နေမင်းရဲ့နွေးထွေးမှုအောက်မှာ ခိုလှုံခြင်း

4 1 0
                                    

ကျောင်းရဲ့အရှေ့ဘက်ခြမ်းရှိ ဘောလုံးကွင်းကနေ ကျောင်းဂိတ်ပေါက်ရှိတဲ့ အနောက်ဘက်အခြမ်းအထိ ပြေးခဲ့ရတော့ ကျောင်းရှေ့က စတိုးဆိုင်ကိုရောက်တဲ့အခါမှာ ကျနော် ဟောဟဲဆိုက်နေပြီ။ အနာကပ်ပလာစတာ သုံးခုနဲ့ ရေသန့်အေးတစ်ဗူးဝယ်ပြီး ဆိုင်ရှေ့က တန်းလျားခုံမှာ ရေသောက်ရင်း ခနတဖြုတ် နားရတော့တယ်။ ဘောင်းဘီအိတ်ကပ်ထဲရှိ ဆေးလိပ်ဗူးကို ထုတ်ယူပြီး တစ်လိပ်ဖွာရှိုက်နေလိုက်တယ်။ မောနေတဲ့အချိန် ဆေးလိပ်သောက်လိုက်ရင် အမောပြေသွားသလိုလို ခံစားရတာမို့ပါ။ ကျောမှီကိုမှီချလိုက်ရင်း ဆေးလိပ်ဖွာနေတုန်း
"ဟျောင့်ကောင်းကြီး"
နာမည်ခေါ်သံကြားလို့ ခါးမတ်ပြီး ကြည့်လိုက်တော့ ကျော်သီဟနဲ့ ကိုမြင့်ဘုန်း။
"ဘယ်ကလာကြတာတုန်း ထိုင်ကြပါဦး"
သူတို့နှစ်ယောက်ကို ဖိတ်ခေါ်လိုက်ပြီး ဆေးလိပ်တစ်လိပ်စီထုတ်ပေးလိုက်တယ်။ ကျော်သီဟက ဆေးလိပ်ဖွာရင်း
"ငါတို့က ထမင်းစားပြီးလို့ အအေးလာဝယ်တာ...မင်းကိုယ်မင်းလည်းကြည့်ပါဦး ချွေးတွေကိုရွှဲလို့ ဘယ်လိုဖြစ်တာတုန်း"
ကျနော်ကလည်း နောက်ကိုမှီလိုက်ပြီး ကောင်းကင်ပေါ်မော့ကြည့်ရင်း
"မဟေသီရဲ့အမိန့်ကြောင့်ပေါ့ကွာ ငါ့မှာဘောလုံးကွင်းကနေ ဒီအထိပြေးလာရတာ"
ကျနော့်အဖြေစကားကြောင့် ကျော်သီဟက အံ့သြသွားတဲ့ အကြည့်နဲ့
"ဟ ဘာလဲ...ဝါဆိုဝတ်ရည်နဲ့ပြန်အဆင်ပြေသွားတာလား"
ကျော်သီဟအမေးစကားကြောင့် ကိုမြင့်ဘုန်းက မဲ့ပြုံးပြုံးရင်း ကြားဖြတ်ပြီး ဝင်ပြောတယ်။
"ဟ ရည်းစားသစ်နေမှာပေါ့ဟ...ငကောင်းကိုအထင်သေးလို့"
ကိုမြင့်ဘုန်းစကားကြောင့် ကျနော်က အော်ရယ်လိုက်မိတယ်။
"တကယ်ပါပဲ ကိုမြင့်ဘုန်းရယ် အထင်တွေစွတ်ကြီးမနေပါနဲ့ဦးဗျာ"
ကျနော့်စကားကြောင့် နှစ်ယောက်လုံး ကြောင်သွားတယ်။ ကျော်သီဟက မျက်မှောင်ကုတ်လိုက်ရင်း
"ဘယ်လိုတုန်းဟ မင်းဟာက"
သူ့အမေးစကားကို ကျနော်က ပြုံးပြလိုက်ရင်း
"ကိုမြင့်ဘုန်းပြောတာမှန်တယ် ငါကောင်မလေးတစ်ယောက်နဲ့တွဲနေတယ်"
ကျနော့်စကားကြောင့် ကျော်သီဟ မျက်လုံးပြူးသွားတယ်။ ကိုမြင့်ဘုန်းက
"ငါပြောပါတယ် ကျော်ကြီးရာ"
ကျော်သီဟက ကျနော့်ကိုကြည့်ရင်း
"ဘယ်သူလဲဟ ကံဆိုးတဲ့ကောင်မလေးက"
ကျနော်က ရယ်လိုက်ရင်း
"ဟာနာတဲ့...ဂျပန်လို ပန်းလေးတစ်ပွင့်ပေါ့ကွာ"
ကိုမြင့်ဘုန်းက ကျောမှီချလိုက်ပြီး ကောင်းကင်ပေါ် မော့ကြည့်လိုက်ရင်း
"ဒီတစ်ခါတော့ မင်း စောက်သည်းမကွဲပါစေနဲ့တော့ကွာ"
ကျော်သီဟကလည်း ကိုမြင့်ဘုန်းစကားကို ထောက်ခံလိုက်တယ်။
"အေးကွာ ကောင်းကြီး ကိုမြင့်ဘုန်းပြောတဲ့အတိုင်းပဲကွာ..."
