြတ်သွားတဲ့ ကျောင်းသားကျောင်းသူတွေက အားရပါးရ ရယ်နေတဲ့ ကျနော်တို့ကို အူကြောင်ကြောင်ကြည့်သွားကြတယ်။ ရယ်မောနေကြတာကို အတောသတ်လိုက်ကြပြီး သုံးစက္ကန့်စာမျှ တစ်ယောက်မျက်နှာတစ် ယောက်ကြည့်နေမိကြတယ်။ ရုတ်တရတ် ဖုန်းကနေ နှိုးစက်သံမြည်လာတယ်။ အတန်းတက်ရမယ့်အချိန်ရောက်လာပြီပဲ။
ဒါပေမယ့် ဟာနာ့ဆီက အဖြေတွေကြားချင်သေးတယ်။ ထိုစဥ်မှာပဲ
"ကဲ ကောင်းကောင်း အတန်းသွားတက်တော့  ကိုယ်လည်းသွားတော့မယ်"
"မနက်ပိုင်းက အင်္ဂလိပ်အချိန်...အလွယ်ဆုံးဘာသာပဲ မတက်လည်းရတယ် ဟာနာလည်းမတက်နဲ့တော့ လာ"
ဆိုပြီး အတင်းခေါ်လာခဲ့တယ်။
"မင်း တော်တော်ဆိုးတာပဲ" လို့သာပြောရင်း နောက်ကနေ သိမ်သိမ်မွေ့မွေ့လေး လမ်းလျှောက်ရင်း လိုက်လာခဲ့တယ်။  ကန်တင်းမှာ ကော်ဖီထုပ်ဝင်ဝယ်ရင်း ရေနွေးကို ကျောပိုးအိတ်ထဲမှာအသင့်ပါလာတဲ့ အိတ်ဆောင်ရေနွေးဗူးထဲကိုထည့်ပြီး ဘောလုံးကွင်းဘက်ကို နှစ်ယောက်သားဦးတည်လာခဲ့တယ်။
ဒီနေ့လည်း ရာသီဥတုက သာသာယာယာမို့ ပတ်ဝန်းကျင်တစ်ခုလုံး လန်းလန်းဆန်းဆန်း။ ၈နာရီကျော်ပဲရှိသေးတာမို့ နေအပူကလည်း မပြင်းထန်သေး။ ဟာနာက မျက်လွှာလေးချပြီး မျက်နှာလေးကို မော့ရင်း ကျေနပ်နေတဲ့ အပြုံးနဲ့ နေရောင်ခြည်ရဲ့ အနွေးဓာတ်ကိုခံစားရင်း လမ်းလျှောက်နေတယ်။ မျက်နှာတစ်ပြင်လုံးပေါ် အလင်းရောင် ဖြာဆင်းနေကျတာမို့ အရောင်ပြန်မှုကြောင့်ထင်ပါရဲ့၊ ဟာနာရဲ့ မျက်နှာတစ်ပြင်လုံးဟာ ဝင်းလက်တောက်ပနေတယ်။ ကျနော် မှင်သက်နေမိတုန်း  မျက်လွှာလေးပြန်တင်ရင်း ကျနော့်ဘက်မျက်နှာလှည့်လာပြီးတော့
"မင်းအိတ်ထဲမှာ ဘလိုလုပ်ရေနွေးဗူး ရှိနေတာလဲ"
ခိုးကြည့်နေတုန်း လူမိသွားတာမို့ စကားထစ်တီးထစ်ငေါ့နဲ့
"ဟို..ဟို ကျနော်က ကော်ဖီသမားမို့ပါ ပြီးတော့ ကျနော့်အိတ်ထဲမှာ အစုံပါတယ်...ပုံဆွဲစာအုပ်၊ ဝတ္တုစာအုပ်၊ အားကစားပစ္စည်းအသေးစားတွေ၊ ရေသန့်ဗူး..အို ထင်ရာအကုန်လျှောက်ထည့်ထားတာ"
ပြောမိပြောရာတွေ လျှောက်ပြောမိတော့တယ်။
"အာ့ဆို မင်းအိတ်က အရူးလွယ်အိတ်ပေါ့လေ"
"မဟုတ်ဘူး အရူးကျောပိုးအိတ်"
"ဟားဟားဟား"
နှစ်ယောက်သားရယ်မောရင်း လျှောက်လာခဲ့တာ ကျနော်တစ်ယောက်တည်းလာနေကျ နေရာတောင်ရောက်ပြီပဲ။
