သူဟာ ပဟေဠိ

12 1 0
                                    

"Beep...Beep...Beep"
နှိုးစက်အသံကြောင့် ကျနော်နိုးလာတယ်။ ၇နာရီတောင်ထိုးပြီပဲ။ အိပ်ရာထ လုပ်စရာရှိတာတွေလုပ်ရင်း မနေ့ကအကြောင်းကို ပြန်တွေးနေမိတယ်။ ကျနော့်အသည်းတွေ ကြေမွခဲ့တယ်။ပြီးနောက် ကော်ဖီဆိုင်မှာ ဘယ်ကမှန်း ဘယ်သူမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်နဲ့ဆုံတယ်။ ကိုယ်ကသာမသိပေမယ့် သူ့အတွက်ကတော့ ကိုယ်က ငယ်ပေါင်းကြီးဖော်တစ်ယောက်လိုပုံစံ။ မိနစ်ပိုင်းလောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေခဲ့ကြရာကနေ ရုတ်တရတ်ထပြီး "မင်း အနည်းငယ်တော့ အဆင်ပြေသွားပြီမလား...ကိုယ်သွားတော့မယ်...နောက်မှဆုံတာပေါ့" ဆိုပြီး ထထွက်သွားခဲ့တာ။
ကျနော့်မှာက ဘာမှပြန်မပြောနိုင်ဘဲ အအကြီးလိုပဲနှုတ်ဆိတ်နေပြီး လှည့်ထွက်သွားတဲ့သူ့ကျောပြင်လေးကိုပဲ ငေးကြည့်နေခဲ့မိတယ်။ အတွေးတွေကိုလက်စသတ်လိုက်ရင်း ကျောင်းသွားဖို့ပြင်ဆင်ရတော့တယ်။ စာအုပ်တွေ ဘောပန်တွေကို အိတ်ထဲထည့်ရင်း အပြာရောင်ဘောပန်လေးတစ်ချောင်းကို သတိထားမိသွားတယ်။ ဝါဆိုဝတ်ရည်နဲ့ ပထမဆုံးချိန်းတွေ့မှုတုန်းက နှစ်ယောက်သားအတူတူ ဗလာစာအုပ်တစ်အုပ်ထဲမှာ စာတွေလျှောက်ရေးခဲ့ကြတဲ့ ဘောပန်လေးပါလား။ စာအုပ်လေးရော ဘောပန်လေးပါ အခုထိ သိမ်းထားမိတုန်းပါပဲ။ ထိုအရာတွေကို အိတ်ထဲကထုတ်ပြီး သံသေတ္တာဘူးလေးထဲမှာ အသေအချာသိမ်းလိုက်တယ်။
အဝတ်အစားလဲပြီးနောက် တိုက်ခန်းအောက်ကိုဆင်းလာခဲ့တယ်။ စက်ဘီးစတန်းက စက်ဘီးကိုထုတ်ပြီး ကျောင်းရှိရာ မိုးညင်းသံဗုဒ္ဓေဘက်ကို ဦးတည်စီးနင်းလာခဲ့တယ်။ မုံရွာမြို့တွင်းကနေ နည်းပညာတက္ကသိုလ်ကိုရောက်ဖို့ကအနည်းဆုံး လေးဆယ့်ငါးမိနစ်လောက်စီးနင်းရဦးမယ်။ နားကျပ်လေးတပ် သီချင်းဖွင့်နားထောင်ရင်းစီးနင်းလာခဲ့တယ်။ သီချင်းသုံးလေးပုဒ်အပြီးမှာ ကျနော်နဲ့ဝတ်ရည်ရဲ့သီချင်းဖြစ်တဲ့ ချာလီပုသ်ရဲ့ ဝမ်းခေါအဝေးသီချင်းအလှည့်ရောက်လာတယ်။ အမှတ်တရတွေကြောင့် ကျနော့်မျက်ရည်စို့လာတာမို့ စက်ဘီးကိုလမ်းဘေးချရပ်ပြီး နားကျပ်ဖြုတ်လိုက်တယ်။
