နေ့သစ်တစ်ခုရဲ့ အလင်းပြေးများ

3 1 0
                                    

လေအေးလေစိမ့်တွေက မျက်နှာနဲ့ လက်မောင်းအရေပြားပေါ်မှာ ပွတ်ဝေ့သွားကြတယ်။ အပြင်သြကာသလောကမှ ကျေးငှက်သာရကာတို့ကလည်း တေးသွားများကို သူတို့ဘာသာဘာဝနှင့် မြည်ကြွေးလျက်။ လမ်းပေါ်၌ သွားလာလျက်ရှိသော သွားလာရေးယဥ်တွေမှလည်း စက်သံများ၊ ဟွန်းသံများက ကြိုးကြားကြိုးကြားပေါ်ထွက်လာလျက်။ အလင်းရောင်ကလည်း အမှောင်ထုကိုတွန်းလှန်ရင်း ဝင်ရောက်လာခဲ့သည်မှာ မိုးကုတ်စက်ဝိုင်းတစ်လျှောက် အနီရောင်သမ်းကာ လောကတစ်ခုလုံးပင် ကောင်းကောင်းမွန်မွန် ထင်ရှားပြတ်သားလာခဲ့လေပြီ။
မျက်လုံးများကို ကြိတ်မှိတ်ဖွင့်ရင်း နာရီကိုကြည့်လိုက်တော့ ၅နာရီခွဲ။ မျက်စိစုံမွှားနဲ့ ကုတင်ပေါ် လှမ်းကြည့်လိုက်မိတော့ ဟာလာဟင်းလင်း။ ကျနော့်ရင်ထဲမှာပါ အနည်းငယ် ဟာသွားခဲ့သလိုလို။ ကျနော်မနိုးခင် ပြန်သွားတာထင်ပါတယ်။ကိုယ့်အိပ်ရာကိုယ်သိမ်းပြီး ကုတင်ပေါ်က ဟာနာ ခြုံသွားခဲ့တဲ့ စောင်လေးကိုခေါက်ပြီး ကုတင် ခြေရင်းမှာထားလိုက်တယ်။ ဒီကောင်မလေးက အပျင်းကြီးမယ့်ပုံပဲ၊ အိပ်ရာတောင် သိမ်းမသွားဘူး။ ခြေညောင်းလက်ဆန့်ရင်း ရေချိုးခန်းထဲ မျက်နှာသစ်ဖို့သွားတော့၊ ရေခွက်တွေ၊ ဆပ်ပြာတွေက မနေ့ညကအတိုင်း အရာမယွင်းရှိနေလျက်။ ဒီကောင်မလေး မျက်နှာတောင်သစ်မသွားဘူးထင်တယ်။ ညစ်ပတ်အိုးလေးပဲ။ တွေးရင်း ပြုံးနေမိတယ်။ အိပ်ရာထလုပ်စရာရှိတာတွေလုပ်ပြီး မနက်စာစားဖို့ထွက်လာခဲ့တယ်။ ရပ်ကွက်ထဲက ရှမ်းခေါက်ဆွဲဆိုင်တစ်ခုမှာ ဝင်ထိုင်လိုက်ပြီး ဆေးလိပ်ဖွာရင်း မနက်ခင်းပိုင်းဘဝလှုပ်ရှားမှုတွေကို ရှုစားနေမိတယ်။ ခေါက်ဆွဲစားပြီးတော့ ကျသင့်ငွေရှင်းပြီး နာရီကြည့်လိုက်တော့ ၆နာရီခွဲ။ ကျောင်းမသွားခင်နာရီဝက်အချိန်ရသေးတာမို့ ရပ်ကွက်ထဲလမ်းပတ်လျှောက်လိုက်ပါဦးမယ်လေ။ ဟာနာက ဒီပတ်ဝန်းကျင်မှာနေတာကို သတိရသွားမိတယ်။ အရိပ်အယောင်များတွေ့လိုတွေ့ငြား တစ်အိမ်ပြီးတစ်အိမ် မျက်စိကစားရင်း လျှောက်လာခဲ့တယ်။ မနက်ခင်းပိုင်း သူနဲ့တူတူ လမ်းလျှောက်ရရင်ကောင်းမယ်။ မနက်ခင်း လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း နေရောင်ခြည်နွေးနွေးအောက်မှာ ဟာနာရဲ့ဆံနွယ်လေးတွေ ရွှေဝါရောင်တောက်ပနေမှာကို မြင်ချင်မိတယ်။ သူနဲ့ဆင်တဲ့ အရိပ်တောင်မတွေ့တာမို့ တပ်ခေါက်ပြီးပြန်လာခဲ့ရတယ်။ ကျောင်းသွားဖို့ပြင်ဆင်ပြီးနောက် ကျောင်းရှိရာအရပ်ကို ဦးတည်ပြီး ထွက်ခွာလာခဲ့တော့တယ်။ နောက်အခါကျရင်တော့ ဖုန်းနံပါတ်တောင်းထားရမယ်။ ပြန်တွေးကြည့်တော့လည်း ကျနော်တို့ဆက်ဆံရေးက နည်းနည်းထူးဆန်းနေသလိုပဲ။ နာမည်အရင်းမသိ၊ ဖုန်းနံပါတ်မသိ၊ အသက်ဘယ်လောက်ရှိမှန်းမသိ၊ သူ့အကြောင်း ဘာမှ ဂဃနဏမသိရဘဲ ခံစားချက်တွေ ဖွင့်ပြောခဲ့မိတယ်။ သူကတော့ ကိုယ်နဲ့ပတ်သတ်တာ ကကြီးကနေ အအထိ သိနေတဲ့သူ။ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ တဖြည်းဖြည်းနဲ့ သိလာရမှာပေါ့။ သူက ဘယ်သူဘယ်ဝါဘယ်လိုပဲဖြစ်ဖြစ် ကျနော်အဆင်ပြေပါတယ်။ အဓိကက ကျနော့်အနားမှာ သူရှိနေဖို့ပဲမလား။ မနေ့ကဖွင့်ဟဝန်ခဲ့မိတာနဲ့ပတ်သတ်ပြီး ပြန်သုံးသပ်ကြည့်မိတော့၊ သူ့ရဲ့ ပျော်ပျော်နေတတ်တဲ့ ဥာဥ်ကို သဘောကျတယ်၊ သူ့ရဲ့လွတ်လပ်တဲ့ စိတ်နေသဘောထားကို သဘောကျတယ်၊ သူ့ရဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ စရိုက်ကိုသဘောကျတယ်၊ သူ့ရဲ့ စိုလဲ့လဲ့ နှင်းဆီဖူးနှုတ်လမ်းလေးကိုသဘောကျတယ်၊ ပုလဲလုံးတွေသီထားသလိုသွားလေးတွေပေါ်လာရုံပြုံးတတ်တဲ့ နွေးထွေးဖော်ရွေတဲ့ သူ့အပြုံးလေးကိုသဘောကျတယ်၊ မျက်တောင်ကော့ကော့လေးတွေအောက်က အမြဲ အရောင်လဲ့နေတတ်တဲ့ သူ့မျက်ဝန်းဝိုင်းဝိုင်းလေး အမြဲတောက်ပနေတတ်တာကို ကျန်သဘောကျတယ်၊ သူ့ရဲ့လှုပ်ရှားမှုဟန်ပန်တွေကအစ ကျနော်သဘောကျတယ်။ ကျနော် သူ့ကို သိပ်ကို နှစ်သက်နေမိပြီ။ အခုသူ့အကြောင်းတွေးနေရင်းကို ကျနော့်မျက်နှာခမျာ ပြုံးဖြီးနေမိပြီ။ ကျနော် သူ့ကိုချစ်လား....