ဘောလုံးကွင်းဘေးက မျက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ စွန့်ပစ်ထားတားတဲ့ အမိုးတပ် တိုယိုတာ အပြာရောင် ထရပ်ကားအဟောင်းအပျက်တစ်စီးရှိလေရဲ့။ ယခင်ကတော့ ကျောင်းသုံး ယာဥ်ထင်ပါရဲ့။ အခုတော့ အရောင်တွေလွင့်လို့၊ ကားဘော်ဒီတစ်ခုလုံး သံချေးတွေကိုက်ပြီး နီညိုရောင်သမ်းလျက်။ နောက်ဖုံးကလည်းပြုတ်နေတော့ ထရပ်နောက်ခြမ်းအပေါ် နှစ်ယောက်သား ခြေတွဲလောင်းချ ထိုင်လိုက်ကြတယ်။ ဟာနာက ခုမှ သတိရဟန်ဖြင့်
"ရေနွေးနဲ့ ကော်ဖီထုပ်ကတော့ ဟုတ်ပါပြီ ထည့်စရာခွက်လည်းမပါဘူး"
ကျနော်က
"အဲ့အတွက်မပူပါနဲ့ လိုတရအရူးကျောပိုးအိတ်ရှိတယ်"
ပြောပြောဆိုဆိုနဲ့ အိတ်ထဲကနေ တစ်ခါသုံးပလတ်စတစ်ခွက် လေးခွက်ထုတ်လိုက်တယ်။
"အမယ် မင်းအိတ်ထဲမှာ တကယ်ကို ပစ္စည်းစုံရှိပါလား"
"ဟဲဟဲ"
တစ်ခွက်တည်း ရေနွေးလောင်းလိုက်ရင် ကိုင်တဲ့လက် ပူမှာမို့ နှစ်ခွက်စီခွဲလိုက်ပြီး တစ်ခွက်ပေါ်တစ်ခွက်ဆင့်လိုက်တယ်။ ကော်ဖီကို တစ်ယောက်တစ်ခွက်ကျ ဖျော်လိုက်ပြီး ဟာနာ့ကို ကမ်းပေးလိုက်တယ်။
"အပူလောင်ဦးမယ်နော် ဟာနာ သတိထား"
သူ့ရဲ့ လက်ချောင်း ဖြူဖြူသွယ်သွယ်လေးတွေနဲ့ ဂရုတစိုက်လှမ်းယူလိုက်ပြီး ပန်းဆီရောင်နှုတ်ခမ်းလေးကို စူရင်း ကော်ဖီပူပူကို တဖူးဖူးမှုတ်နေတယ်။ သူ့အပြုအမူကို သဘောကျပြီးပြုံးလိုက်မိတယ်။
ကျနော်လည်း ကောက်ဖီခွက်ကို ကောက်ကိုင်လိုက်ရင်းတစ်ငုံသောက်လိုက်တယ်။ စီးကရက်သောက်ချင်လာတာမို့ ကော်ဖီခွက်ကို ဘေးပြန်ချလိုက်ပြီး ကားနောက်ခုံပေါ်က ဆင်းလိုက်တော့
"ဘာလုပ်မလို့လဲ"
"ဆေးလိပ်သောက်မလို့"
"ဒီမှာပဲသောက်လေ ဘယ်သွားမလို့လဲ"
"အားနာလို့"
"လာပါ ပြန်ထိုင်"
ပြန်ထိုင်လိုက်ရင်း စီးကရက်ဗူးကို အိတ်ကပ်ထဲကနေထုတ်လိုက်တော့
"ကိုယ့်ကိုတစ်လိပ်ပေး"
"ဆေးလိပ်က ကျန်းမာရေးအတွက် မသင့်တော်ဘူးဗျ ပြီးတော့ မိန်းကလေးတွေနဲ့ပိုပြီးမသင့်တော်ဘူး"
"မင်းကတော့ ဘာလို့သောက်တာလဲ"
"ကြိုက်လို့လေ"
"အေး ကိုယ်လည်း တူတူပဲ..ပေး တစ်လိပ်"
ထပ်ပြီး စောဒက မတက်ဝံ့တော့ပဲ တစ်လိပ်ထုတ်ပေးလိုက်မိတယ်။ ဒီကောင်မလေးက တစ်ဖက်သားအပေါ်ကို တော်တော်လွှမ်းမိုးနိုင်တာပါလား။ ကျနော်သာ သူ့ မောင်ငယ်လေးတစ်ယောက်သာဆို မလွယ်ဘူး။
"မင်းက ကိုယ့်မောင်ငယ်လေးပဲလေ မဟုတ်ဘူးလား"
အငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း ဟာနာကပြောလာတယ်။
ကျနော်လန့်သွားပြီး ကားပေါ်က ခုန်ဆင်းလိုက်မိတယ်။ ကျနော့်အတွေးတွေကို ဘယ်လိုသိနေတာလဲ။
"ဟဲ့ ဘယ်လိုဖြစ်တာလဲ အလန့်တကြား"
"ခများ...ခများ ကျနော်တွေးနေတာတွေ ဘယ်လိုလုပ်သိနေတာလဲ"