ကျနော်က ပြုံးပြလိုက်ရင်း မျက်နှာရှေ့တည့်တည့်ရှိ လူသွားလမ်းပေါ်က သွားလာလှုပ်ရှားမှုတွေကို ငေးနေလိုက်မိတယ်။ ပြီးနောက် ကုန်ခါနီးဆေးလိပ်ကိုဖွာပြီး တောက်ထုတ်လိုက်တယ်။ မီးခိုးငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း
"နောက် ကြုံရင်မိတ်ဆက်ပေးမယ်လေ...ဒါနဲ့ မင်းတို့သိလား...ငါ့မမက သိပ်လှတာကွ ဟဲဟဲ"
အောင်နိုင်သူတစ်ယောက်လေသံနဲ့ ပြောရင်း နေရာကနေထပြီး ကျောင်းထဲကို ပြန်ပြေးလာခဲ့တယ်။ ပင်မကျောင်းဆောင်ရှေ့ကနေ ဖြတ်ပြေးလာခဲ့ပြီး ကျောင်းဝန်း အရှေ့ဘက်အခြမ်းရှိ ထရပ်ကားနားကို ရောက်ခါနီးတော့ သောက်ထားတဲ့ ဆေးလိပ်အရှိန်ကြောင့် ထပ်ပြီး မောဟိုက်လာတော့တယ်။
ကားနားရောက်လို့ သေချာကြည့်မိတော့ ကောင်မလေးနှစ်ယောက် ထရပ်ကားနောက်ခြမ်းမှာ ခြေတွဲလောင်းချပြီး ထိုင်နေကြတာကိုတွေ့လိုက်ရတယ်။ တစ်ယောက်က ကျနော် သိပ်နှစ်သက်သဘောကျရတဲ့ အမျိုးသမီး၊ သူ့ရဲ့ ဘယ်ဘက်မှာထိုင်နေတာကတော့ ကျနော် အရမ်းနှစ်သက်သဘောကျခဲ့ရတဲ့ မိန်းကလေး။ သူတို့ကတော့ ဟာနာနဲ့ ဝတ်ရည်ပါပဲ။ ချွေးသံရွှဲရွှဲနဲ့ ကြောင်ငေးကြည့်နေမိတုန်းမှာပဲ
"လာလေ မောင်"ဆိုပြီး ဟာနာက ရွှန်းရွှန်းဝေတဲ့ အပြုံးအေးအေးလေးက လှမ်းခေါ်တယ်။ ဟာနာ့ရဲ့မျက်ဝန်းတွေထဲမှာ ကျနော့်ကိုမျှော်နေတဲ့ အရိပ်အငွေ့တွေကို မြင်လိုက်ရတယ်။ ဒါပေမယ့် ကျနော့်ကိုမြင်လိုက်လို့ထင်ပါရဲ့၊ သူ့ရဲ့မျက်ဝန်းလေးတွေက ရွှန်းလဲ့တောက်ပနေလေတယ်။ မောဟိုက်နေတာတွေ ချက်ချင်းပျောက်ရှသွားပြီး လူတစ်ကိုယ်လုံးကို လန်းဆန်းသွားသလိုပဲ။ ကျနော်ကလည်း သူ့ကိုပြန်ပြုံးပြရင်း ခေါင်းငြိတ်လိုက်တယ်။ သူတို့ရှိရာကို ဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ်။
"ဆောရီးနော်မမ ကျနော်နည်းနည်းကြာသွားတယ်"
"ရပါတယ်ကွ...မမက ဒီမှာ ဝတ်ရည်နဲ့စကားပြောနေတော့ အချိန်ကိုတောင်သတိမထားလိုက်မိဘူး"
ကျနော်လည်း ဝတ်ရည်ရဲ့မျက်နှာကိုကြည့်လိုက်ရင်း
"ဝတ်ရည်က နေ့လည်စာစားခဲ့ပြီလား"
ကျနော့်အမေးစကားကြောင့် ဝတ်ရည်က သတိရသွားဟန်ဖြင့်
"ဟယ် ဟုတ်သားပဲ မေ့နေလိုက်တာ"
ဟာနာက
