အာရုံဦး

2 0 0
                                    

"ဒီအချိန်ကြီး ဘယ်ကနေဘယ်လိုရောက်လာတာလဲ...ကျနော့်နေရာကိုဘယ်လိုသိတာလဲ...ဒီနားမှာနေတာလား ဟာနာက"
"ခနနေပါဦးကွာ ကိုယ့်ကို အထဲဝင်ခွင့်မပြုတော့ဘူးလား.အပြင်မှာအေးတယ်ကွ"
"ဟုတ်သားဘဲ လာလာ ဟာနာ အထဲလာ"
ဟာနာကို အခန်းတွင်းဖိတ်ခေါ်ပြီးနောက် တံခါးကို အသာယာ ဆွဲပိတ်လိုက်တယ်။
"ယောက်ျားလေးအခန်းဆိုတော့ နည်းနည်းတော့ ရှုပ်ပွနေတာ သည်းခံ ဟီး.."
ဟာနက အခန်းတစ်ခုလုံးကို မျက်လုံးဝေ့ပြီး ကြည့်လိုက်တယ်။ စာအုပ်တွေ၊ အားကစားပစ္စည်းတွေ၊ မလျှော်ဖွတ်ရသေးတဲ့အဝတ်အစားတွေနဲ့ရှုပ်ပွနေတယ်။
အဝတ်တွေကို အဝတ်ခြင်းထဲ ခပ်သွက်သွက်လေး ကောက်ထိုးပြီး ဗီရိုနဲ့ နံရံကြားထဲ ကန်ထည့်လိုက်တယ်။ ကျနော့်မျက်နှာကလည်း ရှက်ကိုးရှက်ကန်းနဲ့။
"ဟားဟား ယောက်ျားလေးနေရာပဲကွာ ဒီလောက်တော့ရှိမှာပေါ့"
စာကြည့်စားပွဲကုလားထိုင်နဲ့ စားပွဲယာဘက်မှာရှိတဲ့ ကုတင်ကလွဲရင် ဧည့်ခံစရာနေရာမရှိတာမို့ ဟာနာ့ကို ကုလားထိုင်ပေါ်ထိုင်ခိုင်းဖို့တွေးလိုက်တယ်။ သိုပေမယ့် ဘာမှတောင်မပြောရသေးဘူး ဟာနာက ကုတင်အစွန်းပေါ် ထိုင်ချလိုက်တယ်။ ကျနော်လည်း ဘာမှမပြောတော့ဘဲ လေဝင်လေထွက်ကောင်းအောင် ကုတင်ခြေရင်းနံရံရှိ ဘေးဆွဲမှန်ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ အပြင်ဘက်လောကရှိ လေစိမ့်လေအေးတွေ အခန်းတွင်းကို ဝေ့ဝိုက်ဝင်ရောက် တိုက်ခတ်သွားပါတယ်။ ပြတင်းဝကနေ ဖယ်ပြီး နောက်လှည့်လိုက်တော့ ပြတင်းကတဆင့်ဝင်ရောက်လာတဲ့ သော်တာလမင်းရဲ့ ဖြူဖျော့ဖျော့အလင်းရောင်က ဟာနာရဲ့ ကိုယ်အပေါ်ပိုင်းပေါ် ဖြာဆင်းကျရောက်လျက်ရှိနေလေရဲ့။ ကျနော့်ဘက်ကို နှုတ်ခမ်းလေးကွေးရုံ ပြုံးပြီးကြည့်နေတယ်။ အလင်းပြန်မှုကြောင့် မျက်ဝန်းတွေနဲ့ နှုတ်ခမ်းဖူးလေးက စိုလဲ့တောက်ပနေတယ်။
"ဘာတွေငေးနေတာလဲ ကောင်းကောင်းရဲ့ လာ ဒီကုလားထိုင်မှာလာထိုင်"
"ဟုတ်ဟုတ်"
စိတ်ညှို့ခံထားရတဲ့ သားကောင်တစ်ကောင်ပမာ အမိန့်ပေးတဲ့အတိုင်း ကုလားထိုင်ဆီကို တစ်လှမ်းချင်း လျှောက်သွားမိတယ်။ ကုလားထိုင်ပေါ်ထိုင်ချလိုက်ရင်း
"ဟာနာ.."