ကျနော် ဟာနာ့ကိုလန့်လာပြီ။ တစ်ခုခုတော့ ထူးဆန်းနေပါပြီကော။
ဟာနာက မျက်ဝန်းလေးမှေးသွားအောင် ရယ်မောရင်း
"ဘာလန့်စရာရှိလို့လဲ...ကိုယ်ပြောသမျှကို မင်းကမလွန်ဆန်နိုင်ဘူးလေ..အာ့ကြောင့် မင်းစိတ်ထဲမှာ ငါကသူ့မောင်ငယ်လေးကျနေတာပဲ ခိုင်းနေလိုက်တာများဖြင့် ဆိုပြီးတွေးနေမယ် ဟုတ်တယ်မလား"
သူ့ဖြေရှင်းချက်ကလည်း ယုတ္တိတော့ တန်သားပဲ။ အခုမှ စိတ်ရှင်းသွားတော့တယ်။ သူ တော်တော် ဦးနှောက်ကောင်းတာပဲ၊ တစ်ဖက်သားရဲ့အတွေးတွေကိုခန့်မှန်းနိုင်တယ်။
"ဟုတ်တယ် ခများက ကျနော့်အတွက် အမကြီးတစ်ယောက်လိုပဲ"
"အာ့ဆို ကိုယ့်ကို မမလို့ခေါ်လေကွာ ခစ်ခစ်"
ကျနော်အသည်းယားသွားတယ်။
ကျနော်က ညီအစ်ကိုသုံးယောက်ထဲမှာ အကြီးဆုံးသားဖြစ်နေပေမယ့် အမတစ်ယောက်လောက်တော့ အမြဲတမ်းလိုချင်နေခဲ့တာ။
"မခေါ်ချင်ပါဘူးဗျာ ခများအသက်က ဘယ်လောက်မို့လို့လဲ"
ဟာနာက တွဲလောင်းချထားတဲ့ခြေထောက်နှစ်ဖက်ကို မပြီး ထိုင်နေတဲ့အပေါ် ဒူးကွေးထောင်လိုက်ရင်း လက်နှစ်နဲ့ ပိုက်ထားလျက် မေးစေ့လေးကို ဒူးပေါ်တင်ထားရင်း ခေါင်းလေးစောင်းပြီး
"မိန်းကလေးတစ်ယောက်ရဲ့အသက်ကိုမေးတာ ရိုင်းတယ်ကောင်းကောင်းရဲ့ သိရဲ့လား"
"မမေးရင် ဘလိုလုပ်သိမလဲဗျ"
"သိချင်ရင်စုံစမ်းပေါ့ ခစ်ခစ်"
ကျနော့်ကို လှောင်ရယ်ရယ်လိုက်ရင်း ကော်ဖီခွက်ကိုကောက်ပြီး သောက်လိုက်တယ်။
အဲ့ဒီနောက်
"ဒါနဲ့ ဒါက တို့ရဲ့ ဖက်စ်တ်ဒိတ်လား"
ဟာနာ့စကားကြောင့် ကျနော် လန့်သွားပြီး
"ဟာ မနောက်နဲ့တော့ဗျာ တော်ပြီ"
"ဟားဟားဟား မင်းကလည်း ယောက်ျားကြီးတန်မဲ့ရှက်တတ်လိုက်တာ"
အင်း ဖက်စ်တ်ဒိတ်သာဖြစ်ခဲ့ရင် ကောင်းမှာပဲ။ ပွင့်လင်းတဲ့စရိုက်နဲ့ လွတ်လပ်တဲ့နေထိုင်မှုရှိတဲ့ ဟာနာက ကျနော်လိုချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံစံပါပဲ။ ပြီးတော့ ကျနော့်ကို စိတ်လုံခြုံမှုလည်းပေးနိုင်သေးတယ်။ သူနဲ့အတူရှိနေရတဲ့အချိန်တွေမှာလည်း သက်တောင့်သက်သာရှိတယ်။ ဒါပေမယ့် ကျနော့်နှလုံးသားကို မိန်းကလေးတစ်ယောက်ကပိုင်သွားခဲ့ပြီးပြီလေ။
ကျနော့်ဘဝထဲကနေ ထွက်သွားခဲ့ပေမယ့် ကျနော့်ရင်ထဲမှာ အမြဲတမ်းအတွက် နေရာယူထားတုန်းပါပဲ။ ကျနော်အတွေးထဲမြောနေတုန်းမှာပဲ
"ကဲ ကိုကောင်းဆက် ဘာတွေတွေးနေတာတုန်း ရှင်အရက်သောက်တာဘယ်လိုသိလဲ ကျမ မပြောပြရတော့ဘူးလား"
ရွဲ့တဲ့တဲ့ လေသံနဲ့ ပြောလာတဲ့အခါကျမှ သတိပြန်ဝင်လာပြီးတော့