"မမလည်း မေ့လိုက်တာကွယ် ဒီမှာ ကိတ်မုန့်ရှိတယ်..စားသွားဦး နော် ညီမလေး"
ဝတ်ရည်က ခေါင်းခါပြလိုက်ရင်း
"တော်ပြီမမ ညီမက ကိတ်မုန့်မကြိုက်ဘူး"
ပြောပြောဆိုဆိုနဲ့ ကားပေါ်က ဆင်းပြီး ကျနော့်ကို ကြည့်လိုက်ရင်း မပြောမဆိုနဲ့ လက်မောင်းကို သူ့လက်သီးလေးနဲ့ လှမ်းထိုးတယ်။
"ကောင်စုတ် ရည်းစားရသွားတာတောင် မပြောပြဘူး"
ဝတ်ရည်ရဲ့ ရန်တွေ့မှုကြောင့် ကျနော်ရယ်လိုက်မိတယ်။ အခုထိ ချစ်စရာကောင်းနေတုန်းပါပဲလား။ ဟာနာ့ဘက်ကိုလှည့်ကြည့်လိုက်မိတော့ ကျနော်တို့နှစ်ယောက်ကိုကြည့်ရင်း ဟာနာက ပြုံးနေတယ်။ ဝတ်ရည်က ဟာနာ့ကို ပြုံးပြရင်း
"မမ...ညီမသွားတော့မယ်နော်"လို့ နှုတ်ဆက်ပြီး ထွက်သွားတယ်။ ကျနော်က ဝတ်ရည်ရဲ့ကျောပြင်ကို လှမ်းကြည့်လိုက်ရင်း အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းလိုက်မိတယ်။ ဟာနာ့ဘက်ကို ပြန်လှည့်လိုက်ပြီး၊ ဟာနာ့ရဲ့ဘယ်ဘက် လက်ဖဝါးဖြူဖြူနုနုလေးကို ကျနော့်ရဲ့ဘယ်ဘက်လက်နဲ့ အသာယာဆုပ်ကိုင်လိုက်ရင်း ဘေးကို ဝင်ထိုင်လိုက်တယ်။
"မမ ကျနော့်ကို စိတ်မဆိုးပါဘူးနော်"
ဟာနာက မျက်လုံးလေးမှေးပြီး ကျနော့်မျက်နှာကိုပြုံးပြီးကြည့်းင်း
"မမက ဘာကိုစိတ်ဆိုးရမှာလဲ မောင်ရဲ့"
"အခုအခြေအနေကိုပေါ့"
ကျနော့်ရဲ့ အင်္ကျီအိတ်ကပ်ထဲက ပလာစတာကို လှမ်းနှိုက်လိုက်ပြီး၊
ခေါင်းလေးငုံ့ပြီး ကျနော့်လက်ဖဝါးကို ပလာစတာကပ်ပေးရင်း
"ဘာစိတ်ဆိုးစရာရှိလို့လဲမောင်ရဲ့"
ကျနော် ဟာနာ့ကို ကြည့်ရင်းပြုံးနေမိတယ်။ ဟာနာကလည်း ခေါင်းလေးပြန်မော့လာပြီး ကျနော့်ကိုကြည့်ရင်း ညင်ညင်သာသာလေး ပြုံးနေတယ်။ ဘာစကားမှမပြောဖြစ်ကြဘဲ တစ်ယောက်အတွေးတစ်ယောက်နားလည်စွာနဲ့ မတိုင်ပင်ရဘဲ တစ်ယောက်လက်တစ်ယောက်တွဲပြီး ဘောလုံးကွင်းဘေးပတ်ပတ်လည် လမ်းတစ်လျှောက် ထွက်လာခဲ့ကြတယ်။ဟာနာရဲ့ လက်ဖဝါးလေးဟာ ဝါဂွမ်းလေးလို နူးညံ့အိစက်နေလေရဲ့။ လက်ထဲကနေ လွတ်ထွက်မသွားရလေအောင် မြဲမြံစွာဆုပ်ကိုင်ထားမိတယ်။ ဟာနာက ကျနော့်ကိုကြည့်ရင်း "မောင်...မင်း မမကို လက်လွှတ်လိုက်ရမှာ အဲ့လောက်တောင်ကြောက်လား"