အဲ့ဒါတော့ ကျနော်လည်းမသိဘူး။ သဘောကျနှစ်သက်တဲ့ခံစားချက်တွေကတော့ အစစ်အမှန်ပါပဲ။ သို့ပေမယ့် အချစ်လို့ခေါင်းစဥ်တပ်လို့ ရဦးမယ်မထင်သေးပါဘူးလေ။ လူတစ်ယောက်ကိုချစ်ဖို့ဆိုတာ သံယောဇဥ်ခိုင်မာဖို့လိုတယ်မလား၊ ဒါကြောင့်အချိန်အတိုင်းအတာတစ်ခုတော့ လိုဦးမယ်ထင်ပါတယ်။ အချစ်အကြောင်းတွေတော့ ကျနော်သိပ်မသိသေးပါဘူး။ ဒါပေမယ့်သေချာတာတစ်ခုကတော့ အချစ်ဆိုတာ လှပတဲ့တိမ်တိုက်တစ်ခုလိုပါပဲ၊ ဆုပ်ကိုင်ပြလို့မရဘဲ ကိုယ်တိုင်ကြည့်မြင်ခံစားမှ ကိုယ့်အတွက်ဘယ်လိုလှပတဲ့အဆင်းသဏ္ဌာန်ရှိမယ်ဆို သိနိုင်မှာမလား။ အတွေးထဲနစ်မျောသွားမိတာမို့ ကျောင်းနားရောက်ခါနီး လမ်းအကွေ့မှာ အုတ်ခဲကျိုးတစ်ခုကိုနင်းမိပြီး စက်ဘီးလဲပါတော့တယ်။
ကံကောင်းတာက အရှိန်မပါလို့ သက်သာပေမယ့် လက်ထောက်လိုက်ရာ မြေနဲ့ပွတ်မိတာကြောင့် ယာဘက်လက်ဖနောင့်မှာ အနည်းငယ်ပွန်းသွားခဲ့တယ်။ အိတ်ထဲက ရေဘူးနဲ့ လက်ကို သဲဖုန်တွေသန့်စင်အောင်ဆေးကြောလိုက်ပြီး ဆက်လက်စီးနင်းလာခဲ့တယ်။
စာသင်ခန်းထဲရောက်လို့ ကျနော့်ခုံတန်းကိုကြည့်လိုက်မိတော့ အတန်းထဲကမဟုတ်တဲ့သူတစ်ယောက်ကိုတွေ့လိုက်မိတယ်။ ခန့်ပိုင်၊ စက်မှုမေဂျာ ပထမနှစ်က ကျနော့်သူငယ်ချင်း၊ မိန်းကလေးတွေနဲ့ ပတ်သတ်လာရင် သတင်းစုံတာမို့ ဟာနာ့အကြောင်းအကူညီတောင်းခဲ့တဲ့သူ၊ ကျနော့်ခုံတန်းမှာထိုင်နေလေရဲ့။ ကျနော်လည်း သူ့ဘေးမှာ ဝင်ထိုင်လိုက်ရင်း
"မင်းက ဘာလာလုပ်တာလဲ"
"တလောက ဓာတုအချိန်တွေလွတ်သွားခဲ့လို့ မှတ်စုမရှိတာနဲ့ မင်းတို့အတန်းက ဓာတုချိန်ကိုလာတက်တာကွ"
"အဲ့ဒါတင်တော့မဟုတ်တာသေချာတယ် မှန်မှန်ပြောစမ်းခွေးကောင် ငါတို့အတန်းထဲက မကွင်းကို မင်းမျက်စိကျနေတာမလား"
ကျနော်က သူ့အကြောင်းကို နောကျေနေပြီမို့ မေးလိုက်တော့ စပ်ဖြဲဖြဲနဲ့ ခေါင်းငြိတ်ပြတယ်။ သူက စကားဖြတ်ပြီး ကျနော့်ကို မေးလာတယ်။
" ဒါနဲ့နေပါဦး ငကောင်းရ...ဟိုစော်လေးနဲ့ရော ခုတလောတွေ့ဖြစ်သေးလား"
"မမေးနဲ့ငါ့ကောင် ငါတို့က တွဲတောင်နေပြီ"
ကျနော်က အောင်နိုင်သူတစ်ယောက်ရဲ့လေသံနဲ့ပြောလိုက်တော့ ခန့်ပိုင်ခမျာ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ဖြစ်သွားပြီး
"ဟ သွက်လှပါလား...အင်း...ကောင်မလေးတော့သနားပါတယ်"