"မမလို့ ခေါ်လေကွာ"
ကုတင်အစွန်းမှာ ခြေနှစ်ချောင်းချိတ်ထိုင်လျက် လက်တစ်ဖက်ကို ကုတင်ပေါ်ထောက်ထားပြီး ကျန်လက်တစ်ဖက်ကိုပေါင်ပေါ် တံတောင်ထောက်တင်ထားလျက် ပန်းသွေးရောင်သမ်းနေတဲ့ လက်ဖဝါးပေါ် မေးတင်ထားရင်း၊ မျက်လုံးလေးမှေးပြီး ဆရာကြီးလေသံနှင့် ပြောလာတော့ ကျနော်ကလည်း
"အင်းပါ အင်းပါ ကျနော် မမအကြောင်းတွေးနေတာသိလား မမသာဘေးမှာရှိနေရင် စိတ်ညစ်စရာကိစ္စတွေကို ရင်ဖွင့်လို့ရမှာပဲလို့ တွေးနေတာ"
"ကဲအခု ကိုယ်ရောက်လာပြီပဲ..ပြောပေတော့"
ချိုသာတဲ့အပြုံးလေးနဲ့ လမ်းကြောင်းဖွင့်ပေးနေတယ်။
"မမက ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ"
"ကိုယ်က ဒီနားတစ်ဝိုက်မှာ နေတာလေ...ညနေက မင်းဒီတိုက်ခန်းထဲဝင်သွားတာ တွေ့လိုက်လို့ အခု မင်းဆီလာလည်တာ"
" အရင်ရက်တွေက ဘာလို့ မမကို မတွေ့မိတာလဲ"
"ကိုယ်လျှို့ဝှက်ချက်တစ်ခုပြောပြရမလား"
"ဘာကြီးလဲ"
"တကယ်တမ်းက ကိုယ်က နတ်သမီးကွ မင်းစိတ်အဆင်မပြေတဲ့အချိန်တွေမှာပဲ ကိုယ်က အတူရှိပေးခွင့်ရှိတာ မင်းအဆင်ပြေနေတဲ့အချိန်တွေမှာ ကိုယ့်ကိုမှမလိုဘဲကို"
ရုပ်တည်ကြီးနဲ့ ပြောလာတော့ ကျနော်မထိန်းနိုင်တော့ပဲ ရယ်လိုက်မိတော့တယ်။
"ဟုတ်ပါပြီ နတ်မိမယ်လေးရယ် စိတ်မညစ်တဲ့အချိန်တွေမှာလည်း ပေါ်တော်မူလာပါဦး နော်... ကျနော်က မမနဲ့ရှိနေရရင် ပျော်တယ်ဗျ"
"ဒါဆို အမြဲတမ်း မင်းရဲ့မမဖြစ်ပေးရမလား"
စိုလဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ ကျနော့်ကို ကြည့်ရင်းမေးတယ်။ အဲ့ဒီနောက် ချက်ချင်းပဲ မျက်နှာလေး ညှိုးသွားပြီး တံတောင်ကွေးကို ကုတင်ပေါ် လက်ပြင်ထောက်လိုက်ရင်း ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး အပြင်ဘက်အာကာယံရှိ လဝန်းကြီးကို ငေးသွားတယ်။
"ဒါပေမယ့် အဲ့ဒါကလည်း မဖြစ်နိုင်ပါဘူးလေ...ကိုယ် မင်းအနားမှာ အမြဲရှိနေနိုင်မှာမဟုတ်ဘူး...ကိုယ်လည်း အချိန်တန်ရင် ထွက်သွားရမှာပဲ..."