မနေ့က အပြန်လမ်းမှာ စတိုးတစ်ခုက ဝယ်ခဲ့တဲ့ စီးကရက်ဗူးကို ထုတ်ယူပြီး တစ်လိပ်ထုတ်ဖွာရှိုက်လိုက်တယ်။ မီးခိုးငွေ့တွေနဲ့အတူ သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်မိတယ်။ အချိန်လေးက သုံးလတာမျှဆိုသော်ငြားလည်း သံယောဇဥ်က တော်တော်ချည်နှောင်ခဲ့မိပါလား။ ဒီလိုနဲ့ကျောင်းကိုရောက်လာခဲ့တယ်။ စက်ဘီးစတန်းမှာ စက်ဘီးထားပြီး ပင်မကျောင်းဆောင် တတိယထပ်ရှိ မက္ကာထရောနစ် ပထမနှစ်စာသင်ခန်းရှိရာကို တက်ရောက်လာခဲ့တယ်။ မနက်ပိုင်းစာသင်ချိန်သုံးခုကုန်ဆုံးပြီးနောက် အားလပ်ချိန်ရောက်လာတာမို့ အတန်းထဲက သူငယ်ချင်းတွေနဲ့ ကန်တင်းကိုထွက်လာခဲ့တယ်။
စားသောက်ဖွယ်ရာတွေမှာယူပြီး၊ စားပွဲတစ်ခုမှာ နေရာယူပြီး ထွေရာလေးပါးတွေပြောကြတယ်။ ကျနော်ကတော့ အစားအသောက်ကိုမထိဖြစ်ဘူး။ အလွတ်ရနေတဲ့ဖုန်းနံပါတ်လေးတစ်ခုကိုကြည့်ရင်း ခေါ်ရကောင်းနိုးနိုးနဲ့ ချီတုံချတုံဖြစ်နေတယ်။
"ကောင်းကြီး ဟေ့ကောင်ကောင်းကြီး"
စားပွဲဝိုင်းအတွင်းက သငယ်ချင်းတစ်ယောက်ရဲ့ခေါ်သံကြောင့် ကျနော်သတိဝင်သွားတယ်။
"အေး ပြောငါ့ကောင်"
"ခုနက ကန်တင်းအလာမှာ ကျောင်းပြင်လမ်းမှာ မင်းစော်ကို ဆေဗယ်က ဝက်မည်းရဲ့ဆိုင်ကယ်နောက်မှာ ဖက်ပြီးလိုက်သွားတာတွေ့လိုက်တယ်ဟ ဘယ်လိုဖြစ်ကြတာတုန်း"
ကျနော့်ရင်ထဲမှာ စူးခနဲအောင့်သွားတယ်။
ကျနော့်ဆိုင်ကယ်နောက်က ထိုင်လိုက်ခဲ့တိုင်း လူမြင်ရင်ရှက်လို့ဆိုပြီး ခါးကိုတစ်ခါမှမဖက်ခဲ့ဖူးတဲ့ကောင်မလေးကို အခုလိုမြင်လိုက်တယ်ဆိုတဲ့စကားက ကျနော့်ရင်ဝကို ခွါဖိနပ်နဲ့ဆောင့်နင်းလိုက်သလိုပါပဲ။
"မသိပါဘူးကွာ"
ကျနော်ဘာမှမပြောနိုင်ဘဲ ခေါင်းကိုအောက်ငုံ့ပြီး ဖုန်းမျက်နှာပြင်ကိုပဲ တွေတွေကြီးစိုက်ကြည့်နေမိတယ်။ ဘယ်လိုမှဟန်မဆောင်နိုင်တော့တာမို့-
"ငါခေါင်းကိုက်နေလို့ လေသွားရှူလိုက်ဦးမယ်ကွာ"
ပြောပြီးထွက်လာခဲ့တယ်။ ကျောင်းဘောလုံးကွင်းဘက်ကိုလမ်းလျှောက်လာခဲ့မိတယ်။နှုတ်ခမ်းမှာ စီးကရက်နှစ်လိပ်ပူးခဲထားလျက်။