ကျနော်က နှုတ်ခမ်းကိုရွဲ့ပြီး လက်ခလယ်ထောင်ပြလိုက်တော့ တဟားဟားနဲ့ ရယ်ပါတော့တယ်။ အဲ့ဒီနောက် ဓာတုဆရာရောက်လာတာမို့ ကျောင်းစာထဲ အာရုံရောက်သွားခဲ့တော့တယ်။ အတန်းချိန်တွေပြီးတော့ လန့်ချ်တိုင်းမ်ဆင်းချိန်ရောက်ပြီမို့ ဟာနာနဲ့တွေ့ရဖို့ ကြိုတင်ရင်ခုန်နေမိပြီ။ ဟာနာရော ကျနော်လိုပဲ စိတ်လှုပ်ရှားနေလောက်မလား။ စာအုပ်တွေသိမ်းပြီး ကန်တင်းဘက်ပြေးလာခဲ့တယ်။ ကော်ဖီတစ်တွဲနဲ့ ကိတ်မုန့်တစ်ဗူးဝယ်ပြီး ဘောလုံးကွင်းဘက်ကို ပြေးခဲ့တယ်။ ထရပ်ကားအပျက်နားရောက်ခါနီးတော့ လူကမောပြီးဟိုက်နေပြီ။
ကားပျက်ပေါ်ကို လှမ်းကြည့်တော့ တွေ့လိုက်ရတာက၊ ကားနောက်ခြမ်းအစွန်းမှာ ခြေချိတ်ထိုင်ပြီး မေးထောက်လျက် ကျနော့်ကိုပြုံးရင်းကြည့်နေတဲ့ဟာနာ။ အမောတွေတောင်ပြေသွားသလိုပဲ။ ကားအနားကိုရောက်တော့
"ကဲ မမရဲ့မောင်လေးပင်ပန်းသွားပြီ.."
"မပန်းပါဘူးဗျာ ဒီလောက်ကတော့ အပျော့ပဲ"
"ဟုတ်လား အဲ့ဒါဆိုမမကို ကျောပိုးပြီးပြေးကြည့်မလား"
"တကယ်လား ရတယ်အေးဆေးပဲ ဘောလုံးကွင်းတစ်ပတ်ပတ်ပြလိုက်မယ်"
"ဟားဟား ဟုတ်ပါပြီကွာ...နောက်ကျ မမကို ကျောပိုးရမယ်နော် ဟုတ်ပြီလား"
"ဟုတ် ဟီးဟီး"
ကော်ဖီဖျော်ပြီး ဟာနာ့ကို တစ်ခွက် ကမ်းပေးလိုက်တယ်။ ကိတ်မုန့်ဗူးကိုလည်း ဟာနာ့ပဲ ပေးထားလိုက်တယ်။
ဟာနာက ကော်ဖီတစ်ငုံသောက်လိုက်ပြီးနောက်
"ကဲ ကိတ်စားကြမယ် ကလေးရေ"
ဆိုပြီး ဗူးဖွင့်ပြီး လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေနဲ့ ကိတ်မုန့်တစ်တုံးယူလိုက်ရင်း
"ကောင်းကောင်းလည်းစားလေ"
ကျနော့်လက်မှာ စက်ဘီးလဲထားတဲ့ဒဏ်ရာနဲ့မို့ မုန့်ကို မနှိုက်ဝံ့ဖြစ်နေမိတယ်။ ဟာနာမြင်မှာစိုးလို့ ယာဘက်လက်ဖနောင့်ကို ဘယ်လက်နဲ့ အုပ်ထားရင်း
"တော်ပြီမမ...မမပဲ များများစား ကျနော်ကိတ်မုန့်မကြိုက်ဘူး"
ဟာနာက ကျနော့်ကို မသင်္ကာတဲ့ အကြည့်နဲ့ နှုတ်ခမ်းစူရင်း
" ကိတ်မုန့်စားဖို့ မင်းပဲအကြံပေးခဲ့တာကို အခုမှမကြိုက်ဘူးပြောနေတာတော့ နည်းလမ်းမကျဘူးနော်"
ကျနော်က ဘာမှပြန်မပြောဘဲ စပ်ဖြီးဖြီးလုပ်ပြရင်း ကော်ဖီငုံ့သောက်နေလိုက်တယ်။ ဘယ်လက်နဲ့ခွက်ကိုင်ထားတာကို မြင်တော့
"ကောင်းကောင်း မင်းညာဘက်လက်ပြစမ်း"