ကျနော့်ဘက်ကို ပြန်လှည့်လာပြီး ကျနော့်မျက်နှာကို မျက်ရည်ဝဲတဲတဲနဲ့ကြည့်ရင်း အသံတိမ်တိမ်လေးနဲ့ပြောလာတယ်။ ကျနော် အံ့သြတုန်လှုပ်သွားမိတယ်။ ရင်တွင်းမှာလည်း ခံစားချက်မျိုးစုံဖြစ်လာတယ်၊ အံ့သြခြင်း၊ထိတ်လန့်ခြင်း၊ဝမ်းနည်းခြင်း စသဖြင့်ပေါ့။ ကုလားထိုင်ပေါ်ကနေ ကမန်းကတန်းထရပ်လိုက်ပြီး ကုတင်ပေါ်က ဟာနာရဲ့ ခါးသိမ်သိမ်လေးကို ဆွဲပွေ့လိုက်ပြီး ကျနော့်ရင်ခွင်အတွင်းမှာတင်းကျပ်စွာ ဖက်ထားလိုက်မိတယ်။
"အို ဘယ်လိုဖြစ်တာလဲကောင်းကောင်းရဲ့"
ဟာနာ့နှုတ်ခမ်းကနေ အံ့သြညင်သာစွာ စကားလုံးတွေထွက်လာတယ်။
"ဟာနာပြောတော့ ကျနော်တို့အတူတူ လောကအသစ်ကို သွားကြမယ်ဆို၊ ကျနော်မမြင်ဖူးသေးတဲ့ ကမ္ဘာကိုပြမယ်ဆို...ဘာကြောင့်ထွက်သွားမယ့်စကားတွေပြောနေရတာလဲ"
ခနတာမျှ နှုတ်ဆိတ်သွားပြီးနောက် ဟာနဲ့ရဲ့ နုနုညံ့ညံ့ လက်မောင်းသွယ်သွယ်လေးတွေက ကျနော့်ရဲ့ ကျောပြင်ကို ပြန်လည်ပွေ့ဖက်လာတယ်။ ကျနော့်ပုခုံးပေါ်လည်း ခေါင်းလေးမှီလို့။ ဒီရက်သတ္တပတ်လေးအတွင်းမှာ သံယောဇဥ်ချည်နှောင်ခဲ့မိပါလား။ လက်ဖဝါးနုနုလေးတွေနဲ့ ကျနော့်လက်မောင်းကိုကိုင်တွန်းရင်း ခန္ဓာကိုယ်ချင်း ဖြည်းဖြည်းသက်သာ ခွာလိုက်တယ်။
ကျနော့်မျက်နှာကို ရွှန်းရွှန်းဝေတဲ့ မျက်ဝန်းလေးတွေနဲ့ကြည့်ရင်း
"အမှန်အတိုင်းပြောရရင် ကိုယ်မင်းအပေါ်မှာ သံယောဇဥ်ဖြစ်မိတယ် ဒါပေမယ့်လည်း တွေ့ဆုံကြုံခန ခွဲခွာကြရတာ လောကသဘာဝပဲလေကွယ် အတူရှိနေတုန်းခနမှာ ကိုယ့်စကားကို ကိုယ်တည်မှာပါကွ"
"တော်ပြီဗျာ ခွဲခွာတဲ့စကား.."
"တော်ပြီ ကောင်းကောင်း..မမစကားနားထောင်...လာ အခုထိုင်"
ညင်သာတဲ့လေသံလေးနဲ့ အမိန့်ပေးလာတော့ မလွန်ဆန်နိုင်ဘဲ ပြောစကားအတိုင်း လိုက်နာမိရတယ်။ ကျနော့်လက်ကို ပိုးသားလိုနုညံ့တဲ့ သူ့လက်ဖဝါးလေးတွေနဲ့ဆုပ်ကိုင်ထားရင်း
"ကဲ မမကိုပြောပါဦး..မင်း ပြောပြချင်နေတာတွေ အများကြီးရှိတယ်ဆို"
"ဟုတ်သားပဲ"
ကျနော့်လက်ကိုလွှတ်လိုက်ပြီး မူလပုံစံအတိုင်း ကုတင်ပေါ် ခြေချင်းချိတ်ထိုင်ပြီး ကျနော့်မျက်နှာကိုကြည့်ရင်း ကျနော်ပြောမယ့်စကားကို စိတ်ဝင်တစားစောင့်နေလေရဲ့။ ကျနော်ကြုံတွေ့ဖြစ်ပျက်သမျှကိုပြောပြနေသမျှ ပြုံးပြုံးလေးနားထောင်နေရှာတယ်။ ဘာဝေဖန်မှုမှမပြုဘဲ တစ်ချိန်လုံး ခေါင်းလေးညိတ်ပြီး နားထောင်နေတယ်။ အချိန်အတော်ကြာပြီးနောက် ပြောစရာတွေကုန်သွားတော့ မတ်တပ်လေးရပ်ပြီး ကျနော့်ခေါင်းကို သူ့လက်လေးနဲ့ သာသာယာယာပွတ်ရင်း
"ကဲ မိုးလည်းချုပ်လှပြီကောင်းကောင်း မမပြန်တော့မယ် ကောင်းကောင်းလည်းအိပ်တော့...