"ဟုတ်သားပဲ ဘယ်လိုသိတာလဲ ပြောပါဦး"
"အိမ်သာတွဲထဲမှာတုန်းက မင်းဘေးက ဘေစင်မှန်ကနေတစ်ဆင့် အနောက်ကနေ မင်းမျက်နှာကို မြင်နေရတယ်...မင်းမျက်နှာက အရက်နာကျထားတဲ့ပုံစံလို မလန်းမဆန်းနဲ့...ပြီးတော့ မင်းဆီကနေ အရက်နံ့အနည်းငယ် ရနေတယ်လေ အဲ့တော့ မနေ့က အရက်သောက်ထားမှန်း သိသာတာပေါ့"
သူပြောတော့လည်း ဟုတ်သလိုလိုပါပဲ။ နေပါဦး၊ ဒါဆို ကျနော်မျက်ရည်တွေကျနေတာလည်း သူမြင်မှာပေါ့။ ဟာနာက ကုန်ခါနီးစီးကရက်ကို တစ်ချက်ဖွာလိုက်ပြီး လက်ချောင်းသွယ်သွယ်လေးတွေနဲ့တောက်ထုတ်လိုက်တယ်။ မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း
"ဘဝဆိုတာ ဒီလိုပါပဲကွာ...ကိုယ့်ဘဝထဲကို လူတွေရောက်လာမယ် ထွက်သွားမယ်..အတူရှိနေတဲ့အချိန်တွေမှာ အမှတ်တရကောင်းတွေဖန်တီးကြရပြီး ထွက်သွားတဲ့အချိန်မှာတော့ ကောင်းတဲ့မှဥာဏ်လေးတွေကိုပဲ ရင်မှာပိုက်ထားခဲ့ကြရတာပေါ့...မင်းသူနဲ့ရှိခဲ့ရတုန်းက ပျော်ခဲ့ရတယ်မလား"
ကျနော်ဘာမှ ပြန်မပြောနိုင်ဘူး။
ဟာနာက ဆက်ပြီးတော့
"မင်း သူပျော်နေတာပဲမြင်ချင်တယ်မလား အခုသူပျော်နေတယ်လေ မင်းလည်းပျော်ရမှာပေါ့ ဘာကြောင့် ဝမ်းနည်းနေမှာလဲ မင်းဘေးမှာ သူမရှိတော့ပေမယ့် မင်းရင်ထဲမှာတော့ သူရှိနေတာပဲမဟုတ်လား..တစ်ခုခုကိုပိုင်ဆိုင်ရဖို့ကြိုးစားကြရသလိုပဲ တစ်ချိန်တည်းမှာပဲ စွန့်လွှတ်ရမယ့်အချိန်အတွက် ပြင်ဆင်ထားကြရတယ် ကောင်းကောင်းရဲ့"
ကျနော့်ကို ဆုံးမစကားပြောနေတဲ့ ဟာနာရဲ့ မျက်နှာကို တအံ့တသြနဲ့ ငေးနေမိတယ်။ တော်တော်ရင့်ကျက်တဲ့ အမျိုးသမီးလေးပဲ။ ဟာနာကပဲ စကားဆက်ပြောတယ်။
"အတိတ်က နာကျင်မှုတွေနဲ့ ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားဘဲနဲ့ မင်းရဲ့အမြင်တွေကိုသာ ဖွင့်လိုက်ပါ...မင်းမမြင်ဖူးသေးတွေ ကမ္ဘာအသစ်ကို မင်းမြင်ရလိမ့်မယ်..ပြီးတော့..."
"ပြီးတော့ ဘာလဲ ဟာနာ"
"ပြီးတော့ အဲ့ဒီကမ္ဘာသစ်ကို ကိုယ်မင်းကိုပြမယ်...မင်းနဲ့ကိုယ် အတူတကွပေါ့"
စီးကရက်အသစ်တစ်လိပ် ထုတ်လိုက်ရင်း မီးညှိပြီးဖွာလိုက်တယ်။ မျက်စိရှေ့က သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းကိုငေးလိုက်ရင်း မီးခိုးတွေကို မှုတ်ထုတ်လိုက်တယ်။ အဲ့ဒီနောက် ဟာနာ့ဘက်ကို ပြန်ပြီးမျက်နှာမူလိုက်ရင်း
"ကျနော် ဟာနာ့ကို မမလို့ ခေါ်သင့်ပြီထင်တယ်"

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now