ကျနော်လည်း ကျနော့်လက်ယာဘက်ရှိဟာနာ့ကို ကြည့်လိုက်ရင်း
"ဖြစ်နိုင်ရင် ကလေးလေးတစ်ယောက်လို ကျနော့်ရင်ခွင်ထဲမှာပဲအမြဲဖက်ထားချင်တာ"
ကျနော့်စကားကြောင့် ဟာနာက ခစ်ခနဲရယ်လိုက်ပြီး အံ့သဩသယောင်ယောင် ပြောင်ချော်ချော်မျက်နှာပေးနဲ့ ကြည့်လိုက်ရင်း
"မမက ကလေးလေးဟုတ်လို့လား"
ကျနော်ကလည်း ရုပ်တည်ကြီးလုပ်ပြီး
"ကိုကိုလို့ ခေါ်ကြည့်လေ"
ကျနော့်စကားကြောင့် ဟာနာ ဟန်မဆောင်နိုင်ဘဲ ရယ်ပါတော့တယ်။ ရယ်မောရင်းနဲ့ပဲ
"ကိုကောင်းဆက်လေးနော် ရှင် လူကြီးတော်တော်ဖြစ်ချင်နေ"
ကျနော်ကလည်း ရုပ်တည်ကြီးနဲ့ပဲ
" ကျနော်လူကြီးဖြစ်မှပဲ မမက ကျနော့်စကားနားထောင်မှာလေ...အခုက ကျနော်ကပဲ မမစကားနားထောင်နေရတယ် ဟွန်း"
ဟာနာ့ခမျာမှာ အရယ်တောမသတ်နိုင်ရှာတော့ပဲ ဖြစ်နေတော့တယ်။ ကျနော်လည်း ဆက်လက်ပြီး ရုပ်တည်မထားနိုင်တော့ဘဲ အတူတူ ရယ်မောလိုက်မိတော့တယ်။
ဟာနာက ရယ်မောနေရာကနေ ချက်ချင်းရုပ်တည်လိုက်ပြီး၊ ခါးထောက်လိုက်ပြီး မျက်စောင်းလေးထိုးရင်း
"ဘာလဲ ရှင်က မကျေနပ်ဘူးလား"
ကျနော်က ဘာမှပြန်မပြောဘဲ မျက်နှာလွှဲလိုက်ပြီး ကိုယ့်ဖာသာကိုယ် ရေရွတ်သလို ဟန်နဲ့
"မကျေနပ်တော့ရော ဘာတတ်နိုင်မှာကျလို့"
ရေရွတ်ပြီး လက်နောက်ပစ်လိုက်ရင်း လမ်းဆက်လျှောက်သွားလိုက်တယ်။ နောက်မှာကျန်ခဲ့တဲ့ ဟာနာက ရွှင်မြူးစွာ ရယ်လိုက်ရင်း ပြေးလိုက်လာပြီး၊ ယေးခနဲအော်ပြီး ကျနော့်ကျောပေါ်ခုန်တက်လိုက်တယ်။ ရုတ်တရတ်ဆိုတော့ ကျနော်လည်းအနည်းငယ်ယိုင်သွားတာမို့ ကိုယ်ဟန်ကို ပြန်ထိန်းလိုက်ပြီး ကျောပေါ်ကနေ ကျနော့်ခါးကိုခွထားတဲ့ ဟာနာ့ရဲ့ ခြေသလုံးလေးတွေကို မြဲမြံစွာ သိမ်းဖက်ထားလိုက်ရတယ်။ ဟာနာက ကလေးအသံလေးလုပ်ပြီး
"ကိုကို ကလေးကို ကျောပိုးကုန်း"ဆိုပြီး ချွဲချွဲနွဲနွဲပြောတော့ ကျနော့်ရင်တွေ သိမ့်သိမ့်တုန်သွားတယ်။ အသည်းတွေယားပြီး ကြက်သီးမွေးညင်းတွေထခဲ့ရတယ်။
ဒီကောင်မလေးဟာ အလွန်ရင့်ကျက်ပြီး လူကြီးဆန်ပေမယ့် တစ်ခါတစ်လေမှာတော့ ကလေးတစ်ယောက်လိုပြုမူတတ်ပါလားလို့ တွေးမိပြီး ပိုမိုသဘောကျ နှစ်သက်လာမိတော့တယ်။ ဟာနာ့ကို သေချာစွာ ကုန်းပိုးလိုက်ရင်း လေသံတည်တည်နဲ့