အားလုံးအဆင်ပြေသွားမှာ ဘာမှအတွေးတွေလွန်မနေနဲ့ နော် ဂွတ်ဒ်နိုက်...ကဲ လာ မမကို တံခါးလိုက်ဖွင့်ပေး"
တံခါးပေါက်ဆီ သွားမယ်အလုပ် ဟာနာ့ရဲ့လက်ဖျားလေးတွေကို လှမ်းဆွဲထားလိုက်မိတယ်။
"မိုးချုပ်ပြီမမ ဒီမှာပဲအိပ်လိုက်ပါလား မမက ကုတင်ပေါ်မှာအိပ်လေ ကျနော်က ကြမ်းပြင်ပေါ် ကော်ဇောခင်းပြီးအိပ်လိုက်မယ်"
ဟာနာက အံ့သြသွားဟန်ဖြင့်
"မကောင်းပါဘူး ကောင်းကောင်းရယ် မင်းက ကြမ်းပြင်ပေါ်အိပ်ရမယ်လို့ မဖြစ်ပါဘူးကွာ"
"အားမနာပါနဲ့ ကျနော်ကရတယ် မသွားပါနဲ့ ဒီမှာပဲအိပ်လိုက်ပါ"
ပြောပြောဆိုဆိုနဲ့ ဟာနာ့ကို ကုတင်ပေါ် ညင်ညင်သာသာလေး ဆွဲတင်လိုက်ပြီး ဟာနာစိတ်ပြောင်းသွားမှာစိုးလို့ ခပ်သွက်သွက်လေး ဗီရိုထဲက ကော်ဇောတစ်ချပ်ထုတ်ယူပြီး ကြမ်းပြင်ပေါ်ဖြန့်ခင်းလိုက်တယ်။ ဟာနာအတွက် ခေါင်းဦးအပိုနဲ့ စောင်အပိုတွေထုတ်ယူပြီး ကုတင်ပေါ်က ကျနော်သုံးနေကျတွေနဲ့ လဲပေးပြီး ကျကျနနထားပေးလိုက်တယ်။
"ရပြီမမ အိပ်လို့ရပြီ ဘာမှအားမနာနဲ့နော်"
ဟာနာက မေးထောက်ပြီး ပြုံးပြုံးကြီး ကျနော့်ကိုကြည့်နေရင်း
" မင်း ဘာလို့ မမကိုမပြန်စေချင်တာလဲ ပြောပါဦး"
"မိုးချုပ်ပြီမို့ စိတ်...မချ..လို့"
"အဲ့လိုလား ဟားဟား ဟုတ်ပါပြီကွာ"
"အဆင်ပြေတယ်မလား"
"မမလည်း မသိဘူးလေကွာ..ညကျမှ မင်းက မမကို မတော်တလျော်ကြံရင် ဘယ်လိုလုပ်ကြမလဲ"
ဟာနာက ပြုံးစိစိနဲ့ပြောတယ်။
"ဟာ....မဟုတ်တာဗျာ...ကျနော်က အဲ့လိုလူစားမျိုးမဟုတ်ပါဘူး..,ကျနော့်အသက်နဲ့ကျိန်ဆိုဝံ့ပါတယ်ဗျာ"
"ဟားဟားဟား ကိုယ်က မင်းကိုနောက်တာပါကွာ မင်းကို ကိုယ်သိပါတယ်"
ကျနော်ရှက်လည်းရှက် ဒေါသလည်းဖြစ်သွားပြီး
"တော်ပြီဗျာ မနောက်နဲ့ အဲ့လို"
ကျနော် စိတ်ဆိုးသွားမှန်းသိတော့
"စိတ်မဆိုးပါနဲ့ ကောင်းကောင်းရယ် မမက ကိုယ့်မောင်လေးကိုယ် ချစ်လို့စတာပါကွ"
ချော့လိုက်မှ ကျနော်လည်း စိတ်ပြေသွားတယ်။
"ပြီးရော အဲ့ဒါဆို"
ပြောပြောဆိုဆိုနဲ့ ကော်ဇောပေါ်ပစ်လှဲလိုက်တယ်။
"ကဲ အဲ့လိုဆို ကျမ ရှင့်ကို စိတ်ချမယ်နော် ကိုကောင်းဆက်လေးရှင့်"
အခုထိ ရွှတ်နောက်နောက်လေသံနဲ့ ကျနော့်ကို လှမ်းနောက်နေတုန်းပဲ။ ကျနော်ကလည်း ဟန်ဆောင်စိတ်ဆိုးတဲ့လေသံနဲ့
"ဟွန်း"