ဘောလုံးကွင်း ပရိတ်သတ်ခုံတွေဆီရောက်တော့ ကျနော့်ပါးတစ်ဝိုက်က စေးကပ်ကပ်ဖြစ်နေပြီ။ ဘေးနားက မြက်ခင်းပြင်ပေါ်ကိုပစ်လှဲလိုက်တယ်။ ကျနော်မခံစားချင်တော့ဘူး။ သုံးလေးလစာ မှတ်ဥာဏ်တွေကို ခေါင်းထဲကနေဖျက်ပစ်လို့ရရင် ဖျက်ချင်နေပြီ။ သူ့ကိုမုန်းလို့မဟုတ်ပါဘူး။ မုန်းလည်းမမုန်းနိုင်ပါဘူး။ သူ့ကို အခုထိ အရမ်းနှစ်သက်မြတ်နိုးနေမိတုန်းပါပဲ။ သူ့ကိုရင်ခွင်ထဲဆွဲသွင်းထားပြီး သူက ငါ့အပိုင် ဘယ်ကောင်မှ လာမထိနဲ့ဆိုပြီး တစ်လောကလုံးကိုရော သူ့ကို ယီးတီးယားတားလုပ်နေသမျှကောင်တွေကိုရော လက်ညိုးထိုးပြီး ကြေညာပစ်ချင်မိတုန်းပါပဲ။
ဒါပေမယ့် သူက အစကတည်းက ကျနော့်ဘက်မှာမှ ရှိမနေခဲ့တာပဲ။ မျက်လုံးမှိတ်ပြီး ဆေးလိပ်မီးခိုးတွေကိုမှုတ်ထုတ်လိုက်တယ်။
"မင်းက မီးခိုးခေါင်းတိုင်လားကွ"
ကျနော့်ရဲ့ယာဘက်ကနေ အသံတစ်ခုထွက်လာတယ်။ မိန်းကလေးအသံ၊ မနေ့က မိန်းကလေးရဲ့အသံ။ ဟာနာများလားဆိုပြီးမျက်လုံးဖွင့်ကြည့်လိုက်တယ်။ ကြည်လဲ့လဲ့မျက်ဝန်းတွေနဲ့ ပြုံရုံလေးပြုံးရင်း ကျနော့်ကိုငုံ့ကြည့်နေတယ်။ တကယ်ကို သူပါပဲ။ ကျနော်ဝမ်းသာအားရ ထထိုင်လိုက်တော့ ကျနော့်ဘေးမှာ တင်ပါးလွှဲထိုင်နေတဲ့ သူမနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတယ်။
"ဒီမှာကျောင်းတက်နေတာလား ဘယ်လိုလုပ်ဒီနားကိုရောက်လာတာလဲ ဘယ်မေဂျာကလဲ အခုကရော နားချိန်မို့အပြင်ထွက်လာတာလား"
မေးခွန်းတွေ တရစပ်မေးလိုက်မိတယ်။
"မင်းရဲ့မေးခွန်းတွေကများလိုက်တာကွာ ကိုယ်တစ်ခုပဲဖြေမယ်...ဘယ်မေးခွန်းကိုဖြေရမလဲပြော"
"ကျနော့်ဘေးကိုဘလိုရောက်လာတာလဲ"
"ကိုယ်ကဒီဘက်ကို လမ်းလျှောက်လာတာ...ခပ်လှမ်းလှမ်းကနေ မင်းကိုမြင်လိုက်လို့ မင်းဆီရောက်လာတာပဲ"
" ကျနော်မှန်းဘလိုသိလဲ"
" ကျောင်းမှာ မင်းလောက်အရပ်ရှည်တဲ့သူက လက်ချိုးရေလို့ရတယ်ကွ...ပြီးတော့ မီးခိုးခေါင်းတိုင်လို ဆေးလိပ်သောက်နေတာလေ မင်းကလွဲပြီးဘသူဖြစ်ဦးမှာလဲ"
နေစမ်းပါဦး။ နေ့ခင်းပူခြောက်ခြောက်ကြီးမှာ ဘောလုံးကွင်းဘက်ကို ဘယ်သူက လမ်းလျှောက်ထွက်မှာလဲ။ပြီး အဖော်မပါဘဲတစ်ယောက်တည်း။
"ကိုယ်အမှန်အတိုင်းပြောပြရမလား"
"ဗျာ"
"အင်း ဒီဘက်ကလူရှင်းလို့ ကိုယ်က ဆေးလိပ်လာသောက်တာကွ"
ကျနော်အံ့သြသွားတယ်။ ဆေးလိပ်သောက်တတ်တဲ့မိန်းကလေးတွေကို ဇာတ်လမ်းတွေထဲမှာပဲအများစုမြင်ဖူးခဲ့တာ။