"ဒီကောင်မလေးကတော့လေ...သေချာကိုင်ထားနော် ဟုတ်ပြီလား" ပြောပြီး ကျောပိုးရင်း ဘောလုံးကွင်းဘေးလမ်းတစ်လျှောက် လမ်းလျှောက်ခဲ့တော့တယ်။ ဟာနာက ကျနော့်လည်ပင်းကို နောက်ကနေ သိုင်းဖက်ထားလျက် ကျနော့်ကျောပြင်ပေါ် ပါးနုနုလေးကို မှီအပ်ထားလိုက်ရင်း
"မောင်"
"ဗျာ"
"မမလေ...ဝတ်ရည်က မောင့်အပေါ် ပိုင်စိုးပိုင်နင်းတွေပြောနေတုန်းက ဟန်မပျက်နေခဲ့ပေမယ့် မမရင်ထဲမှာသိပ်ကို သဝန်တိုခဲ့ရတယ် သိလား"
"ဗျာ...ခုနတုန်းကလား"
"အွန်း"
ဟာနာ့လေသံက ဝမ်းနည်းတဲ့ပုံပေါက်နေတာမို့ ကျနော်စိတ်မကောင်းဖြစ်သွားမိတယ်။ လမ်းလျှောက်ရင်း အနောက်ရှိ ဟာနာ့မျက်နှာလေးနဲ့ ကျနော့်မျက်နှာ နီးကပ်သွားရလေအောင် ခေါင်းကို ဘေးလှည့်လိုက်ပြီး
"ကျနော့်ကို သူဘယ်မှာပိုင်လို့လဲမမရဲ့ ကျနော်က မမဘေးမှာ အတူတူရှိနေတာပဲမဟုတ်ဘူးလား"
ဟာက မျက်လွှာလေးချလိုက်ပြီး အသံတိုးတိုးလေးနဲ့
"ဒါပေမယ့် မမလည်း မောင့်ကိုမပိုင်ဘူးလေကွာ"
ကျနော်အံ့သြသွားမိပြီး
"ဘာလို့အဲ့လိုတွေးမိတာလဲ မမရဲ့"
ဟာနာက လေသံတိုးတိုးလေးနဲ့ပဲ
"မမတို့က ရည်းစားတွေပဲလေကွာ ချစ်သူတွေမှမဟုတ်တာ...ပြီးတော့ ချစ်သူတွေဖြစ်သွားကြရင်တောင် တစ်ဦးကိုတစ်ဦး မပိုင်ကြဘူးလေကွာ"
မျက်နှာကို ရှေ့ပြန်မူလိုက်ပြီး ကောင်းကင်ပေါ် ငေးမောကြည့်နေမိတယ်။ ကောင်းကင်ကြီးက ပြာလဲ့စွာ လှပနေလျက်။ ငှက်တချို့ တိမ်စိုင်တိမ်လိပ်တွေအောက်မှာ ပျံသန်းကူးခတ်နေကြတယ်။
"မမ"
ကျနော်ခေါ်လိုက်တော့ ညင်သာတဲ့အသံလေးနဲ့ "ရှင်"ဆိုပြီး ထူးတယ်။
"မမ ကျနော့်အပေါ်မှာ သံယောဇဥ်သိပ်ကြီးမာနေပြီမလား"
"မောင်က ဘယ်လိုထင်လို့လဲ"
သစ်ပင်အရိပ်အောက်ရောက်တော့ လမ်းလျှောက်နေတာကိုရပ်လိုက်ပြီး ဟာနာ့ကို ကျောပေါ်ကနေ ညင်သာစွာချပေးလိုက်တယ်။ ဟာနာက နှုတ်ခမ်းလေးကိုက်ထားရင်း ခေါင်းလေးငုံ့လိုက် ကျနော့်မျက်နှာကိုမော့ကြည့်လိုက်နဲ့လုပ်နေရှာတယ်။ ဟာနာ့ရဲ့ပုခုံးလေးနှစ်ဖက်ကို ညင်သာစွာဆုပ်ကိုင်ထားလိုက်ရင်း
" မမ"
ကျနော်ခေါ်လိုက်တော့ ခေါင်းလေးမော့လာပြီး ကျနော့်မျက်နှာကို အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေနဲ့ကြည့်ရင်း