ဟာနာလည်း ကုတင်ပေါ်လှဲလိုက်ရင်း
"ကဲ သီချင်းလေးဖွင့်ပါဦး လူရိုးသားကြီး မောင်တော်ကောင်းဆက်ရဲ့"
ဇာတ်သံကနားသံနဲ့ ပြောလာတော့ ကျနော်ရယ်ချင်သွားတယ်။ မှင်ကို ပြန်ထိန်းလိုက်ရင်း
"ဘာသီချင်းများ နားဆင်ချင်ပါသလဲ နှမတော် ဟာနာရဲ့"
"နှမတော်ဟာ လူ့ပြည်လူ့ဘောင်မှာ အချစ်နဲ့မကင်းကွာနိုင်တဲ့ ပုထုဇဥ်လူသားတစ်ယောက်ပေမို့ မေတ္တာတေးလေးများ ဖွင့်ပေးတော်မူပါ မောင်တော်"
"ကောင်းပါပြီး နှမတော်"
နှစ်ယောက်သား အတိုင်အဖောက်ညီညီနဲ့ ရွှတ်နောက်နေကြရင်း အော်ဟစ်ရယ်မောမိကြတယ်။ ဟာနာဟာ တကယ်ကို နာမည်နဲ့ လူနဲ့ ပလဲနံပသင့်ပါပေတယ်။ လူကို စိတ်ရွှင်လန်းစေတဲ့ ပန်းလေးတစ်ပွင့်ပါပဲ။ကိုယ့်နေရာမှာကိုယ် ပက်လက်လှဲနေရင်း နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ပြုံးရင်း ကြည့်နေမိကြတယ်။
သူနဲ့သာ အရင်တွေ့ဆုံခဲ့မိရင် သိပ်ကောင်းမှာပဲဗျာ။ သူဟာ ကြမ်းတမ်းခက်ထန်တဲ့ လောကဓံကန္တာရအလယ်မှာ စိမ်းစိုလှပ အေးမြစေတဲ့ တစ်ခုတည်းသောအိုအေစစ်ကလေးပါပဲ။ ရွှန်းလဲ့ပြီး တောက်ပတဲ့ သူ့မျက်ဝန်းလေးတွေကို ကျနော်သိပ်သဘောကျတာပဲ။ ကျနော် ကြိုးစားကြည့်သင့်လား။
"ဟာနာ"
ကျနော့်မျက်နှာကိုကြည့်နေရင်း ပြန်ဖြေတယ်။
"အွန်း ကောင်းကောင်း"
"ကျနော်လေ...မမကို သဘောကျနေမိပြီထင်တယ်"
ဟာနာရဲ့မျက်နှာလေး တစ်ဖက်ကိုလှည့်သွားတယ်။ ကျနော် ထိတ်လန့်သွားတယ်။
" မမ ကျနော်လေ မမကို မလေးမစားလုပ်တာမဟုတ်ပါဘူး...မမအပေါ်မှာ မရိုးသားတဲ့စိတ်ထားရှိနေတာလည်း မဟုတ်ပါဘူး"
ကျနော့်ဘက်ကို ကျောပေးပြီး လှဲရင်း စကားပြန်ပြောတယ်-
" မမသိပါတယ်ကွ မမပင်ပန်းနေလို့ပါ အိပ်ရအောင်လေကွာ"
"ကျနော်တောင်းပန်ပါတယ်ဗျာ မမ စိတ်ဆိုးသွားလား"
ဘာမှပြန်မပြောတော့ဘဲ နှုတ်ဆိတ်သွားတယ်။
ကျနော်လည်း သူ့ကို ကျောပေးလိုက်ရင်း
"ငါကိုက အသုံးမကျတာပါကွာ ငါကိုကမှားတာ မပြောသင့်တာတွေပြောမိတာ"
နှုတ်ကနေ တီးတိုး ရေရွတ်နေမိတယ်။
ကုတင်ပေါ်ကနေ ဆင်းလာတဲ့အသံကြားမိလို့ လှည့်ကြည့်လိုက်တော့၊ ဟာနာက ကျနော့်ဘေးမှာ တင်ပါးလွှဲထိုင်ချလိုက်တယ်။ ကျနော်လည်း ချက်ချင်းထလိုက်ပြီး သူ့ရဲ့ လက်မောင်းသွယ်သွယ်လေးတွေကိုအသာအယာဆုပ်ကိုင်ထားလိုက်ရင်း