အပြင်မှာ မြင်ဖူးတဲ့ မိန်းကလေးတွေကလည်း လူအထင်ကြီးအောင် ဆိုရှယ်ကျအောင် ပေါ်ပင်ဖြစ်အောင် တဖူးဖူးမှုတ်ပြီး ဟန်လုပ်သောက်တဲ့သူတွေချည်းပဲ။ သူကရော ဟန်သမားပဲလား။ အဲ့လိုသာဆိုရင်တော့ ကျနော်အထင်သေးမိမှာအမှန်ပဲ။ ကျနော်တွေးနေတုန်း သူက ဘေးလွယ်ကြိုးတပ် အိတ်အသေးလေးကိုဖွင့်ပြီးတစ်ခုခုရှာနေတယ်။ စိတ်ရှုပ်သွားဟန်ဖြင့် ကျနော့်ဘက်လှည့်လာပြီး_
"ကောင်းကောင်းရေ ကိုယ်တော့စီးကရက်ဗူးမေ့ခဲ့ပြီထင်တယ်ကွာ ကိုယ့်ကိုတစ်လိပ်လောက်ပေးပါဦး"
ကျနော်လည်း ကြောင်အမ်းအမ်းနဲ့ ဗူးထဲကထုတ်ပေးလိုက်မိတယ်။
ပြီးမှတွေးလိုက်မိတာက ကျနော်သောက်နေတဲ့ဟာတွေက ယောက်ျားတစ်ယောက်အတွက်တောင် အတော်အသင့်ဆေးပြင်းတယ်။ သူသောက်ဖို့အဆင်ပြေမယ်မထင်ဘူး။ ကဲပါလေ သူက တဖူးဖူးမှုတ်ရုံလောက်ဖွာမှာပဲဟာ။ ရှိုက်မှာမဟုတ်တော့ အဆင်ပြေမှာပါ။ ကျနော့်ရဲ့ လိမ္မော်ရောင် ခရစ်ကတ်မီးခြစ်လေးကိုထုတ်ပြီး မီးတို့ပေးလိုက်တယ်။ ကျနော့်မျက်စိရှေ့မှာတင် စီးကရက်ကို သူ့ရဲ ရှည်ပြီးသွယ်လျတဲ့ လက်ညိုးနဲ့လက်ခလယ်ကြားထဲမှာ ညှပ်ထားရင်း နှုတ်ခမ်းဖျားနဲ့တေ့ပြီး အပြည့်အဝရှိုက်သွင်းလိုက်တယ်။ ကျနော်မျက်လုံးပြူးသွားတယ်။
မီးခိုးငွေ့တွေကို တစ်လုံးတစ်ထွေးကြီး မှုတ်ထုတ်လိုက်ရင်း
"ကောင်းကောင်း မြင်လား ကိုယ်ဖန်တီးလိုက်တဲ့ တိမ်လိပ်တွေ...မလှဘူးလား"
ကျနော့်ဘက်ကိုလှည့်ကြည့်ရင်း ကလေးငယ်တစ်ယောက်လိုပြုံးရွှင်နေတဲ့မျက်နှာနဲ့ ကျနော့်ကို ပြောလာတယ်။
"အင်း တော်တော်လှတာပဲ"
ကျနော်ပြောလိုက်တော့ သူ့နှုတ်ခမ်းလေးက အပေါ်ကိုကွေးပြီး မျက်လုံးလေးတွေ ပေါ်ရုံလောက်မှေးသွားရင်း ပြုံးသွားတယ်။ သူဖန်တီးလိုက်တယ်ဆိုတဲ့ တိမ်တွေဘက်ကိုပြန်ပြီး မျက်နှာမူသွားတယ်။ ဘေးကမြင်နေရတဲ့ မျက်နှာပေါ်မှာ နှာတံလေးကစင်းနေတယ်။ ကျနော် ငေးနေခဲ့မိတယ်။ ကျနော့်ရဲ့ဘဝထဲကို ပဟေဠိများစွာနဲ့ဝင်ရောက်လာခဲ့တဲ့ ကောင်မလေး။ ကျနော့်ဘက်ကို မျက်နှာမူလာပြီး မေးခွန်းတစ်ခုကို မေးလာတယ်။
" မင်းကိုယ့်ကို စိတ်ဝင်စားနေပြီလား"

ပန်းတစ်ပွင့်နှင့် နိုးတစ်ဝက်အိပ်မက်Where stories live. Discover now