"ရှင်"
" ကျနော် မမကို သိပ်ပြီးလေးစားရသလို သိပ်ပြီးလည်း သဘောကျနှစ်သက်ရတယ်...မမ ကျနော့်အနားမှာရှိနေရင် ကျနော့်ကိုယ်ကျနော် ယုံကြည်မှုရှိပြီး သိပ်လည်း ပျော်တာပဲ"
ဟာနာက ခေါင်းလေးပြန်ငုံ့သွားပြီး
"အင်း"
ကျနော်ကဆက်ပြီး
" မမ ကျနော့်တိုက်ခန်းကိုရောက်လာတဲ့ညကလေ ဆွယ်တာမီးခိုးရောင်လေးဝတ်ထားခဲ့တယ်မလား"
ဟာနာက ခေါင်းလေးမော့လာပြီး
"အင်း"
"တဖြည်းဖြည်းနဲ့ ကျနော် အဲ့ဒီဆွယ်တာလေးကို မနာလိုမိလာတယ်သိလား...ကျနော်လေ မမ ချမ်းနေတဲ့အချိန်မှာ နွေးထွေးမှုပေးချင်တယ်၊ အဲ့ဒီဆွယ်တာလေးလိုပဲ မမရဲ့ ခန္ဓာကိုယ်လေးကို သိုင်းခြုံပြီးဖက်ထားချင်မိတယ်၊ မမကို လုံခြုံမှု အပြည့်အဝပေးချင်တယ်...ကျနော်လေ မမရဲ့ ဆွယ်တာအင်္ကျီလေးဖြစ်ချင်မိတယ်"
ဟာနာက ကျနော့်ကိုကြည့်ရင်း သူ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေဝဲလာတာကို မြင်လိုက်ရတယ်။
"ကျနော်မသိလိုက်ခင်အချိန်မှာပဲ မမအပေါ်မှာ သိပ်တွယ်တာမိနေပြီ...အဲ့ဒါဘာလို့လဲသိလား"
တစ်စထက်တစ်ဝေ့ဝဲလာတဲ့ မျက်ရည်တွေကြောင့် အရောင်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ ကျနော့်ကိုကြည့်ရင်း တုန်ယင်နေတဲ့အသံလေးနဲ့
"ဘာလို့လဲမောင်"
ကျနော်က ဟာနာ့မျက်နှာရှေ့မှာဝဲကျနေတဲ့ ဆံနွယ်စလေးတွေကို နားရွက်ဖြူဖြူနုနုလေးတွေနောက် သပ်တင်ပေးလိုက်ပြီး ဟာနာ့ရဲ့ မျက်ဝန်းလေးတွေကိုစိုက်ကြည့်လိုက်ရင်း
"ဒီတိုတောင်းတဲ့အချိန်ကာလလေးအတွင်းမှာ ကျနော်မမကို သိပ်ချစ်မိနေပြီမမ"
ကျနော့်ခံစားချက်တွေကို သိုဝှက်ထားခြင်းမရှိပဲ အလုံးစုံထုတ်ဖော်ပြောလိုက်မိတော့တယ်။
ဟာနာ့ရဲ့မျက်ဝန်းအိမ်ကနေ မျက်ရည်တို့စီးကျလာတယ်။ ဝမ်းနည်းမျက်ရည်တော့ ဟုတ်မယ်မထင်ပါဘူး။ ကြည်နူးမှုကြောင့် ဝေကျလာတဲ့ ဝမ်းသာမျက်ရည်တွေဖြစ်ပါလိမ့်မယ်။ ဘာကြောင့်ဒီလိုပြောနိုင်တာလဲဆိုတော့ မျက်ရည်တွေအောက်မှာ သူ့နှုတ်လေးက အပေါ်ကိုကွေးပြီး ကြည်နူးစွာ ပြုံးနေခဲ့လို့ပါပဲ။

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now