"မမ ကျနော့်ကို စိတ်ဆိုးသွားလား ကျနော် တောင်းပန်"
စကားမဆုံးခင်မှာပဲ ကျနော့်နှုတ်ခမ်းကို သူ့ရဲ့လက်ညှိုးရှည်ရှည်သွယ်သွယ်လေးနဲ့ လှမ်းပိတ်လိုက်တယ်။
" မမစိတ်မဆိုးပါဘူးကွာ...မင်းကိုယ်မင်း အပြစ်တွေ မတင်ပါနဲ့"
"အဲ့ဒါဆို ဘာဖြစ်လို့ မျက်နှာညှိုးသွားတာလဲ"
ဟာနာက ခေါင်းလေးအောက်ငုံ့ပြီး
"မမက မင်းဘေးမှာ အမြဲတမ်းရှိလို့ရမှာမဟုတ်ဘူး ကောင်းကောင်းရဲ့ သိရဲ့လား...အရာတိုင်းမှာ ကန့်သတ်ချက်ဆိုတာရှိနေတယ်"
သူဘာတွေ ပြောနေတာလဲ၊ ကျနော်နားမလည်ဘူး။
"မမ ကျနော့်အနားမှာ ဘယ်အချိန်ထိပဲ ရှိရှိဗျာ..အတူတူရှိနေတုန်းမှာ မမပြောခဲ့သလို အမှတ်တရကောင်းတွေ အများကြီးဖန်တီးကြမယ်၊ မမထွက်သွားတဲ့အချိန်ကျရင်လည်း မှတ်ဥာဏ်ကောင်းတွေကို တစ်သက်လုံး ရင်မှာပိုက်ပြီး ကျန်နေခဲ့မယ်...ထွက်တော့မသွားစေချင်ပေမယ့်လို့ပေါ့"
ဟာနာ့ရဲ့မျက်နှာလေး ငုံ့နေရာကနေ ပြန်မော့လာပြီး ဖျော့တော့တော့ အပြုံးလေးနဲ့
"ဟားဟား မင်းက လူလည်ပဲ"
ကျနော်ကလည်း ပြုံးရင်း
" ကြိုးစားကြည့်ချင်လား မမ"
ကျနော့်မျက်နှာကိုကြည့်ရင်း ရွှန်းဝေတဲ့အပြုံးလေးနဲ့ ခေါင်းညိတ်ရင်း
"အင်း"
ကျနော် ဝမ်းသာအားရ ဖက်ထားလိုက်မိတယ်။
"အို..."
ရုန်းလည်းမရုန်း ငြင်းလည်းမငြင်း ကျနော့်ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးရှိနေတယ်။
လက်မောင်းလေးကိုကိုင်ပြီး ပြန်ခွာလိုက်ရင်း
"မနက်ဖြန် ကျနော်တို့ ဖက်စ်တ်ဒိတ်ကြမလား မြို့ထဲလျှောက်သွားကြမယ်လေ၊ ကော်ဖီဆိုင်လည်းသွားကြမယ်၊ ရုပ်ရှင်ရုံလည်းသွားကြမယ်၊ ဘုရားလည်းသွားကြမယ်၊ အိုဗျာ...အစုံ အနှံ့သွားကြရအောင်"
"နေပါဦး ကိုကောင်းဆက်ရဲ့ နက်ဖန် ကျောင်းရှိတယ်လေ"
" မသွားတော့ဘူးဗျာ"
"မရဘူး သွားရမယ်"
"တော်ပါပြီဆို"
"သွားရမယ်လို့ပြောနေတာကို ဒီကလေး...မမစကားကိုနားမထောင်ဘူးဆိုရင် မမက မင်းဘေးမှာ မနေတော့ဘူးနော်"
"ဟာဗျာ မမကလည်း"
"ကဲပြော သွားမှာလား မသွားဘူးလား"
တစ်ယောက်မျက်နှာတစ်ယောက် နီးကပ်စွာကြည့်ရင်း အပြန်အလှန်ပြောဆိုနေခဲ့ကြတယ်။
"မသွားဘူး"
"ဟေ့ကောင် ကောင်းဆက်"
စိတ်ဆိုးတဲ့မျက်နှာပေးနဲ့ နှုတ်ခမ်းလေးရွဲ့ရင်း ကျနော့်ကိုရန်တွေ့တယ်။