သောက်နေတဲ့ကော်ဖီတောင်သီးသွားတယ်။ တကယ်လို့ စက်ဘီးလဲတာသာ သူသိသွားရင် ကျနော့်အတွက် စိတ်မကောင်းဖြစ်ရမယ်၊ ပြီးတော့ ကျနော့်ကို သူ ဆူလိမ့်မယ်မလား။ အဲ့ဒါကြောင့်ကမန်းကတမ်းနဲ့
"မေ့နေလိုက်တာ မမကို ကျနော်ပြောစရာရှိ"
စကားမဆုံးခင်မှာပဲ
"ကောင်း ကောင်း"
မျက်မှောင်ကုတ်ရင်း ဟာနက ကျနော့်နာမည်ကို တစ်လုံးချင်း ခေါ်လာတယ်။ ကျနော်က မျက်နှာငယ်လေးနဲ့
"ဗျာ မမ"
"မင်းလက် မမကိုပြလို့ပြောနေတယ်လေကွာ"
လေသံအေးအေးလေးနဲ့ အမိန့်ပေးလာတယ်။
"ဟုတ်" ဆိုပြီး ခပ်တည်တည်နဲ့ ကောက်ဖီခွက်ကို ဘေးချပြီး ဘယ်ဘက်လက်ကို ပေးလိုက်တယ်။ ဟာနက သူ့ရဲ့ ခါးသိမ်သိမ်လေးကို လက်ထောက်လိုက်ပြီး နှုတ်ခမ်းရွဲ့လိုက်ပြီး
"ကိုကောင်းဆက်လေး ကျမကို ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့ရှင့်"
ရွဲ့တဲ့တဲ့လေသံနဲ့ ရန်တွေ့ပါလေရော။ သူ့ရဲ့ စိတ်တိုတဲ့ သဘောကျစရာပုံစံလေးကို အသည်းယားလာတာမို့ စချင်စိတ်ဖြစ်လာမိတယ်။
"မမကမှ မောင်လို့မခေါ်တာ ဘာလို့ပြရမှာလဲ"
"ဟူး...ဒီကလေးနဲ့တော့ခက်ပါတယ်"
"မခက်ပါဘူးမမရယ် တစ်လုံးထဲပဲကို ခေါ်ရလွယ်ပါတယ်"
"ကဲပါကဲပါ မောင့်ညာဘက်လက် မမကိုပြ"
ကျနော့်လက်ဖနောင့်က ဒဏ်ရာကိုမြင်တော့ ဟာနာ့ရဲ့မျက်နှာလေး စိတ်မကောင်းဖြစ်သွားတယ်။ ကျနော့်ကို မော့ကြည့်လိုက်ရင်း
" မောင်...မင်း စက်ဘီးလဲလာတာလား"
"အွန်း"
ဟာနာ့ရဲ့အကြည့်တွေ အနာဆီ ပြန်ရောက်သွားပြီး သူ့ဆံနွယ်လေးတွေကိုသူ ထုံးလိုက်ပြီးနောက်
"ပိုးသတ်ပြီး ပလာစတာကပ်ထားမှဖြစ်မယ်...မောင် မင်းကျောပိုးအိတ် မမကိုပေးစမ်း"
ပြောပြောဆိုဆိုနဲ့ ဘေးချထားတဲ့ အိတ်ကိုကောက်ယူပြီး မွှေနောက်ရှာပါတော့တယ်။
ကျနော်ကတော့ သူလုပ်သမျှသဘောကျစွာ ကြည့်နေမိတယ်။ စိတ်ကြိုက်မွှေနောက် ရှာဖွေပြီးနောက် သူ့လက်ထဲမှာ အရက်ပြန်ဗူးနဲ့ ဂွမ်းတစ်ထုတ်ပါလာပါလေရော။
ကျနော်က တအံ့တသြနဲ့
"ကျနော့်အိတ်ထဲမှာ ဒါတွေရှိတာ ကျနော်တောင်မေ့နေတယ် မမက ဘယ်လိုလုပ်သိတာတုန်း"
ဟာနက ခါးလေးကိုင်းပြီး ဂွမ်းအပေါ် အရက်ပြန်ဆွတ်ရင်း ကျနော့်ကို မော့ကြည့်ပြီး