ကျနော့်နှလုံးခုံသံတွေ နှစ်ဆကျော်အထိ မြင့်တက်ခဲ့ရတယ်။
" မောင်လို့ခေါ်ရင် သွားမယ်ဗျာ ဟီးဟီး"
"ဟာ ဒီကောင် ဥာဏ်နီဥာဏ်နက်တွေနဲ့"
"ဟာ ဒီအမကြီး တွဲမှမတွဲရသေးဘူး အမိန့်တွေ ပေးနေတယ်"
ကျနော်က ပြောင်ချော်ချော်လုပ်နေတော့ ဟာနာ စိတ်ဆိုးလာပါလေရော။
"ဘာလဲ မင်းက မကျေနပ်ဘူးလား"
"ကျေနပ်ပါတယ် ဟီးဟီး"
"ဟွန်း ပြီးရော အာ့ဆိုနက်ဖန်ကျောင်းသွားရမယ်...မင်း ကျောင်းအားတဲ့အချိန်ကျမှ မင်းဆီကို မမလာခဲ့မယ်... ခါတိုင်းနေရာမှာ ကော်ဖီသောက်ကြမယ်ဟုတ်ပြီလား...အဲ့ဒါ မမတို့ ဖက်စ်တ်ဒိတ်ပဲ"
"အာ့ဆို ဘာစားကြမလဲ မမရဲ့"
" ကိတ်မုန့်နဲ့ဆို ကွက်တိပဲ"
"အိုကေ မနက်ဖန်ကျောင်းမသွားဘူး ဟီးဟီး"
"ဒီကောင်ကွာ"
"ပြောပြီးပြီပဲကို မမရာ...မမနဲ့ လျှောက်လည်ချင်တာပါဆို မမ ဘယ်လိုပြောပြော နက်ဖန် ကျောင်းမသွားဘူး..."
"ဟူး...."
ကျနော်က ပြောမရဆိုမရမို့ထင်ပါရဲ့ သက်ပြင်လေးချသွားတယ်။
"မောင်ကတော့ကွာ"
ဒီတစ်ခါမှာတော့ ကျနော့်ရင်ခုန်သံတွေ လေးငါးခြောက်ဆထိ ထိုးတက်သွားခဲ့ပြီးတော့ ကြက်သီးမွေးညင်းတွေပါ တဖြင်းဖြင်းထခဲ့ရတော့တယ်။ ဟာနာ့ကို ချက်ချင်း ကောက်ပွေ့လိုက်ပြီး
"ဟဲ့...အို...ဒီကောင်လေး"
ကျနော့်လက်မောင်းတွေပေါ်က ဟာနာ့ကို ငုံ့ကြည့်ရင်း
"နက်ဖြန်ကျောင်းသွားမယ် စာကောင်းကောင်းလိုက်ကြည့်မယ် လန့်ချ်တိုင်းမ် ဆင်းရင် မမနဲ့အတူ ကော်ဖီသောက်မယ်...ဒါကြောင့်စောစောအိပ်မယ်"
ဟာနာက ချစ်ရွှန်းဝေတဲ့ မျက်ဝန်းလေးတွေနဲ့ ကျနော့်ကို မော့ကြည့်နေရှာတယ်။ နှုတ်ခမ်းလေးက ကြည်နူးစွာ ပြုံးလျက်။
"ဒါမှ မမရဲ့မောင်လေး"
ကုတင်ပေါ် အသာအယာချပေးပြီး ချမ်းမှာစိုးလို့ စောင်လေးခြုံပေးလိုက်တယ်။ အခန်းမီးကို မှိတ်ပြီး ကျနော့်နေရာဖြစ်တဲ့ကြမ်းပြင်ပေါ် လဲလျောင်းလိုက်ပြီး
"ကောင်းသောညလေးပါ မမ"
"အိပ်ရေးဝပါစေ မောင်"
စောင်ကိုကိုက်ပြီး မျက်စိတ်တွေမှိတ်လိုက်တော့တယ်။ ရင်ထဲမှာတော့ သံစုံတီးခတ်နေလေရဲ့။ သေချာတာတစ်ခုကတော့ နှစ်ယောက်လုံးရဲ့ရင်ထဲမှာ ကြည်နူးမှုတွေနဲ့ နှစ်ယောက်သား ပြုံးပျော်နေကြမယ်ဆိုတာပါပဲ။

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now