"မင်းအိတ်က အရူးအိတ်လေကွာ အဲ့တော့ ရှိများရှိလေမလားဆိုပြီးရှာကြည့်တာပေါ့"
ပြောရင်းနဲ့ပဲ ကျနော့်လက်ဖနောင့်က ဂာဒဏ်ရာကို အရက်ပြန်ဂွမ်းနဲ့ တို့ပေးလိုက်၊ နှုတ်ခမ်းလေးစူပြီး လေမှုတ်ပေးလိုက်နဲ့ ဒဏ်ရာကို ပိုးသတ်ပေးနေရှာတယ်။ ကျနော့်အပေါ် ဂရုတစိုက်ပြုပေးနေတဲ့ ဟာနာ့ရဲ့ မျက်နှာလေးကို ဘေးကနေ ငေးရင်း ရင်ထဲမှာ ကျေနပ်ပီတိဖြစ်နေမိတယ်။ စိတ်ကျေနပ်လောက်အောင် ဆေးတို့ပြီးနောက်
" ဒီလောက်ဆိုရပါပြီ ပလာစတာကပ်ဖို့ပဲလိုတော့တယ်"
ခါးလေးပြန်မတ်လိုက်ပြီး ကျနော့်ကိုကြည့်ရင်း
"သွား မောင် ကျောင်းနားစတိုးတစ်ခုက ပလာစတာသွားဝယ်ချေ"
"ဒီလောက်ဆိုရပါပြီ မမရာ ပလာစတာက အိမ်ကျမှ ကပ်တော့မယ်လေ"
သူ ကျနော့်မျက်နှာကိုကြည့်ရင်း
"မောင်...မမကိုလက်တွဲပြီး လမ်းမလျှောက်တော့ဘူးလား"
မျက်ဝန်းညိုညိုဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်ရင်းပြောနေတဲ့ပုံစံလေးက ကြောင်ပေါက်စလေးတစ်ကောင်ရဲ့ ချွဲနွဲ့နေတဲ့ဟန်ပန်လေးလိုပဲ။ ကျနော်လွန်ဆန်နိုင်မယ် ထင်ပါသလား။
"ခနစောင့်နော်မမ ကျနော်ချက်ချင်းပြန်လာမယ်"
ကျောင်းဝန်း မျက်နှာချင်းဆိုင်က စတိုးဆိုင်ဆီကို ကျနော် အပြေးထွက်လာခဲ့မိတော့တယ်။ ကျနော်နဲ့အတူ လေပြေတချို့လည်း လမ်းတစ်လျှောက်ဖြတ်ပြေးသွားကြတယ်။ လေပြေတို့က ရေပြင်ညီအတိုင်းပြေးနေရာကနေ ရုတ်တရတ်ပင့်တက်သွားတာကြောင့် လမ်းဘေးက ပန်းပင်တချို့က ပွင့်ချပ်လေးတွေခမျာ အထက်ကောင်းကင်အမြင့်ကို လိုက်ပြေးသွားရပါတော့တယ်။ အမြင့်ကိုရောက်သွားလေ ကျောင်းဝန်းတစ်ခုလုံးနဲ့ ပတ်ဝန်းကျင်ရှိ လယ်ကွင်းတွေ၊ သစ်ပင်အုပ်တွေ၊ထန်းတောတွေ၊ လှုပ်ရှားသွားလာနေတဲ့ကျောင်းသားတွေကိုမြင်ရလေပါပဲ။
ကောင်မလေးရဲ့ အမိန့်ကြောင့် ကျောင်းဝန်းဂိတ်ပေါက်ဆီ ဦးတည်ရာ လမ်းတစ်လျှောက် အပြေးသမားတစ်ယောက်ပမာ လျင်မြန်စွာ သွားနေတဲ့ မက္ကာထရောနစ် ပထမနှစ်အတန်းက လူငယ်လေးကိုလည်း ပရွက်ဆိတ်အရွယ် မှုံပြပြလေးလောက်သာ ကောင်းကင်အမြင့်ကနေ ပွင့်ချပ်လေးတို့က မြင်တွေ့နေရပါတော့တယ်။

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now